ကိုယ့်ကို စိတ်အားဖြင့်နာကျင်စေတဲ့သူတွေ…..

လောကမှာ လူတိုင်း နှလုံးသားထဲကနေ နင့်နင့်နဲနဲ နာကျင်ဖူးမှာပါ၊ အကြောင်းအမျိုးမျိုးနဲ့ပေါ့။ ချစ်ခြင်းမေတ္တာကြောင့်နာကျင်ရတာတွေ၊ မိဘဆွေမျိုးအသိုင်းအဝန်းကြောင့် နာကျင်ဖူးတာတွေ၊ ပတ်ဝန်းကျင်ကလူတွေကြောင့် နာကျင်ရတာတွေ၊ ကိုယ့်ကိုဖိနှိမ်သူတွေကြောင့်နာကျင်ရတာတွေ မျိုးစုံကြုံဖူးကြမှာပါ။ အဲဒီလို နာကျင်ရတဲ့အခါ တုံပြန်ပုံက အမျိုးမျိုးကွဲပြားကြပါတယ်။ တစ်ချို့က နာကျင်သွားသလို ပြန်တုံ့ပြန်တတ်ပါတယ်။ တစ်ချို့ကတော့ မသိချင်ယောင်ဆောင်နေလိုက်တာမျိုး၊ တစ်ချို့ကတော့ မှတ်ထားပြီး တစ်နေ့တွေ့မယ်ဆိုတာမျိုး စသည်ဖြင့် လူတွေပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲပြီး တုံ့ပြန်မှုရှိကြမှာပါ။


စိတ်အားငယ်မှုအခြေခံရှိတဲ့သူတစ်ချို့ကျပြန်တော့ နာကျင်မှုခံစားရတဲ့အပြင် စိတ်အားငယ်ခြင်း၊ ဝမ်းနည်းခြင်း၊ သိမ်ငယ်ခြင်းတွေပါ ခံစားရပြီး အရှုံးသမားတစ်ယောက်လိုအထင်ရောက်သွားတတ်ပြန်ပါတယ်။
လူဆိုတာမျိုးက နဂိုထဲက အတ္တကြီးတတ်သူမို့ ချက်ချင်းခွင့်လွှတ်လိုက်ဖို့ဆိုတာတော့ မဖြစ်နိုင်လောက်ပါဘူး။ အဲဒါကြောင့် ချက်ချင်းခွင့်လွှတ်လိုက်ပါလို့လည်း မတိုက်တွန်းချင်ပါဘူး။ ဒါဆိုရင် ကိုယ့်ရင်ထဲနာကျင်နေတာတွေကို ဘယ်လိုလုပ်သင့်သလဲ။ နာကျင်အောင်လုပ်တဲ့သူကို ပြန်ပြီး နာကျင်အောင်လုပ်လိုက်ရင်ကော ကိုယ့်ရင်ထဲက နာကျင်မှုတွေပျောက်သွားမှာတဲ့လား။ အဲလိုလည်း မပျောက်နိုင်ပြန်ပါဘူး။ အဲဒီ့တော့ နာကျင်မှုကို ခွန်အားအဖြစ်ပြောင်းလဲပစ်လိုက်ပါ။ နာကျင်မှုကို နာကျင်မှုအဖြစ်နဲ့ချည်း ဆက်ပိုက်ထားမယ်ဆိုရင် သင်ပဲ နာကျင်မဆုံးဖြစ်နေမှာပါ။ မေ့ပစ်လိုက်ဖို့ကလည်း ဘယ်မေ့နိုင်ပါ့မလဲ….ကိုယ်ကနာကျင်ရတဲ့သူကိုး။
အဲဒီ့တော့ နာကျင်မှုကို ခွန်အားအဖြစ်ပြောင်းလဲပစ်လိုက်ပါ။ သင်က မျက်နှာမရှိငမွဲမို့ ဖြတ်သွားတဲ့သင့်ချစ်သူကြောင့် နာကျင်ရတဲ့ နာကျင်မှုကို နောင်တစ်ချိန် နေရာတစ်ခုမှာ အောင်မြင်နေတဲ့သူအဖြစ်နဲ့ ပြန်ပြီးတွေ့နိုင်အောင် ကြိုးစားပြမယ်ဆိုတဲ့စိတ်နဲ့ နာကျင်မှုကိုခွန်အားအဖြစ်ပြောင်းလဲပစ်လိုက်ပါ။
သင့်ကို မျက်နှာမွဲ ငမွဲမို့ ဘယ်နေရာမှ မျက်နှာသာမပေးတဲ့ ဆွေမျိုးအသိုင်းအဝန်းတွေကြောင့် နာကျင်ရတဲ့နာကျင်မှု့ကို တစ်နေ့ သူတို့ကိုယ်တိုင် ငေးမောအားကျရတဲ့အောင်မြင်သူဖြစ်အောင် ကြိုးစားပြမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားမယ်ဆိုတဲ့ခွန်အားအဖြစ်ပြောင်းလဲပစ်လိုက်ပါ။
သင်က ဘာမှမတတ်သေးလို့ အောက်ကျခံပြီး သင်ယူပေမယ့် ဘာမှမတတ်တဲ့သူအဖြစ် ဖိနှိမ်ပြီး ချိုးဖဲ့ဆက်ဆံတဲ့သူတွေကြောင့် နာကျင်ရတဲ့နာကျင်မှု့ကို သူတို့ထက် အတတ်ပညာပေါင်းများစွာ ဆယ်ဆမက တတ်မြောက်ကျွမ်းကျင်သူဖြစ်အောင် ကြိုးစားပြမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားဖို့ ခွန်အားအဖြစ်ပြောင်းလဲပစ်လိုက်ပါ။
အမျိုးမျိုးသော နာကျင်မှုတွေကို အမျိုးမျိုးသောခွန်အားတွေအဖြစ်ပြောင်းလဲပစ်လိုက်ပါ။ ကြိုးစားမှုတွေကြားမှာပဲ နစ်မြုပ်ပစ်လိုက်တဲ့အခါ သူတို့ကိုယ့်ကိုနာကျင်စေခဲ့တဲ့နာကျင်မှုကိုလည်း ဆက်လက်ပြီး နာကျင်ဖို့ အချိန်မရှိတော့ပါဘူး။ ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့စိတ်ကြောင့်လည်း ကိုယ်က အချိန်တစ်ခုမှာ နေရာတစ်ခုရလာနိုင်ပါတယ်။ (ပြန်ကလဲ့စားချေဖို့ဆိုလိုချင်တာမဟုတ်ပါဘူးနော်။ ) ကိုယ့်နာကျင်မှုကို ကိုယ့်အတွက် နေရာတစ်နေရာရလာဖို့ခွန်အားအဖြစ်ပြောင်းလဲအသုံးချဖို့ပြောပြတာပါ။ နာကျင်မှုဆိုတာက သင့်ဘဝတိုးတက်ပြောင်းလဲဖို့ စွမ်းအင်ပါပဲ။ အချိန်တစ်ခုရောက်လို့ သင်လည်း နေရာတစ်နေရာရောက်ရမယ်ဆိုရင် မတန်ဘူးလား။ အဲဒီ့အခါ သင့်ကို စိတ်အားဖြင့်နာကျင်စေခဲ့သူတွေကို ပြန်လည်ဆုံတွေ့ရတဲ့အခါ သင့်နာကျင်မှုတွေကို ပြန်စဉ်းစားကြည့်ပါ။ နာကျင်ရတာနဲ့ ဘယ်လောက်တန်သလဲဆိုတာ သင်သိလာပါလိမ့်မယ်။ အဲဒီ့အချိန်ကျမှ သင့်ကိုနာကျင်စေသူတွေကို ကျေးဇူးတင်စွာပြုံးပြလိုက်ပါ။ အဲဒီ့အချိန်မှာ အောင်မြင်စွာ သင်ပြုံးလာနိုင်ပါလိမ့်မယ်။
တကယ်တော့ သင့်ကို စိတ်အားဖြင့်နာကျင်စေခဲ့သူတွေက သင့်ဘဝကို တိုးတက်စေခဲ့သူတွေဖြစ်အောင် နာကျင်မှုမှန်သမျှကို သင့်ဘဝအတွက် ခွန်အားအဖြစ်ပြောင်းလဲပြီး ကောင်းကောင်းကြီးအသုံးချလိုက်ပါတော့နော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။