ခေါင်းပူ (overload) ဖြစ်နေတာကို ဘယ်လိုရှင်းမလဲ။

ခေါင်းပူနေတယ်၊ ခေါင်းထဲမှာ အတွေးတွေများပြီး ခေါင်းရှုပ်နေလို့ ပြဿနာတွေကို ဘယ်လိုမှမဖြေရှင်းနိင်ဘူး။ ဘာမှလည်း ထပ်မကြားချင်၊ မသိချင်ဘူး၊ ဒီလိုအချိန်မှာ လာပြီး အာရုံနှောက်အောင်ထပ်လုပ်သူက ရန်သူပဲဆိုတာမျိုးဖြစ်ဖူးကြမယ်ထင်ပါတယ်။ အတွေးတွေများ၊ အလုပ်တွေများပြီး လုပ်စရာတွေအများကြီးရှိနေပေမယ့် ဘာဆက်လုပ်လို့ ၊ ဘယ်အရာကို ဦးစားပေးရမလဲဆိုတာလဲ မသိနိုင်တော့လောက်အောင် ဖြစ်နေမှာပါ။ အဲဒါမျိုးကို ခေါင်းပူနေတာ တနည်းအားဖြင့် overload ဖြစ်နေတာကြောင့်ပါ။ အဲဒီ့အခါမျိုးမှာ နောက်ထပ်ခေါင်းရှုပ်ရမယ့်ကိစ္စမျိုးကို ခဏလွှတ်ထားလိုက်ပြီး အောက်ပါအချက်လေးတွေလုပ်ကြည့်ပါ။


၁) အသက်ရှုလေ့ကျင့်ခန်း (သို့) တရားထိုင်ကြည့်ပါ။
ဘာမှထပ်မတွေးတော့ဘဲ အသက်ကို ရှုသွင်းရှုထုတ်လုပ်ကြည့်လိုက်ပါ ။ ဒါမှမဟုတ်ရင်လည်း တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ တရားထိုင်ကြည့်ပါ။ ဘာကိုမှဆက်မတွေးဘဲ ဦးနှောက်ကို အနားပေးသင့်ပါတယ်။

၂) တစ်ယောက်တည်းနေပါ။
အသက်ရှုလေ့ကျင့်ခန်းလုပ်လို့မရဘူး၊ တရားထိုင်လို့လည်းမဖြစ်နိုင်ဘူးဆိုရင် တစ်ယောက်တည်း တိတ်ဆိတ်တဲ့နေရာမှာ ခဏလောက်နေလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ဘာမှမတွေးဘဲ အိပ်ကြည့်လိုက်ပါ။

၃) ရေချိုးလိုက်ပါ။
ရေချိုးခန်းထဲဝင်ပြီး ခေါင်းကနေ ရေလောင်းချိုးကြည့်လိုက်ပါ။ အာရုံပြောင်းသွားတဲ့အပြင် လန်းဆန်းသွားစေပါလိ့မ်မယ်။

၄) စိတ်ရှုပ်စေတယ်ထင်တဲ့ ပြဿနာတွေကို တခုချင်းချရေးလိုက်ပါ။
တခါတလေ ကိုယ့်စိတ်ထဲမှာ အဖြေမရှိဘူးထင်တဲ့ပြဿနာတွေက စာအုပ်ထဲ အသေးစိတ်ချရေးလိုက်တဲ့အခါ အဖြေထွက်လာနိုင်ပါတယ်။ အဲဒါအပြင် ကိုယ်က ပြဿနာအကြီးကြီးလို့ ထင်နေတဲ့ပြဿနာက ဘာမှမဟုတ်ဘဲ ဖြေရှင်းလို့ရတယ်ဆိုတာ တွေ့လာနိုင်ပါတယ်။ အဲဒါကြောင့် သင့်စိတ်ထဲဖြစ်နေသမျှကို စာအုပ်ထဲချရေးလိုက်ပါ။

၅) အဖြေရှိတယ်ဆိုတာ မမေ့ပါနဲ့။
ဘယ်လိုပြဿနာမျိုးမဆို အဖြေရှိတယ်ဆိုတာ မမေ့ပါနဲ့နော်။ တခါတလေ ကိုယ်ဖြေရှင်းနိုင်ပါတယ်….လို့ ယုံကြည်နေခြင်းက ကိုယ့်ပြဿနာကိုဖြေရှင်းနိုင်မယ့်အဖြေကို အကောင်းဆုံးစဉ်းစားနိုင်လာစေပါတယ်။ “ငါမလုပ်နိုင်ဘူး…..” လို့တွေးတာများလာတဲ့အခါ ပိုပြီးခေါင်းပူလာသလို၊ စိတ်ရှုပ်လာစေနိုင်ပါတယ်။ အဲဒါကြောင့်ပြဿနာတိုင်းမှာ အဖြေရှိတယ်ဆိုတာ မမေ့ပါနဲ့နော်။

၆) ရင်ဖွင့်ပါ။
ကိုယ့်ထက် အဆင်ပြေအောင် ကူညီနိုင်တဲ့သူကို ပြောပြရင်ဖွင့်ကြည့်ပါ။ တကယ်ခံစားနားလည်နိုင်မယ့်သူမျိုးကို ရင်ဖွင့်ပါ။ သူတို့ဆီက ကိုယ်မထင်ထားတဲ့ ထောင့်ကနေ အဖြေတစ်ခုခုကို မြင်လာနိုင်ပါတယ်။
အဲဒီလိုခေါင်းရှုပ်နေတဲ့အချိန်မျိုးမှာ ဆူညံနေပြီး လူရှုပ်ထွေးတဲ့နေရာမျိုးကို ရှောင်ပါ။ ခဏတော့ ကိုယ့်ပြဿနာကိုမေ့သွားနိုင်ပေမယ့် ခေါင်းပိုခဲလာမယ့်အပြင် ခေါင်းကိုက်လာနိုင်ပါသေးတယ်။ စိတ်လည်း မရှည်နိုင်တော့ဘဲ အလိုလို ဒေါသကြီးလာတတ်ပါတယ်။ အဲဒါကြောင့် တစ်ယောက်တည်းတိတ်ဆိတ်ငြိမ်သက်စွာနဲ့ ဘာကိုမှမတွေးဘဲ အေးဆေးနေလိုက်ဖို့လိုပါတယ်နော်

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။