ကမ္ဘာပေါ်မှာ တန်ဖိုးရှိဆုံးအရာ

ကမ္ဘာပေါ်မှာ လူတိုင်းပေါပေါများများရနေပြီး တန်ဖိုးအရှိဆုံးအရာတစ်ခုကို သဘာဝတရားကြီးက လူတိုင်းကိုမျှမျှတတပေးထားပါတယ်။ အသုံးချတတ်တဲ့သူက ပြည့်ဝစွာရရှိသွားပြီး အသုံးမချတတ်သူကတော့ အလကားကုန်ဆုံးသွားတော့တာပါပဲ။ ထိုအရာကတော့ စိန်စီထားသော နာရီများဆိုတဲ့ အချိန်ပါပဲ။ ငယ်ငယ်တုန်းက စိန်စီထားသော နာရီများဆိုတဲ့ အသုံးအနှုန်းကို အပြည့်အဝနားမလည်ခဲ့ပါဘူး။ ဘာလို့များတန်ဖိုးရှိတယ်ပြောတာလဲ ဆိုပြီး စဉ်းစားခဲ့ဖူးပါတယ်။


လူတိုင်းမှာ ၈နာရီ ၃ပိုင်း ခွဲပြီး အပိုင်ရထားပါတယ်။ ဆင်းရဲသူလည်း ထို ၈နာရီ ၃ပိုင်းကို ပိုင်ဆိုင်ပြီး ချမ်းသာသူလည်း ထို၈နာရီ ၃ပိုင်းကို ပိုင်ဆိုင်ပါတယ်။ ဒါပေမယ့် လူတွေက ထို ၂၄နာရီကို အသုံးချပုံချင်း ကွဲသွားပြီး လူတွေလည်း အဆင့်အတန်းမျိုးမျိုးကွဲသွားရပါတယ်။ သင့်မှာ ဘာမှပိုင်ဆိုင်မှုမရှိလို့ စိတ်ညစ်နေတယ်ဆိုရင် မမေ့ပါနဲ့။ သင့်မှာ အချိန်ပေါင်း တစ်ရက်မှာ ၂၄နာရီတိတိပိုင်ဆိုင်ပါတယ်။ ထိုအချိန် ၂၄နာရီကို ၈နာရီ ၃ပိုင်းခွဲလိုက်ပါ။ ပထမ ၈နာရီက သင့်ရဲ့လခစားအလုပ်အတွက် ပေးလိုက်ရတဲ့အချိန်ဖြစ်မှာပါ။ နောက်ထပ် ၈နာရီ ၂ပိုင်းကတော့ သင့်ရဲ့အသုံးချမှုပေါ်မူတည်သွားပါပြီ။
အဲဒီ့အချိန်တွေကို စနစ်တကျစီမံခန့်ခွဲပြီး သင့်ဘဝအတွက် ဘာတွေအကျိုးရှိအောင် လုပ်မလဲဆိုတာ တွေးပြီး အကောင်အထည်ဖော်သင့်ပါတယ်။
အောင်မြင်နေတဲ့သူတွေကို ကြည့်လိုက်ရင် အလကားရတဲ့အချိန်ကို စနစ်တကျအကျိုးရှိစွာ အသုံးချနိုင်လို့ အောင်မြင်လာကြတာချည်းပါပဲ။ အောင်မြင်သူတွေက ကိုယ်တွေထက်တောင် အလုပ်များတတ်ပါသေးတယ်။ ဒါပေမယ့် သူတို့က လူတိုင်းရနေကျ ၂၄နာရီကိုပဲ ဘယ်လိုမျိုးအသုံးချလို့ အောင်မြင်လာသလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့တွေရဲ့ အချိန် စီမံခန့်ခွဲပုံတွေကို ရှာဖတ်ကြည့်ပြီး အတုယူသင့်ပါတယ်။ အဲဒါအပြင် သူတို့မှာ သူတို့အတွက်လည်း အချိန်ပေးနိုင်သလို မိသားစုကိုလည်းအချိန်ပေးနိုင်ပါတယ်။ အလုပ်ကိစ္စဆိုလည်း သူများထက် နှစ်ဆသုံးဆ အလုပ်လုပ်နေတတ်ပါတယ်။
အဲဒါကြောင့် လူတိုင်းလိုလို အတူတူ ရနေတတ်တဲ့ သဘာဝကပေးထားတဲ့လက်ဆောင်ကို ကောင်းကောင်းအသုံးချဖို့ ကြိုးစားသင့်ပါတယ်။ အောင်မြင်သူတွေက ဘာလို့ အချိန်ကို ထောင့်စေ့အောင် စီမံနိုင်ဘူး၊ ကိုယ်တွေလို သာမန်လူတွေက ဘာနေရာမှာများ အချိန်တွေ အလဟဿဖြုန်းတီးနေမိသလဲ။ ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပါတယ်။ ဆန်းစစ်ကြည့်ပြီး အဖြေပေါ်လာတာကို ချရေးကြည့်ပါ။ ဥပမာ။ facebook သုံးချိန်က ပိုများနေသလား၊ ဒါမှမဟုတ် တီဗွီကြည့်ချိန်လား၊ အိပ်ချိန်က ဘယ်လောက်သတ်မှတ်မလဲ၊ ဘတ်စ်ကားဂိတ်မှာ ကားစောင့်ရတဲ့အချိန်အပြင် အပြန်အိမ်ကိုသွားတဲ့လမ်းမှာ သူငယ်ချင်းတွေနဲ့ လေကန်ပြီးမှ အိမ်ရောက်တတ်သလား၊ ဒါမှမဟုတ် ထမင်းစားပြီး အပျင်းပြေပေါ့တွေးကာ လက်ဖက်ရည်ဆိုင် သွားပြီးထိုင်နေတတ်တာမျိုးလား။ စသည်ဖြင့် ချရေးပြီး ခြားနားချက်ကို မှတ်ထားပါ။
အလကားကုန်နေတဲ့အချိန်တွေနေရာမှာ ဘာနဲ့အစားထိုးမလဲတွေးပါ။ ကိုယ်နောက်ထပ်တက်မယ့်သင်တန်းလား၊ အခြားအတတ်ပညာတစ်ခုခုလား၊ အသက်မွေးကျောင်း အတတ်ပညာတခုခုလား၊ ကိုယ်ဝါသနာပါရာကို ထွန်းပေါက်အောင်လုပ်ဖို့ လက်ရည်သွေးနေမလား၊ ဒါမှမဟုတ် အခြား အချိန်ပိုင်းတခုခုလုပ်မလား၊ အခြား စီးပွားရေးတခုခုကို စတင်ထားမလား။ စသည်ဖြင်ပေါ့။
တကယ်စီမံကိန်းချပြီး တကယ်လုပ်ဖို့ စတင်ကြည့်ပါ။ ကိုယ့်ကိုကိုယ်လည်း သတိအထပ်ထပ်ပေးတဲ့အနေနဲ့ ရေရွတ်ပါ။ အချိန်အလကားမကုန်စေရဘူး။ အချိန်ကို အကျိုးရှိတဲ့နေရာမှာ သုံးမယ်။ စသည်ဖြင့် ကိုယ့်ဟာကိုယ် အထပ်ထပ်ရွတ်ဖတ်ထားခြင်းက သင့်မှတ်ဉာဏ်ထဲမှာ ရိုက်သွင်းထားသလိုဖြစ်နေမှာပါ။ အဲဒါက သင်သတိလစ်ပြီး အချိန်ဖြုန်းတဲ့အရာတစ်ခုခုလုပ်နေမိတဲ့အခါ ရုတ်တရက်ပြန်ပြီး သတိဝင်လာစေပါတယ်။ အဓိကကတော့ တကယ်အကျိုးရှိအောင် အသုံးချပြီး တကယ်တိုးတက်ချင်စိတ်ရှိဖို့ပါပဲ။ ပေါ်ပင်ပဲလုပ်ရင်တော့ ဘယ်နေရာမှာမှ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
အားလုံးပဲ အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်ကြပါစေ။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။