ဟင်းချက်တတ်ခြင်း နှင့် သူ၏ကောင်းကျိုးများ

ဟင်းချက်တတ်ခြင်းက ဒီနေ့ခေတ်မှာ အမျိုးသမီးတွေချည်း လုပ်တတ်သင့်တဲ့အလုပ်မဟုတ်တော့ပါဘူး။ အမျိုးသားကော၊ အမျိုးသမီးကော လုပ်တတ်သင့်တဲ့အရာဖြစ်နေပါပြီ။ ဒီနေ့ခေတ်မှာက အားလုံးက ကိုယ့်တာဝန်ကိုယ်ယူ၊ ကိုယ့်အစွမ်းအစနဲ့ ခေတ်ကိုအမှီလိုက်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ဟင်းချက်တာလေးလောက်နဲ့ သူများကို အောက်ကျခံနေရမယ်ဆိုရင်ကော ဖြစ်သင့်ပါ့မလား။ အဲဒီ့တော့ ဟင်းချက်တာကိုလည်း အတတ်ပညာတစ်ခုလိုပဲ တတ်မြောက်အောင် သင်ယူလာကြပါပြီ။ မိဘအိမ်ကနေ ခွဲခွာပြီး ကျောင်းတက်ရတာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်ခြင်းက မျက်နှာမငယ်စေပါဘူး။ အဲဒါအပြင် ဟင်းချက်တတ်ခြင်းကြောင့် အခြားကောင်းကျိုးလေးတွေလည်း ရှိပါသေးတယ်။


၁) ကျန်းမာရေးနဲ့ ညီညွှတ်နိုင်ပါတယ်။
ဟင်းမချက်တတ်လို့ လမ်းဘေးစာတွေ စားတာထက်စာရင်တော့ ကိုယ့်ဟာကိုယ်ချက်ပြုတ်စားသောက်တတ်ခြင်းက အာဟာရနဲ့ပြည့်ဝစေပါတယ်။ ကိုယ်စားချင်တာလည်း ၀၀လင်လင်စားရမယ်၊ အာဟာရနဲ့လည်းပြည့်ဝအောင် ပြင်ဆင်ချက်ပြုတ်စားသောက်နိုင်မယ်။ ကျန်းမာရေးနဲ့လည်း ညီညွှတ်စေလို့ ဘယ်လောက်ကောင်းတဲ့အကျိုးပါလဲ။
၂) ဆော်ကြည်ပါတယ်။
Steak အမဲသားကြီးတစ်ပွဲကို အပြင်အဆင်ကောင်းကောင်းနဲ့ အသေးစိတ် ဖန်တီးနေတဲ့ ယောကျာ်းတစ်ယောက်က သိပ်ဆွဲမက်ဖွယ်ကောင်းတယ်လို့ ပြောလေ့ရှိပါတယ်။ အဲ့ဒါကြောင့် ကိုယ်နှစ်သက်သော ကောင်မလေးတွေကို Impress လုပ်နိုင်ဖို့ ဟင်းချက်သင်ထားရင်တော့ အမှတ်အပိုဆု ရမယ့် သဘောမှရှိပါတယ်။
အစားအသောက်နဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေ တိုးစေပါတယ်။
ကိုယ်စားချင်တာ ကိုယ်တိုင် ချက်ပြုတ်တတ်တော့ ကိုယ်စားချင်တာ ချက်ပြုတ်နိုင်တဲ့အပြင် ကိုယ်ထပ်ပြီး စားချင်တဲ့အသစ်အဆန်းဟင်းလျာတွေကိုလည်း စာအုပ်တွေရှာဖတ်ပြီး ဆန်းသစ်ချက်ပြုတ် နိုင်ပါတယ်။ အဲဒါကြောင့် အစားအသောက်နဲ့ပတ်သက်ပြီး အကြံဉာဏ်အသစ်တွေတောင် ပေါ်ထွက်လာနိုင်ပါသေးတယ်။
၃) မိသားစု ချစ်ခြင်းမေတ္တာတိုးစေပါတယ်။
မိသားစုမှ အားလုံးစုပြီးချက်ပြုတ်စားသောက်ကြတာဆိုရင်လည်း မိသားစုအတွင်းမှာ စလိုက်နောက်လိုက်နဲ့မို့ ပျော်စရာကောင်းသလို၊ မိသားစုအချင်းချင်းကြား ချစ်ခြင်းမေတ္တာတိုးစေပါတယ်။ ပိုပြီးလည်း နွေးထွေးနိုင်ပါတယ်။ အဲဒါအပြင် မိသားစုမှာ အမေကသာ မီးဖိုချောင်ဝင်နိုင်တဲ့ထုံးစံကနေ အဖေကပါ ဝင်ပြီးကူညီချက်ပြုတ်ပေးတာမျိုးလုပ်တဲ့အခါ သားသမီးတွေက အဖေကိုပါ လေးစားမှုထပ်တိုးနိုင်ပါတယ်။ မီးဖိုချောင်ဝင်ချက်ပြုတ်ပေးတဲ့ဖခင်ရှိတဲ့မိသားစုက ဆင်းသက်လာတဲ့ကလေးတွေကလည်း ဖခင်ကို အားကျတဲ့အနေနဲ့ ဒီအလေ့ကောင်းကို လက်ဆင့်ကမ်းလို့ သူတို့အလှည့်ကျရင်လည်း သာယာတဲ့မိသားစုဖြစ်အောင် ကြိုးစားတည်ထောင်နိုင်လာမှာပါ။
၄) ငွေကုန်သက်သာစေပါတယ်။
ကိုယ်တိုင်ဈေးဝယ်ချက်ပြုတ်စားသောက်တာက စရိတ်စက ပိုတောင် သက်သာစေပါတယ်။ ငွေကုန်သက်သာပြီး စားသောက်တဲ့အခါမှာလည်း ဆိုင်မှာလိုမဟုတ်ဘဲ ၀၀လင်လင်စားသောက်နိုင်ပါတယ်။
၅) အောက်ကျခံစရာမလိုတော့ပါဘူး။
သင့်သူငယ်ချင်းတွေ ကြားထဲမှာ သင်က ဟင်းချက်တတ်ရင် ဆရာကြီးပါပဲ။ ဘာလို့လဲဆိုတော့ သူတို့စားချင်တာမှန်သမျှ ချက်ပြုတ်ပေးနိုင်လို့ သင်ပြောသမျှ ဟိတ်….တိတ်ပဲပေါ့။ သင့်ကိုတောင် သူတို့စားချင်တာ ချက်ပြုတ်ပေးနိုင်ဖို့ ကပ်ဖားရပ်ဖားလုပ်နေရအုံးမှာပါ။ ဒီတစ်ချက်နဲ့တင် သင်ဟင်းချက်တတ်တာ တော်တော်အကျိုးရှိနေပါပြီနော်။ သူများကို ကိုယ်စားချင်တာလေးအတွက်နဲ့ အောက်ကျို့ခံရတဲ့ ဘဝကနေ လွတ်တာပဲပေါ့။
၆) ဘယ်နေရာရောက်ရောက် အဆင်ပြေစေပါတယ်။
မိဘအိမ်နဲ့ခွဲလို့ အလုပ်ကိစ္စလား၊ ကျောင်းကိစ္စလား၊ နယ်လားမြို့လား၊ နိုင်ငံခြားလား ဘယ်ကိုသွားမလဲ၊ ကြိုက်တာသွားနိုင်လို့ ကိုယ်စားချင်တာ ကိုယ်တိုင်ချက်ပြုတ်တတ်လို့ အစားအသောက်အတွက်နဲ့ တွေးပူစရာကိုမလိုတော့တာပါ။ သင့်မိဘလည်း သင့်အတွက် အစားအသောက်အဆင်ပြေပါ့မလားလို့ စိတ်ပူရတဲ့ဒဏ်ကနေ လွတ်ပြီပေါ့။ သင်လည်း သူများနေရာ၊ သူများမြို့ရွာမှာ အစားအသောက်ဒုက္ခရောက်မယ့်ဘဝကနေ ကင်းလွတ်ပါတယ်။
၇) သင့်ရဲ့ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဘက်နဲ့လည်း ပိုပြီးအဆင်ပြေစေပါတယ်။
သင့်ချစ်သူကို သင်ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးနိုင်ခြင်းက သင့်ကို စူပါစတားတစ်ယောက်လို ထင်မြင်လာစေပါတယ်နော်။ ကိုယ့်ရဲ့အိမ်ထောင်ဘက် ဒါမှမဟုတ် ချစ်သူကလည်း သင့်ကိုအချစ်တွေတိုးလာစေနိုင်သလို၊ သင့်ကို အထင်ကြီးလေးစားသွားမှာပါ။ မီးဖိုချောင်နဲ့ ရင်းနှီးတဲ့ယောကျာ်းတွေက သိပ်ချစ်စရာကောင်းတယ်ဆိုတာ ကြားဖူးကြတယ်မဟုတ်လား။ အဲဒါကြောင့် ဟင်းချက်တတ်ခြင်းက သင့်ရဲ့relationship တွေကိုလည်း ပိုကောင်းလာစေနိုင်ပါတယ်။
အထက်ပါအကျိုးကျေးဇူးတွေက ဟင်းချက်တတ်ခြင်းကြောင့် ရနိုင်တဲ့ကောင်းကျိုးတွေပါပဲနော်။ သင်လည်း ခုထိဟင်းမချက်တတ်သေးဘူးဆိုရင်တော့ ခုပဲသင်ထားလိုက်ပါတော့လို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို ဖော်ပြလိုက်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။