ခေတ်ဆိုးတွေထဲက မျှော်လင့်ချက်ရောင်ခြည်

ခေတ်ဆိုးတွေထဲက မျှော်လင့်ချက်ရောင်ခြည်အကြောင်း ပြောကြတဲ့အခါတိုင်းမှာ Anne Frank ရဲ့ နာမည်ဟာ အမြဲထိပ်ဆုံးက ပါလေ့ရှိပါတယ်။ ဒိုင်ယာရီထဲမှာ သူမရေးခဲ့တဲ့ စာလေးတစ်ကြောင်းက "ဘဝမှာ အကောင်းဆုံးနေ့ရက်တွေ ရောက်လာဖို့ ရှိသေးတယ်ဆိုတဲ့ အတွေးက ဘယ်လောက်တောင် ပျော်ဖို့ ကောင်းလိုက်သလဲ" တဲ့။


သူမဟာ ဂျာမန်မြေမှာ ဖွေးဖွားခဲ့တဲ့ ဂျူးလူမျိုးတစ်ဦးပါ။ ဂျာမနီမှာ ဟစ်တလာ အာဏာရလာတဲ့အချိန်၊ ၁၉၃၄ ခုနှစ်၊ သူမ အသက် ၄ နှစ်ခွဲအရွယ်မှာတော့ Anne Frank တို့မိသားစုဟာ နယ်သာလန်နိုင်ငံက အမ်စတာဒမ်မြို့ကို ပြောင်းရွှေ့ခိုလှုံခဲ့ကြပါတယ်။

နောက်တော့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ် စဖြစ်တယ်။ ဂျူးလူမျိုး ၆ သန်းကျော် အသက်ဆုံးပါးခဲ့တဲ့ နာဇီတွေရဲ့ ဟိုလိုကော့စ်ဆိုတာ အခုအချိန်မှာတော့ ကမ္ဘာကျော် သမိုင်းတစ်ခုပေါ့။ အဲ့လို ခေတ်ကာလဆိုးမှာ မွေးဖွားကြီးပြင်းခဲ့ရတဲ့ Anne Frank ရဲ့ ဘဝဟာ ဘယ်လောက်တောင် ဝမ်းနည်းအားငယ်ဖို့ ကောင်းလိုက်မလဲ ...

၁၉၄၀ ခုနှစ်မှာ နာဇီတွေက နယ်သာလန်နိုင်ငံကို စပြီး ကျူးကျော်ခဲ့တယ်။ Anne Frank တို့မိသားစုလည်း စစ်ဘေးကနေ လွတ်အောင် ပြေးရပြီပေါ့။ သူမရဲ့ ဖခင် အလုပ်လုပ်တဲ့ရုံးက စာအုပ်စင်နောက်မှာ လျှို့ဝှက်အခန်းလေး ရှိတယ်။ အဲ့ထဲမှာ သူမတို့တွေ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၄ ခုနှစ်အထိ ပုန်းခိုခဲ့ပါတယ်။

ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ၁၉၄၅ ခုနှစ်မှာတော့ သူမတို့ အဖမ်းခံခဲ့ရပြီးတော့ နာဇီချွေးတပ်တစ်ခုမှာ အူရောင်ငန်းဖျားရောဂါနဲ့ Anne Frank အသက်ဆုံးပါးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူမအသက် ၁၆ နှစ်သာ ရှိပါသေးတယ်။

ဒါတွေကို ဘာကြောင့်ပြောနေတာလဲဆိုရင် Anne Frank ဘာကြောင့် ကမ္ဘာကျော်ခဲ့သလဲဆိုတာကို ပြောပြချင်လို့ပါ။ သူမမှာ ဒိုင်ယာရီစာအုပ်လေးတစ်အုပ် ရှိခဲ့ပါတယ်။ ဒီစာအုပ်လေးဟာ သူမရဲ့ ဝါသနာဆိုလည်း ဟုတ်တယ်၊ တစ်ဦးတည်းသော သူငယ်ချင်းဆိုလည်း မမှားပါဘူး။

သူမပုန်းခိုနေရတဲ့ ၂ နှစ်တာအတွင်း Anne Frank နေ့တိုင်းလုပ်တဲ့ အလုပ်တစ်ခုက ဒိုင်ယာရီရေးတာပဲ။ သူမ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေကို မှတ်တမ်းတင်သွားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့နောက်၊ ၁၉၄၇ ခုနှစ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ Anne Frank ရဲ့ဖခင်က ဒီဒိုင်ယာရီစာအုပ်လေးကို ထုတ်ဝေဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့သမီးရဲ့ အိပ်မက်က စာရေးဆရာ ဖြစ်ချင်ခဲ့တာလေ။ စာအုပ်အတွက် ပေးလိုက်တဲ့အမည်က (The Diary of a Young Girl) မိန်းမပျိုလေးရဲ့ ဒိုင်ယာရီတဲ့ ...

ဒီလိုနဲ့ Anne Frank ဟာ ကွယ်လွန်ပြီးနောက်မှာမှ ကမ္ဘာကျော်ခဲ့ရပါတယ်။ ခေတ်ဆိုးကြီးကို ဖြတ်သန်းခဲ့ရပေမဲ့ မျှော်လင့်ချက် မပျောက်ခဲ့တဲ့ ကလေးမလေးတစ်ဦးအကြောင်းကို တစ်ကမ္ဘာလုံး အံ့သြမှင်သက်ရ၊ မျှော်လင့်ချက်ရဲ့ သင်္ကေတအဖြစ် ဂုဏ်ပြုကြပေါ့။

ဒိုင်ယာရီထဲမှာ သူမရေးခဲ့တဲ့ စာလေးတစ်ကြောင်းက "ဘဝမှာ အကောင်းဆုံးနေ့ရက်တွေ ရောက်လာဖို့ ရှိသေးတယ်ဆိုတဲ့ အတွေးက ဘယ်လောက်တောင် ပျော်ဖို့ ကောင်းလိုက်သလဲ" တဲ့။
------------------------

Anne Frank အကြောင်း နိုင်ငံပေါင်းစုံက ရုပ်ရှင်တွေ၊ မှတ်တမ်းရုပ်ရှင်နဲ့ တီဗီစီးရီးတွေ ရိုက်ကြတာ အများကြီးပါပဲ။ ဒီထဲကမှ ၁၉၅၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ George Stevens ရဲ့ အော်စကာဆု ၆ ဆုရ The Diary of Anne Frank ရုပ်ရှင်ကိုတော့ ဂန္တဝင်အမြောက်ဆုံးလို့ သတ်မှတ်ကြပါတယ်။

တစ်ဆက်တည်း စာဖတ်ပရိတ်သတ်တွေထဲမှာ ရုပ်ရှင်ချစ်သူတွေလည်းပါရင် ၂၀၀၇ ခုနှစ်တုန်းက ထွက်ထားတဲ့ Freedom Writers ဆိုတဲ့ ဇာတ်ကားကိုလည်း ကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ်။ သူက Anne Frank ဇာတ်လမ်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဆက်စပ်တယ်ပေါ့နော်။

ဘယ်လိုလဲဆိုရင် ဇာတ်လမ်းက ၁၉၉၄ ခုနှစ်မှာ အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်က Erin Gruwell ဆိုတဲ့ ကျောင်းဆရာမတစ်ဦးအကြောင်း ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ထားတာပါ။ သူ့အတန်းက ကျောင်းသားတွေက ငဆိုးတွေပေါ့ဗျာ ပြောရမယ်ဆိုရင်။

တစ်နေ့တော့ အတန်းထဲက ကျောင်းသားတစ်ယောက်ကို လူမျိုးရေးခွဲခြားပြီး ဆွဲထားတဲ့ ရုပ်ပြောင်ပုံတစ်ပုံကို သူတွေ့တယ်။ အဲ့တာနဲ့ ဒီလိုလုပ်တာက နာဇီတွေ ဝါဒဖြန့်တာနဲ့ တူတဲ့အကြောင်းပြောပြီး ဆုံးမတာပေါ့။ ဒါပေမဲ့ ကျောင်းသားတွေထဲမှာ ဟိုလိုကော့စ်အကြောင်း သိတဲ့သူက တစ်ယောက်ပဲပါတယ်။

အဲ့ကနေစပြီး သူစာသင်တဲ့ပုံစံကို လုံးဝပြောင်းချလိုက်တော့တာပဲ။ ပုံမှန်သင်နေကြ ရှိတ်စပီးယား ဂန္တဝင်စာပေတွေ ဘာတွေ မသင်တော့ဘူး။ ကျောင်းသားအယောက်တိုင်းကို ဒိုင်ယာရီစာအုပ်ထားခိုင်းပြီး ကိုယ့်ရဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေကို ရေးမှတ်ခိုင်းတယ်။ Anne Frank ရဲ့ ဒိုင်ယာရီကိုလည်း ဖတ်ခိုင်းတယ်။ ဇာတ်လမ်းက အဲ့လိုပါ။

ကျောင်းဆရာမတစ်ယောက်က သူမဘဝကိုရော ကျောင်းသား ၁၅၀ ရဲ့ ဘဝတွေကိုပါ ဘယ်လိုမျိုး ပြောင်းလဲနိုင်ခဲ့လဲဆိုတဲ့ အကြောင်းပေါ့။ စိတ်ဝင်စားဖို့ ကောင်းသလို ကြည့်ရတာ စိတ်ခွန်အားလည်း ရတာမို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။