ထင်သလိုဆွဲတွေးတတ်တဲ့လူတွေအတွက် ကျေနပ်အောင်မကြိုးစားနိုင်ပါဘူး။

မြန်မာလူမျိုးတွေက တပါးသူရဲ့ကိစ္စဆို အရမ်းစိတ်ဝင်စားတတ်ပါတယ်ဆိုရင် သဘောတူကြမလားမသိဘူးနော်။ အကုန်လုံးကိုတော့မဆိုလိုပါဘူး၊ ဒါပေမယ့် မတိုးတက်တဲ့လူတော်များများဟာ ကိုယ့်ဘဝတိုးတက်ဖို့ဘာတွေဖြည့်ဆည်းကြိုးစားသင့်သလဲဆိုတာထက် အခြားလူတွေရဲ့အမှားနဲ့အပြစ်ကိုချည်းလိုက်စိတ်ဝင်စားတတ်တာကိုတွေ့ရပါတယ်။


အခြားလူတစ်ဘောက်ယောက်ရဲ့ personal ကိစ္စတွေကအစ လိုက်စိတ်ဝင်စားနေပြီး အပြစ်ပြောနေရတာနဲ့တင် သူတို့ဘဝကအချိန်ကုန်နေတတ်ကြပါတယ်။ အဲဒါကြောင့်လည်း သူတို့ဘဝက တိုးတက်မှုနှေးကွေးကြတာပါပဲ။
ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလိုလူတွေနဲ့ရင်ဆိုင်ရတဲ့အခါ ကိုယ့်ရဲ့ကောင်းခြင်းဆိုးခြင်းတွေကို အာရုံစိုက်ခံရပါလိမ့်မယ်။ အဲဒီ့အခါ ကိုယ့်ကို သတိထားမိနေမှန်းသိလာတဲ့ကိုယ်ကလည်း ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး “သူတို့ငါ့ကိုဘယ်လိုထင်မလဲ”ဆိုတဲ့အတွေးမျိုးတွေ ဆယ်ခါမှ တစ်ခါလောက်တော့တွေးမိပါလိမ့်မယ်။ အဲဒီ့အခါ ကိုယ့်ရဲ့နေထိုင်မှုက ဘယ်လိုမှ မလွတ်လပ်သလိုခံစားလာရပါလိမ့်မယ်။
တကယ်လို့များ သင့်ပတ်ဝန်းကျင်မှာ အဲဒီလိုလူတွေနဲံကြုံရတဲ့အခါ သင်တွေးလိုက်ရမှာတစ်ခုထဲပါပဲ။ “ထင်သလိုဆွဲတွေးတတ်တဲ့လူတွေအတွက် သင်ဘယ်တော့မှ ကျေနပ်အောင်မကြိုးစားနိုင်ပါဘူး” ဆိုတာပါပဲ။ သူတို့က သင်ထိုင်နေလည်း ထိုင်နေလို့ အပြစ်ရှာပြောမှာပဲဖြစ်သလို၊ သင်ထနေလည်း ထနေလို့ အပြစ်ရှာမှာပါပဲ။ အဲဒါကိုမှ သင်က သူတို့နှုတ်ဖျားကထွက်တဲ့စကားကို အလေးထားပြီး သင့်ကိုယ်သင်အကောင်းဆုံးဖြစ်အောင် ဘယ်လောက်နေထိုင်ပါစေ
၊ အပြစ်မြင်တတ်တဲ့လူအတွက်ကတော့ အပြစ်ချည်းပဲမြင်နေမှာပါ။

သင်ပြန်တွေးကြည့်လိုက်ပါ၊ အခြားသူရဲ့စိတ်တိုင်းကျအောင် သင်လိုက်ပြီးနေထိုင်နေမယ်ဆိုရင် အခြားသူရဲ့စိတ်နဲ့လူလုပ်နေသလိုဖြစ်နေမှာပါ၊ အဲဒါအပြင် သူ့စိတ်နဲ့ ကိုယ့်စိတ်မတူတဲ့အတွက်ကြောင့်ကို သူကောင်းတယ်လို့ထင်ပေမယ့် ကိုယ်က ကောင်းတယ်လို့ထင်ချင်မှထင်မှာပါ။ သူကဆိုးတယ်လိုထင်နေပေမယ့် ကိုယ်ကကောင်းတယ်လိုထင်ချင်လည်းထင်နေနိုင်တာပါပဲ။ အဲဒီ့အတွက် သင်က သင့်ဘက်ကအတတ်နိုင်ဆုံး အကောင်းဆုံးအပြစ်မရှိအောင်နေပေမယ့် သူ့အတွက် သင်က perfect ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒါကြောင့် တပါးသူရဲ့ကျေနပ်မှုရအောင် သင်လိုက်ပြီးမကြိုးစားနိုင်ပါဘူး။

အထူးသဖြင့် သင့်ပတ်ဝန်းကျင်မှာ အဲဒီလိုလူတွေနဲ့ကြုံရတဲ့အခါ ခပ်ဝေးဝေးသာနေလိုက်ပါ။ သူတို့တွေနဲ့ ပတ်သက်မိရင် အခြားသူအကြောင်းကိုလည်း သင့်ကိုလာပြောမှာပဲမို့ သင့်ဘဝတိုးတက်အောင်ကြိုးစားဖို့ရာ သင့်အချိန်တွေအလကားကုန်ပါတယ်။ သင့်မျက်ကွယ်ရောက်ပြန်ရင်လည်း သင့်အကြောင်းအပြစ်ကို အခြားသူကိုပြောနေအုံးမှာပါပဲ။
အဲဒါကြောင့် အပြစ်ချင်းမြင်ပြီး ထင်ချင်သလိုထင်တတ်တဲ့လူမျိုးတွေကို သင်ဘယ်လိုမှ ကျေနပ်အောင်ကြိုးစားပေးလို့မရနိုင်ဘူးဆိုတာကို သင်မှတ်ထားလိုက်ပါ။ အဲဒီလိုလူတွေကိုတွေ့တဲ့အခါ ဘယ်တော့မှ မတိုးတက်မယ့်လူတွေလို့သာသတ်မှတ်ပြီး သင့်ဘဝအတွက် တိုးတက်မယ့်ကောင်းမွန်မှန်ကန်တဲ့အရာတွေအတွက်သာ အချိန်ပေးပါ။ အဓိကက သင်က သမာအာဇီဝကျကျ မှန်ကန်အောင်နေထိုင်ပြီး သင့်ကြောင့် သင်ကိုယ်တိုင်ရော၊ အခြားသူရော ဘယ်သူမှ မထိခိုက်မနစ်နာအောင် နေထိုင်ကျင့်ကြံဖို့ပါပဲ။ ထင်သလိုဆွဲတွေးပြီး အပြစ်ပြောတတ်သူတွေကတော့ အလကားအချိန်ရော၊ စါမ်းအင်တွေရောအကုန်ခံပြီး အခြားသူရဲ့အပြစ်ကိုသာ မြင်တတ်သူမို့ အပြစ်တွေကြားထဲမှာတင် ဘဝဆုံးသွားမယ့်သူတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့အတွက်မခံစားပါနဲ့လို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။