ကိုယ်မသိနိုင်တဲ့အခြားတဖက်ကိုလည်း တွေးကြည့်ပေးပါ။
“Every one is a moon, and has a dark side which he never shows to anybody” ဆိုတဲ့ Mark Twin ရဲ့ ကောက်နုတ်ချက်လေးတစ်ခုကို သတိရမိပါတယ်။ လူတိုင်းဟာ လလိုပဲ အခြားဘယ်သူ့ကိုမှ ပြောမပြထာတဲ့ အမှောင်ဘက်အခြမ်းကိုယ်စီရှိကြပါတယ်တဲ့။ မှတ်မှတ်ရရ ဆရာမဂျူးရဲ့ဝတ္ထုတစ်အုပ်မှာ ဖတ်ရင်းကြိုက်လို့မှတ်ထားမိတဲ့စာသားလေးပါ။ လူတိုင်းကို ကိုယ်မြင်နေတွေ့နေနိုင်တဲ့အပိုင်းကိုပဲ မြင်နိုင်တာပေါ့၊ ဒါပေမယ့် ကိုယ်တွေမသိနိုင်တဲ့ ၊ ကိုယ်မမြင်နိုင်တဲ့ အခြားတစ်ခြမ်းကိုတော့ ဘယ်တုန်းကမှ မတွေးကြည့်မိတတ်ကြပါဘူး။ အဲဒါက ဘာကိုပြောသလဲဆိုရင် ကျွန်တော်တို့အားလုံးဟာ လူတစ်ယောက်ရဲ့အပြုအမူ၊ အနေအထိုင်၊ ပြဿနာတစ်ခုခု၊ ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုခုပေါ်မှာ ကိုယ်တွေမြင်တာနဲ့သာ ဆုံးဖြတ်တတ်ကြတာပါပဲ။ ကိုယ်မသိနိုင်တဲ့အခြားတစ်ဖက်မှာ ဘယ်လိုအကြောင်းပြချက်တွေ၊ အကြောင်းအရာတွေရှိမလဲဆိုတာကို သိပ်မတွေးမိတတ်ကြဘူးလို့ ဆိုလိုချင်တာပါ။ ဘယ်စာအုပ်ထဲက စာသားလဲတော့မမှတ်မိတော့ပါဘူး။
အဲဒီ့လိုပါပဲ အင်္ဂလိပ်ဘာသာပြန်တစ်ပုဒ်ထဲမှာလဲ အလားတူဖတ်ဖူးပါတယ်။ ရထားစီးလာရင်း ပြတင်းပေါက်ကမြင်သမျှ ရှုခင်းတွေကို အဖေလုပ်သူက သားဖြစ်သူအသေးစိတ် တစ်ခုချင်းပြောပြနေပါတယ်တဲ့။ သားလုပ်သူက ပြတင်းပေါက်လှည့်ပြီး ရှု့ခင်းတွေကိုကြည့်လိုက် ခေါင်းတငြိမ့်ငြိမ့်လုပ်လိုက်နဲ့ပေါ့။ ဘေးက မြင်တဲ့လူတွေက တွေးကြပါတယ်တဲ့။ “အဖေလုပ်သူက အပိုလုပ်နေတာ….ရှု့ခင်းတွေကို တခုချင်း ရှင်းပြနေစရာမလိုပါဘူး။ သားဖြစ်သူလည်း ပြတင်းပေါက်ကနေ မြင်နေရတာပဲကို…” လို့ တွေးကြပါတယ်တဲ့။ တကယ်တော့ သားဖြစ်သူဟာ မျက်မမြင်တစ်ယောက်ဆိုတာကို အဖေလုပ်သူပဲသိပါတယ်။ ပတ်ဝန်းကျင်ကလူတွေက မသိကြပါဘူး။
ပြောချင်တာကကိုယ်ထင်ထားတာက ကိုယ်ထင်မြင်တဲ့တစ်ဖက်ဖြစ်နေပေမယ့် အခြားတစ်ဖက်မှာလည်း ကိုယ်မထင်ထားတာမျိုးကြောင့် ဖြစ်နေနိုင်ပါတယ်ဆိုတာပါ။ တခါတလေမှာ လူတစ်ယောက်ကို ဝေဖန်လိုက်ရတာ အရမ်းလွယ်ကူပါတယ်။ ဝေဖန်ရတာလွယ်ကူသလောက် တဖက်သားဘက်ကိုဖြည့်တွေးပေးရတာကတော့ခက်ပါတယ်။ အဲဒီ့အတွက် တဖက်သားကိုဝေဖန်တတ်သူက များပြီး တဖက်သားကိုတွေးပေးတတ်သူကနည်းနေတာပါပဲ။ အခုလိုလူတိုင်းနီးပါ ဖေ့ဘုတ်သုံးနေတတ်ကြတဲ့ခေတ်ကြီးထဲမှာဆို ပိုသိသာပါတယ်။ အကြောင်းအရာတစ်ခုခုဖြစ်လိုက်တာနဲ့ ကိုယ်တိုင်ဂဃနဏမသိဘဲ ဝင်ပြီးဝေဖန်တတ်သူများကြောင်း ပိုသိသာလာပါတယ်။ ဆောင်းပါးတစ်ခုထဲမှာလည်း ထည့်ရေးဖူးပါသေးတယ်။ လူတစ်ယောက်ရဲ့ အခြားတစ်ဖက်မှာ ဘယ်လိုအကြောင်းအရာတွေရှိလဲ သေချာမသိဘဲ ဝေဖန်လိုက်တဲ့အခါ ကိုယ်ဝေဖန်တဲ့အကြောင်းအရာက အထက်က ဥပမာလေးတွေလို ကိုယ်မသိနိုင်တဲ့အခြားတစ်ခုခုရှိနေတဲ့အခါ ဝေဖန်မိတဲ့ကိုယ်တိုင်လည်း မကောင်းနိုင်ပါဘူး။ ဝေဖန်ခံရတဲ့လူကလည်း မကောင်းနိုင်ပါဘူး။ အဲဒါအပြင် ကိုယ်က ကိုယ့်ရဲ့အချိန်ကိုဖဲ့ပြီး သွားဝေဖန်လိုက်တဲ့အခါ ကိုယ့်အတွက် အကျိုးရှိရာတစ်ခုခုလုပ်မယ့်အချိန်ကုန်သွားပါတယ်။
အဲဒီလို ကိုယ်သေချာမသိတဲ့အကြောင်းအရာထဲကို စဝင်ပါပြီးဝေဖန်လိုက်ပြီဆိုတာနဲ့ ကိုယ့်မှာစတင်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အဲဒီ့တော့ ကိုယ့်မှာအချိန်လည်းကုန် ၊ စိတ်ခံစားချက်ကလည်း မကောင်းတော့ဘဲ ကိုယ့်အတွက်ချည်း စတင်နစ်နာရပါတော့တယ်။ ဥပမာ။ သင်ကသင့်အသိမိတ်ဆွေတစ်ယောက်ကို ဖုန်းခေါ်တယ်ဆိုပါစို့။ ဟိုဘက်က သင်အခါခါခေါ်ပေမယ့် လုံးဝဖုန်းမကိုင်ဘူးဆိုပါတော့။ ဟိုဘက်ကလူရဲ့ဖုန်းမကိုင်ရတဲ့အကြောင်းရင်းကိုသင်မသိပါဘူး။ ဒါပေမယ့် တစ်ဖက်ကို မတွေးပေးတတ်တဲ့အခါ သင့်စိတ်ထဲစတင်ပြီး အနှောင့်အယှက်ဖြစ်ပါတော့မယ်။ “ဒါတမင် ငါ့ဖုန်းမို့မကိုင်တာ…” “လိုမှ ငါ့ကိုဖုန်းလာမခေါ်နဲ့တွေ့မယ်” “ဒါသက်သက်ကြောတာ…..ငါဒီလောက်ခေါ်နေတာတောင်မကိုင်ဘူး။ သေနေလားမသိဘူး”
စသဖြင့် တဖက်လူရဲ့ဘာကြောင့်ဖုန်းမကိုင်သလဲဆိုတဲ့အကြောင်းရာကို ကိုယ်သေချာမသိဘဲ တဖက်လူကိုလည်း ဖြည့်မတွေးပေးတတ်တဲ့အခါ ဖြစ်လာတဲ့စိတ်က သင့်မှာအရင်ဆုံးအနှောင့်အယှက်စဖြစ်တော့တာပါပဲ။
တကယ်ဆိုရင် “အော်….သူမီတင်ထဲများရောက်နေလို့လားမသိဘူး။ နောက်တစ်နာရီလောက်နေမှပြန်ခေါ်ကြည့်လိုက်မယ်” “အော်….သူအလုပ်ရှုပ်နေလို့များလား။ ဒါမှမဟုတ် ဖုန်းနဲ့အဝေးမှာဖြစ်နေလို့လား” ဒါမျိုးလေး တဖက်လူကို ဖြည့်တွေးပေးလိုက်မယ်ဆိုရင် သင့်စိတ်ထဲ နေလို့မကောင်းနိုင်ဘူးလား။ ဒါက နေ့စဉ်ဘဝထဲကအသေးအဖွဲလေးတွေပဲရှိပါသေးတယ်။ ဘဝတစ်ခုလုံးနဲ့ချီတဲ့အခါမှာဆို တဖက်လူအတွက်လည်း မျှပြီးတွေးပေးသင့်တာကို တွေးပေးရမှာပါ။ ကိုယ်မသိနိုင်တဲ့အခြားလူတွေရဲ့ဘဝကို သွားပြီးဝေဖန်နေလို့ မဖြစ်ပါဘူး။ အခြားလူရဲ့ဘဝအကြောင်းကို ကိုယ်မှအလုံးစုံမသိနိုင်တာကိုး။
“There’s a story behind every person. There’s a reason why they’re the way they are. Think about that before you judge someone.” လူတိုင်းရဲ့ဘဝမှာ နောက်ခံပုံပြင်လို ကိုယ်မသိနိုင်တဲ့အကြောင်းအရာတွေ၊ ကိုယ်မမြင်နိုင်တဲ့တစ်ဖက်အခြမ်းရှိနေနိုင်ပါတယ်။ လူတစ်ယောက်ကို မဝေဖန်ခင်အရင်ဆုံး အဲဒါလေးကို ကြိုတွေးကြည့်လိုက်ပါ။ Mother Teresa ပြောထားတဲ့စကားနဲ့ပဲတွေးကြည့်ပါနော်။ “If you judge people you have no time to love them.” လူတိုင်းကိုသာ ဝေဖန်အပြစ်တင်နေရင် သူတို့ကိုချစ်ဖို့တောင်အချိန်ရှိတော့မှာမဟုတ်ပါဘူးနော်။ တကယ်ပါပဲ……လူတိုင်းကိုသာ ကိုယ်မြင်တဲ့ဘက်ကအရာတွေကိုချည်းကြည့်ပြီး အပြစ်တင်နေရင် သေချာတယ်၊ ကိုယ်က အမြင်ကျဉ်းမြောင်းသူဖြစ်မှန်းမသိဖြစ်နေပါပြီ။ တဖက်လူရဲ့ဘက်က ဘယ်လိုအကြောင်းအရာမျိုးလဲဆိုတာ သိဖို့ကြိုးစားနိုင်ရင်ကြိုးစားပါ။ မကြိုးစားနိုင်ရင် “အော်….သူ့မှာ ကိုယ်မသိနိုင်တဲ့ဘယ်လိုအကြောင်းအရာမျိုးတွေရှိလဲမှမသိနိုင်တာ” ဆိုတဲ့အတွေးမျိုးနဲ့တွေးပေးနိုင်ရင် နှစ်ဦးနှစ်ဖက်လုံးအတွက် အကောင်းဆုံးပါပဲလို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်။