ကိုယ့်ဘဝထဲက ဖယ်ထုတ်ပစ်လို့မရတဲ့ လူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ…….

တချို့လူတွေကို ကိုယ့်ဘဝထဲက ဖယ်ထုတ်ပစ်ရမယ်မှန်းသိနေရက်နဲ့ အကြောင်းတခုခုကြောင့် ဖယ်ထုတ်ပစ်လို့မရနိုင်ဘူးဆိုတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ်တွေကြားဖူးနေကြစကားက ကိုယ့်ဘဝထဲက အဆိပ်အတောက်လိုလူမျိုးတွေကို ပြတ်သားစွာ ဖယ်ထုတ်ပစ်လိုက်ဆိုတဲ့စကားမျိုးပါပဲနော်။ တချို့လူတွေကျတော့ ခပ်ပြတ်ပြတ် ဘဝထဲက ဆွဲထုတ်ပစ်ပြီး အရာအားလုံးမေ့ပစ်လိုက်လို့ရပေမယ့် အချို့လူတွေကျတော့ အဲဒီလိုဖယ်ထုတ်ပစ်လို့မရတဲ့အခြေအနေမျိုးတွေ ကြုံရမှာပါ။ ဥပမာ။ ကိုယ့်အတွက် အဆိပ်အတောက်လိုလူမျိုးဟာ ကိုယ့်မိသားစုထဲကဖြစ်နေတာမျိုးပေါ့။ အဲဒီလိုကြုံလာရင် ဘယ်လိုဘဝကိုရှေ့ဆက်ရမလဲ……အဲဒီလိုလူတွေ နဲ့ပတ်သက်ပြီး ကိုယ့်စိတ်ကိုဘယ်လိုထားမလဲဆိုတာလေး ဖော်ပြပေးချင်ပါတယ်။


၁) ကိုယ်သာကောင်းပါစေ။
များသောအားဖြင့်လူတိုင်းလိုလိုက ကိုယ့်အပေါ်ကောင်းတဲ့သူကိုသာ လိုချင်တတ်ကြတာပါ။ ဒါပေမယ့် ခုလိုမျိုး ကိုယ့်အတွက်လုံးဝမကောင်းပေမယ့် ကိုယ့်ကလည်း သူတို့ကိုဘဝထဲကဖယ်ထုတ်ရခက်တဲ့အခါ သူတို့ကို ကောင်းစေချင်နေလို့အပိုပါပဲနော်။ သူတို့က မကောင်းတဲ့လူတွေအဖြစ် သင့်စိတ်ထဲ မသိမသာလက်ခံပြီးသားမဟုတ်လား။ အဲဒါကို သင်တိတိကျကျလက်ခံလိုက်ရုံပါပဲ။ “အော်…..သူတို့က ငါ့အတွက်မကောင်းပါလား” ရယ်လို့တွေးပြီ ရဲရဲလက်ခံလိုက်ပြီဆိုရင် သူတို့ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကိုယ်ကတော့ သူတို့ကိုကိုယ့်ဘဝထဲကဖယ်ထုတ်လို့မရနိုင်တာကြောင့် ကိုယ်ကောင်းပါစေလို့သာ ခံယူပါ။ သူတို့ဘယ်လောက်ဆိုးအောင်လုပ်ပါစေ၊ သူတို့ဆိုးတာသူတို့ကိစ္စ၊ ကိုယ်ကောင်းဖို့က ကိုယ့်ကိစ္စလို့ ကိုယ့်ကိုယ်ကိုယ် သတိအခါခါပေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဘယ်သူမဆို ပုထုဇဉ်ဖြစ်တာကြောင့် သည်းမခံနိုင်တော့တာမျိုးဖြစ်လာနိုင်တာမို့ပါ။ သူတို့ဆိုးလေ….ကိုယ့်ကိုယ်ကိုယ်သတိပေးပါ၊ ကိုယ်သာကောင်းဖို့လိုပါတယ်ဆိုတာကို အခါခါ ရေရွတ်ပေးပါ။

၂) သူတို့ကြောင့်ကိုယ့်စိတ်ညစ်နွမ်းမခံဖို့ သတိရပါ။
အဲဒီလူတွေကြောင့် သင့်စိတ်အခါခါ ညစ်ရမှာသေချာသလောက်ပါပဲ။ ဒါပေမယ့်၁၀ခါမှာ ၅ခါလောက်ပဲ ညစ်ပြီး ကျန်၅ခါက သင့်ကိုယ်သင်သတိလေးနဲ့ ထိန်းနေရင် သင့်အတွက် စိတ်ညစ်စိတ်ရှုပ်သက်သာစေပါတယ်။ သင့်စိတ်ထဲအမြဲသတိကပ်ထားရမှာက သူတို့သည် သင့်အတွက် မကောင်းပါ၊ ဒါပေမယ့်သင့်ဘဝထဲကဖယ်ထုတ်လို့မရပါ။ အဲဒီ့အတွက် သူတို့ကြောင့် အခါခါ သင့်စိတ်ညစ်မယ်ဆို သင်သာ နောက်ဆုံး စိတ်ဓာတ်ကျပြီး ဘဝပျက်ရုံရှိမှာပေါ့။ အဲဒါကြောင့် သူတို့ဆိုးနေကျ ထုံးစံပဲ၊ သူတို့ကြောင့် မခံစားဘူး…ရယ်လို့ ကိုယ့်စိတ်ကို ကိုယ်အခါခါသတိပေးနေလိုက်ပါ။

၃) ကိုယ်လုပ်စရာရှိတာကိုသာ အာရုံထားပါ။
အဲဒီလိုသတိလေးလည်းပေးရင်း အာရုံထဲက ထုတ်ပြီးသားဖြစ်စေဖို့အတွက် သင့်အတွက်သင့်ဘဝအတွက် လုပ်စရာရှိတာကို တစိုက်မတ်မတ်လုပ်နေပါ။ သင့်ရည်မှန်းချက်၊ ဒါမှမဟုတ် သင့်အရည်အချင်းအတွက်၊ ဒါမှမဟုတ် သင့်ဝါသနာ တစ်ခုခုကို နှစ်ရှည်လများ စွဲစွဲမြဲမြဲလုပ်နေပါ။ အဲဒါက အချိန်နဲ့အမျှ သင့်စွမ်းရည်တော့တိုးလာတာပါပဲ။ သင့်စိတ်ညစ်စရာ၊ အာရုံနောက်စရာတွေကိုလည်း မေ့သွားစေပါတယ်။

၄) ဝတ္တရားမပျက်ပါစေနဲ့။
သူတို့အတွက် ကိုယ်လုပ်ပေးသင့်တဲ့ဝတ္တရားကို ဆက်လုပ်မြဲလုပ်ပေးပါ။ မငြိုငြင်ပါနဲ့။ ကိုယ်ကောင်းဖို့အရေးကြီးတယ်မလား။ အဲဒီ့စိတ်ကိုသာ နှလုံးသွင်းပါ။ ခုလိုလုပ်ပေးနေတာသည် ကိုယ့်ကောင်းဖို့အတွက်ကိုယ်လုပ်စရာရှိတာကို ကိုယ်လုပ်နေတာ…..လို့ အမြဲမှတ်ပါ။

၅) ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရမယ်ဆိုတာ မမေ့ပါနဲ့။
သင်ကောင်းအောင်နေသမျှ သင့်နောက်ပါမှာပါ။ သင့်စေတနာ သင့်အကျိုးပေးမှာပါ။ သူတို့က နဂိုထဲက သင့်အတွက်အဆိုးသမားတွေမို့ သူတို့ဆီကတော့ သင်အကောင်းတွေပြန်လိုချင်လို့မရပါဘူး။ ရလည်းရနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်ဘဝရဲ့အခြားနေရာတစ်ခုခုကနေတော့ ပြန်ရလာပါလိမ့်မယ်။ အဲဒီ့အချိန်မတိုင်ခင်ထိ သင့်အတွက် သင်ကောင်းအောင်နေတယ်လို့သဘောထားပါ။ သင့်လုပ်စရာရှိတာ သင်လုပ်တယ်လို့သဘောထားလိုက်ပါ။ သင်အာရုံတွေရှုပ်ထွေးလာတိုင်း သင်စိုက်ပျိုးသမျှသင်ပြန်ရိတ်သိမ်းရမယ်ဆိုတာနဲ့ သင့်ကိုယ်သင်သတိပေးပါ။

၆) ကိုယ့်လိုလူတွေအများကြီးရှိပါသေးတယ်။
ကိုယ့်ကျမှ ဘာလို့ ဒီလိုလူတွေနဲ့ကြုံရတာလဲ လို့ အခါခါတွေးမိပါလိ့မ်မယ်။ သူတို့က မကောင်းတဲ့သူတွေပါလို့ သင့်စိတ်ထဲလက်ခံပြီးသားမို့ သူတို့ပြုမူသမျှ သင့်ကိုတနည်းနည်းနဲ့တော့ ထိခိုက်စေမှာချည်းပါပဲ။ အဲဒါကို သင်လက်ခံပါ။ ကိုယ့်ကျမှ ဒီလိုလူကို ကြုံနေရတာမဟုတ်ပါ။ သင့်လိုလူတွေအများကြီးရှိပါသေးတယ်။ သင်ကသာ အထက်ပါနည်းလမ်းတွေအတိုင်းလုပ်သွားနိုင်ရင် သင့်အတွက် သက်သာရာရစေမှာသေချာပါတယ်။ ဒါပေမယ့် သင့်လိုလူတွေအများကြီးဆိုတာ သင်မေ့မပါနဲ့။ သင့်ကျမှကြုံရတာမဟုတ်ပါဘူးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။