ကောက်ရိုးမီးလိုဖြစ်နေတုန်းလား ?

ဘယ်နေရာမှာမှ မအောင်မြင်ရတဲ့အကြောင်းရင်းတွေထဲမှာလည်း ကောက်ရိုးမီးလိုအကျင့်ကြောင့်ပါပါတယ်။ ကောက်ရိုးမီးဆိုတာက စိတ်ဆန္ဒပြင်းထန်နေတယ်လို့ ထင်ရတဲ့အချိန်မျိုးမှာတော့ အားပါးတရ တက်ကြွနေပြီး ကောက်ရိုးမီးလို ဝုန်းခနဲထတောက်တာမျိုးပေါ့။ အရှိန်ပြင်းပြင်းနဲ့ လောင်စာက ခဏသာ လောင်ပြီးကုန်သွားတဲ့နောက်တော့ မီးငြိမ်းသွားတာပါပဲ။ အဲဒီလိုပေါ့….စိတ်ထဲမှာ သွေးပူနေတုန်းတော့ လုပ်ချင်စိတ်တဖွားဖွားဖြစ်နေပြီးတော့ သွေးအေးသွားချိန်မှာတော့ နောက်ထပ်အာရုံတစ်ခုဆီရောက်သွားတာမျိးပါ။


အဲဒီ့လို အကျင့်မျိုး ကိုယ့်မှာရှိနေတယ်ဆိုရင် အမြန်ဆုံး ကိုယ့်ကိုယ်ကိုယ်သတိပေးပြီး ပြုပြင်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ ကောက်ရိုးမီးအကျင့်ကနေ တဖြည်းဖြည်း အလုပ်ကို အချိန်ရွေ့တတ်တဲ့အကျင့်ဖြစ်လာစေပါတယ်။ တနည်းအားဖြင့် ဆင်ခြေများပေးတတ်လာပြီး အပျင်းဘက်ကိုရောက်လာစေပါတယ်။ ကောက်ရိုးမီးလို ဝုန်းခနဲ ထတောက်နေချိန်မှာတော့ အရှိန်နဲ့လောင်ကျွမ်းနေစေပြီး အရှိန်ကျသွားတဲ့အခါ “နောက်မှလုပ်တာပေါ့….ရပါတယ်” “ဘယ်အချိန်ပြန်စစအဆင်ပြေပါတယ်” “အေးဆေးလုပ်လည်းဖြစ်တာပဲ” ဆိုတဲ့အတွေးမျိုးတွေ ဝင်လာတတ်ပါတယ်။ အဲဒီ့အခါ ဆင်ခြေပေးလွန်းပြီး ပျင်းရာကနေ ဖျင်းတဲ့အထိ ပြန်ဖြစ်သွားတတ်ပါတယ်။
တနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးဖို့ လိုနေတာပေါ့။ လူဆိုတာက ကိုယ့်ကိုယ်ကိုယ်အသိဆုံးပါပဲ။ ကိုယ့်ထက်ဘယ်သူကမှ ကိုယ့်အကြောင်းကိုပိုမသိနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း တွန်းအားပေးမှ ဘယ်အရာမဆို ဖြစ်နိုင်တာပါ။ ကိုယ့်ကိုယ်ကိုယ်တွန်းအားမပေးရင် ဘယ်သူတွန်းအားပေးပေး ကိုယ်မလုပ်ရင်မဖြစ်နိုင်ပါဘူးနော်။ အဲဒါကြောင့် ကိုယ့်မှာ ကောက်ရိုးမီးလိုအကျင့်ရှိနေရင် ကိုယ်သာလျှင် ပြင်မှ တိုးတက်မှာပါ။ ကိုယ့်ကိုယ်ကိုယ်မပြင်ဘဲ ဘယ်သူကမှ လာပြင်ပေးလို့မရနိုင်ပါဘူး။

လူတော်တော်များများက အခြားသူတွေကိုသာ ဘယ်လိုပြောင်းလဲပါ၊ ပြုပြင်ပါလို့ပြောနေပေမယ့် ကိုယ့်ကိုယ်ကိုယ်ရဲ့မကောင်းတဲ့အကျင့်တွေကို ပြုပြင်ပြောင်းလဲပါလို့ တွန်းအားပေးဖို့ကြတော့ မေ့နေတတ်ကြပါတယ်။ အဲဒါကြောင့် ဂန္ဓီက “If you want to change the world, start with yourself” ကမ္ဘာကြီးကိုပြောင်းလဲချင်တယ်ဆိုရင် သင့်ကိုသင်စပြီး ပြောင်းလဲလိုက်ပါလို့ပြောတာပါ။ တနည်းအားဖြင့် လူတွေကို လမ်းပေါ်မှာ အမှိုက်မချကြပါနဲ့လို့ လိုက်ပြောနေမယ့်အစား ကိုယ်တိုင်က အမှိုက်ကို စနစ်တကျစွန့်ပစ်လိုက်ပါ။ ကိုယ့်လိုလူတွေများလာရင် အမှိုက်တွေလမ်းပေါ်မှာနည်းသွားမှာပါပဲ။ အဲဒီလိုပါပဲ…..ဘယ်သူကတော့ ဘယ်လိုလို့ ပြောနေမယ့်အစား ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ကို ကိုယ်တိုင်စပြီးပြုပြင်လိုက်ပါ။ ကိုယ့်ကိုကိုယ်ပြုပြင်မှသာ ဖြစ်မှာပါ။ ဘယ်သူကမှ ကိုယ့်အစားလာပြုပြင်ပေးလို့မရပါဘူး။

ကောက်ရိုးမီးလို ဖြစ်တတ်တဲ့အကျင့်အတွက်လည်း အလားတူပါပဲ။ ကိုယ့်ကိုယ်ကိုယ် ကောက်ရိုးမီးအကျင့်ရှိတဲ့သူမှန်းသိနေရင် ပြုပြင်ရမှာ ကိုယ့်တာဝန်ပါနော်။ ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင် ကောက်ရိုးမီးအကျင့်နဲ့ မအောင်မြင်နိုင်ပါဘူး။
ဘယ်နေရာမှာမဆို အောင်မြင်ဖို့အတွက်အဓိက အခြေခံအကြောင်းရင်းကတော့ စိတ်အားထက်သန်မှုဖြစ်ပါတယ်။ မရရအောင်လုပ်မယ်…..လက်မလျှော့ဘူး။ မဖြစ်ဖြစ်အောင်လုပ်မယ်…..အရှုံးမပေးဘူး။ ဆိုတဲ့ စိတ်အားထက်သန်မှုကနေ စတင်ဖြစ်လာမှာဖြစ်ပြီး စတင်လိုက်ချိန်ကနေ ကြုံလာသမျှ အခက်အခဲ ၊ အတားအဆီးမှန်သမျှကို စိတ်အားထက်သန်မှုကပြန်ပြီး တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။ စိတ်အားထက်သန်မှုကနေစတင်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယရှိရှိ ပေါင်းစပ်လိုက်မှသာ ကိုယ်အလိုရှိရာ ပန်းတိုင်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်မှာပါ။

အဲဒါကြောင့် ကောက်ရိုးမီးစိတ်ဓာတ်ဟာ ကျရှုံးဖို့သေချာတဲ့စိတ်ဓာတ်ဖြစ်ပြီး စိတ်အားထက်သန်ခြင်းဟာ အောင်မြင်ခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
Kelly Ayotte “စိတ်အားထက်သန်ခြင်းဟာ အလုပ်ကြိုးစားခြင်းနဲ့ ထူးချွန်ခြင်းတို့ရဲ့လျှို့ဝှက်ချက်ဖြစ်ပါတယ်” တဲ့။ စိတ်အားထက်သန်မှုကြောင့် ကိုယ်အောင်မြင်ချင်တဲ့အရာတစ်ခုကို စတင်လုပ်ဆောင်ပါလိမ့်မယ်။ ပြီးတဲ့အခါ ကိုယ်အောင်မြင်ချင်တဲ့အရာ တနည်းအားဖြင့် သက်ဆိုင်တဲ့အလုပ်အပေါ်မှာ အသည်းအသန်ကြိုးစားပါလိမ့်မယ်။ အဲဒါကြောင့်ပဲ နောက်ဆုံးမှာ ထူးချွန်ခြင်းနဲ့အောင်မြင်ခြင်းကို ရနိုင်တာဖြစ်ပါတယ်။
အဲဒါကြောင့် ကောက်ရိုးမီးလိုအကျင့် ကိုယ့်မှာရှိနေတုန်းလားဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်ပါ။ အောင်မြင်ချင်တယ်ဆိုရင် ပြုပြင်ပါ။ ကောက်ရိုးမီးဟာ စိတ်အားထက်သန်ခြင်းရဲ့ ဆန့်ကျင်ဘက် ကျရှုံးမှုဆီသာခေါ်ဆောင်သွားနိုင်ပါတယ်လို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။