ကလေးတွေကိုချစ်ရင် ဘယ်လိုအပြုအမူမျိုးတွေကို ရှောင်ကျဉ်သင့်သလဲ။

ကလေးတွေကို တကယ်ချစ်တယ်ဆိုရင် ကလေးကိုနှစ်ရာကျမယ့်ကိစ္စတွေကို မိဘတွေက ရှောင်ကျဉ်သင့်သလို ကလေးရဲ့အနီးနားပတ်ဝန်းကျင်ကလူတွေနဲ့ အဖိုးအဖွားတွေကလည်းရှောင်ကျဉ်ရမယ်ဆိုတဲ့အသိရှိသင့်ပါတယ်။ တချို့တွေက ကလေးတွေကို ချစ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာတင် ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတခုခုထိခိုက်အောင် လုပ်တတ်ကြတာကြောင့် ကလေးကိုချစ်ရင် ရှောင်ကျဉ်သင့်တဲ့အပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူတွေမှာလည်း ကလေးတွေအပေါ် ရှောင်ကျဉ်စေချင်တဲ့အကျင့်လေးတွေရှိရင်လည်း မန့်ခဲ့ပေးပါအုံးနော်။


၁) ကလေးနဲ့အနီးတဝိုက်တွင် ဆေးလိပ်မသောက်ပါနဲ့။
တချို့တွေက ကလေးနဲ့အနီးတဝိုက်မှာလည်း မရှောင်ကျဉ်ဘဲ ဆေးလိပ်သောက်တတ်ကြပါတယ်။ တကယ်လို့များ ဆေးလိပ်သောက်ချင်လာတယ်ဆိုရင်တောင် ကလေးတွေနဲ့ ဝေးရာကို ရှောင်သင့်ပါတယ်။ ဆေးလိပ်ငွေ့က ကလေးကို ဆိုးဝါးစွာထိခိုက်စေနိုင်တာကြောင့် သတိထားသင့်ပါတယ်နော်။

၂) ခွင့်မတောင်းဘဲ ချီတာ၊ နမ်းတာမျိုးမလုပ်ပါနဲ့။
ကလေးကိုချစ်လို့ဆိုပြီး နမ်းတာမျိုး၊ ပါးကို ဖျစ်ညစ်တာမျိုး၊ အတင်းချီတာမျိုးတွေ မလုပ်သင့်ပါဘူးနော်။ ယဉ်ကျေးမှုအရ ကလေးမိဘကို ခွင့်တောင်းပြီးှမှ သာ ချီတာ၊ နမ်းတာမျိုးလုပ်သင့်ပါတယ်။

၃) ကလေးကို လွယ်လွယ်အလိုမလိုက်ပါနဲ့။
ကလေးတွေကို ခပ်လွယ်လွယ်အလိုလိုက်ခြင်း၊ ဒါမှမဟုတ် ကလေးငိုနေတဲ့အခါ ကလေးအငိုတိတ်ရင်ပြီးရော လိုချင်တာကို လွယ်လွယ်အလိုလိုက်ခြင်းက ကလေးအတွက် တခုခုလိုချင်တဲ့အခါ ငိုလိုက်ရင် ရတယ်ဆိုတဲ့အတွေးမျိုးဝင်သွားစေနိုင်ပါတယ်။ အဲဒါအပြင် ကလေးအတွက် အရာအားလုံးအဆင်သင့်လိုက်လုပ်ပေးနေတဲ့အခါ ကလေးက တပါးသူကို အားကိုးလာတတ်ပါတယ်။ ကိုယ့်တာဝန်ကိုနားမလည်တော့ဘဲ အခြားသူကိုအမြဲအားကိုးသွားတဲ့အခါ သူ့ကိုယ်သူယုံကြည်မှုအားနည်းလာတတ်ပါတယ်။ ကိုယ့်တာဝန်လဲကိုယ်မယူတတ်တော့ပါဘူး။

၄) ကလေးမလုပ်ချင်တဲ့အပြုအမူမျိုးအတင်းမခိုင်းပါနဲ့။
ကလေးအတွက် သူမနှစ်သက်တဲ့လူကို အတင်းပတ်သက်ခိုင်းတာမျိုး၊ ကလေးမလုပ်ချင်တဲ့ အပြုအမူကို အတင်းလုပ်ခိုင်းတာမျိုး၊ ဥပမာ။ ကလေးလုံးဝမခင်တွယ်တဲ့လူကို အာပွားပေးလိုက်ဆိုတာမျိုး ခိုင်းတာမျိုးက အတင်းအကြပ်မလုပ်ခိုင်းသင့်ပါဘူး။

၅) ကလေးကို မလှောင်ပြောင်ပါနဲ့။
ချစ်လို့စတာဆိုတဲ့ခေါင်းစဉ်အောက်မှာ ကလေးကို မခံချင်အောင်စတာ၊ အပြစ်တင်တာ၊ အခြားသူနဲ့နှိုင်းယှဉ်တာ၊ ကလေးကို လူအများရှေ့မှာ လှောင်ပြောင်တာမျိုးတွေမလုပ်သင့်ပါဘူး။ ကလေးကို အသုံးမကျသလို ချိုးနှိမ်တာ၊ လှောင်ပြောင်တာ၊ ကလေးကို အခြားသူတွေနဲ့နှိုင်းယှဉ်ပြီး အသုံးမကျကြောင်း ဆဲဆိုအပြစ်တင်တာတွေဟာလည်း တနည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းတစ်မျိုးပါပဲ။

၆) ကလေးကို မခံချင်အောင်မစပါနဲ့။
ကလေးကို ချစ်တဲ့ဆိုတဲ့စကားနဲ့ မခံချင်အောင်စနောက်တတ်ကြပါတယ်။ ကလေးလည်း စိတ်တိုဒေါသထွက်တတ်တဲ့လူသားဖြစ်ပါတယ်။ ကလေးက မခံနိုင်လို့ စိတ်တိုဒေါသထွက်တဲ့အခါ ကလေးက လူမိုက်လူဆိုးကဲ့သို့ ဆက်ဆံတတ်ကြပါတယ်။ တကယ်တော့ ကလေးကို မခံချင်အောင် မစနောက်သင့်ပါဘူး။

၇) ကလေးကို ဆေးလိပ်၊ ကွမ်းယာ၊ မီးခြစ်ဝယ်ခိုင်းတာမျိုး၊ အမှတ်တမဲ့ယူခိုင်းတာမျိုး လုံးဝမလုပ်ပါနဲ့။
နောက်တစ်ချက်ကတော့ ကလေးကို ဆေးလိပ်ကွမ်းယာဝယ်ခိုင်းတာ ၊ ဆေးလိပ်မီးညှိဖို့ မီးခြစ်ဝယ်ခိုင်းတာမျိုးတွေ လုံးဝမလုပ်သင့်တာပါပဲ။ အချို့တွေက ကလေးမို့ ဘာမှမသိသေးဘူးဆိုတဲ့အတွေးမျိုးတွေးတတ်ကြပါတယ်။ တကယ်တော့ ကလေးဆိုတာလည်း လူသားတွေပဲဖြစ်ပါတယ်။ လူကြီးတွေလုပ်သမျှကို မြင်သမျှတွေ့သမျှ ကြားသမျှ အတုယူနေတဲ့လူသားတွေဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးတစ်ယောက်ဆိုးသွမ်းနေပြီဆိုရင် ထိုကလေးရဲ့ပတ်ဝန်းကျင်က လူကြီးဆိုးတွေဆီက သင်ယူနေလို့ပါပဲ။ ကလေးတစ်ယောက်ကို လူကောင်းတစ်ယောက်ဖြစ်စေချင်တယ်ဆိုရင် ကလေးရဲ့အနီးနားပတ်ဝန်းကျင်နဲ့မိဘတွေက စံပြအနေနဲ့ အကောင်းဆုံးဖြစ်အောင် ပြုမူနေထိုင်ပြရမှာဖြစ်ပါတယ်။ အထက်ကအချက်တွေအပြင် ပတ်ဝန်းကျင်မှာကလေးနဲ့ပတ်သက်ပြီး ရှောင်ကျဉ်စေချင်တဲ့အပြုအမူမျိုးရှိရင်လည်း ဒီပိုစ့်လေးကို ရှယ်ရင်း ပြောပေးသွားကြပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။