ခွင့်လွှတ်တတ်ပါစေ။

လူတိုင်းရဲ့ဘဝမှာ နာကျည်းစရာတွေ ကြုံခဲ့ဖူးမှာပါ။ နာကျည်းစရာတွေကို ပြန်တွေးမိတိုင်းလည်း နာကျည်းအောင်လုပ်ခဲ့ဖူးသူကို ပြန်ပြီး နာကျင်မိသွားပါလိမ့်မယ်။ အဲဒီ့အခါ ဒဏ်ရာအဟောင်းတွေက အသစ်တွေပြန်ဖြစ်ပြီး ပြန်နာကျင်ရပါလိမ့်မယ်။ တကယ်တော့ နာကျင်မှုဆိုတာက နာကျင်အောင် လုပ်တဲ့သူထက် ခံစားရတဲ့သူကမှ ပိုပြီး နားလည်မှာထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတဲ့ စကားအတိုင်းပါပဲ၊ ပြုလုပ်သူက သူတစ်ပါးဘယ်လောက်နာကျင်သွားမှန်းမခံစားနိုင်ပါဘူး၊ ပြုသူအတွက် အားလုံးကိုမေ့ပျောက်သွားချိန်မှာတောင် ခံစားလိုက်ရတဲ့သူအတွက်ကတော့ ပြန်တွေးမိတဲ့အချိန်တိုင်းဒဏ်ရာအဟောင်းလို ပြန်တွေးတိုင်း တမြေ့မြေ့ခံစားနေရဆဲမို့လို့ပါ။


နာကျည်းစရာကြုံတိုင်း နာကျည်းမိတာကတော့ ပုထုဇဉ်လူသားတိုင်းပါပဲ။ ဒါပေမယ့် ထိုနာကျည်းစရာကိုသာ အချိန်ပြည့်တွေးပြီး အမြဲတစေ နာကျည်းမုန်းတီးနေမိရင်တော့ သင့်အတွက် ထိခိုက်စပြုလာပါပြီ။ သင်က အချိန်ပြည့် ပြုခဲ့သူကို တွေးနေပေမယ့် ပြုခဲ့သူက သတိတောင်ရနေမယ်မထင်ပါဘူး။ သင်က စိတ်တွေ နာကျည်းမှုနဲ့ ထွေပြားလေလေ တခြားအကျိုးရှိတာဘာမှမလုပ်နိုင်လေလေဖြစ်နေပါလိမ့်မယ်။ အဲဒီ့အခါ သင့်မှာ အကုသိုလ်တွေများလာသလို၊ အကျိုးရှိတာတခုမှ မဖြစ်ထွန်းဘဲ တန်ဖိုးရှိလှတဲ့သင့်ဘဝရဲ့အချိန်တွေ အလကားကုန်ဆုံးတော့တာပါပဲ။

အဲဒါအပြင် နာကျည်းမုန်းတီးမှုက သင့်ကို ချုပ်ကိုင်လွှမ်းမိုးထားပြီး သင့်ခံစားချက်ကို ဆုပ်ကိုင်ထားပါတယ်။ အဲဒါကြောင့် သင့်မှာ အချိန်တိုင်း နာကျင်မှုတွေက သင့်ကိုတိုက်စားနေပါလိမ့်မယ်။ သင်ပြန်တွေးမိနေတိုင်းပေါ့။ တကယ်တော့ သင်က သင့်ကိုနာကျည်းအောင်လုပ်ခဲ့သူတိုင်းကို သင့်ဘဝထဲကနေ မထုတ်ပစ်နိုင်မချင်း သင်နာကျင်နေရအုံးမှာပါ။ သင့်ကိုနာကျင်စေခဲ့သူတိုင်းကို သင့်ဘဝထဲက သင့်အတွေးတွေထဲကနေ ထွက်သွားခွင့်ပေးလိုက်ပါ။ အဲဒါက သင့်ရဲ့အောင်မြင်ခြင်းဖြစ်သလို၊ သင့်ရဲ့လွတ်မြောက်ခြင်းလည်း ဖြစ်ပါတယ်။ သင့်ဘဝလည်း ဒီထက်ပိုပြီး အကျိုးရှိစေပါလိမ့်မယ်။ သင့်ဘ၀ လက်ရှိအခြေအနေထက် ပိုတိုးတက်လာချင်တယ်ဆိုရင်တော့ သင့်ကို စိတ်အတွင်းထဲကနေ အဆိပ်ခတ်နေတဲ့သူတွေကို ထွက်သွားခွင့်ပေးလိုက်ပါလို့ ပြောပြရစေ။
သူတို့ကို ခွင့်လွှတ်ပေးလိုက်ခြင်းက သင့်ဘဝကို ပိုပြီးအေးချမ်းစေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကိုနာကျည်းတဲ့နာကျည်းချက်တွေကြောင့် သင်က ပူလောင်နေတာပါ။ သင့်ဒဏ်ရာကလည်း အသစ်ပြန်ဖြစ်သလို၊ သူတို့ကို ပြန်ပြီးနာကျည်းမှုတွေကလည်း အသစ်ပြန်ဖြစ်လာပါတယ်။ အဲဒီ့အခါ သင်ပြန်ပြီး ပူလောင်နာကျည်းလာပါတယ်။

အဲဒါတွေရဲ့ချုပ်ငြိမ်းမှုက သူတို့ကို ခွင့်လွှတ်လိုက်ဖို့ပါပဲ။ တကယ်တော့ သူတို့ကိုခွင့်လွှတ်ခြင်းက သင့်ကိုသင်ချစ်ခင်ခြင်းပါပဲ။ သူတို့ကို ခွင့်လွှတ်ဖို့ မကြိုးစားနိုင်သေးရင်တောင် ပထမဆုံးစတင်မေ့ပစ်ပါ။ သင့်ဘဝထဲကနေ လျစ်လျူရှုခြင်းနဲ့ ထုတ်ပစ်လိုက်ပါ။ သူတို့နာကျည်းစေခဲ့တဲ့ဒဏ်ရာကို ကုစားဖို့က သင့်ကိုသင်ရှိရင်းစွဲထက် အစွမ်းအစထက်မြက်လာအောင်ကြိုးစားခြင်းပါပဲ။ အဲဒါက သင့်ဘဝကို ပိုပြီးတိုးတက်စေသလို၊ သူတို့ကိုလည်း အနိုင်တိုက်နိုင်ခြင်းပါပဲ။ သူတို့က သင့်ဘဝထဲကနေ တဖြေးဖြေးပျောက်ကွယ်ရာကမှ သင့်မေ့ပျောက်စပြုလာပါလိ့မယ်။ သင်မှန်းထားတာထက် ပိုတိုးတက်လာတဲ့အခြေအနေတစ်ခုမှာတော့ သင်သူတို့ကို စင်ပေါ်ကနေ ပြုံးပြခွင့်လွှတ်နိုင်လာမှာပါ။ ဟုတ်ပါပြီ….အဲဒါဆို တစ်ချို့လူတွေကတော့ ခွင့်လွှတ်ခြင်းနဲ့မထိုက်တန်ဘူးလို့ သင်ထင်တယ်ဆိုရင် သူတို့အတွက်အကောင်းဆုံးကတော့ ဒီစာသားလေးလိုပါပဲ။

“Best revenge is no revenge. Move on and be happy” အကောင်းဆုံးလက်စားချေခြင်းကတော့ တုံ့ပြန်လက်စားချေခြင်းမဟုတ်ဘဲ ဘဝကိုရှေ့ဆက်သွားဖို့နဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ပါပဲ တဲ့။
အဲဒါကြောင့် သင့်ဘဝကို နာကျည်းစေခဲ့သူတွေကို ခွင့်လွှတ်ခြင်းနဲ့ အနိုင်ပိုင်းပါ။ လျစ်လျူရှုခြင်းနဲ့ ပြတ်သားပစ်လိုက်ပါ။ သင့်ဘဝကို ဒီထက်တိုးတက်စေခြင်းနဲ့ ခွင့်လွှတ်တတ်ပါစေလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။