COVID – 19 မှ ယူတတ်ရင်ရနိုင်တဲ့ ဘဝသင်ခန်းစာများ

ခုအချိန်မှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ COVID – 19 ရောဂါဆိုးကြီးကြောင့် တစ်ကမ္ဘာလုံးအထိတ်တလန့်ဖြစ်နေကြပါတယ်။ အဲဒီ့ရောဂါကြောင့် လူတွေရဲ့စိတ်ထားတွေ၊ အချို့အချို့တွေရဲ့ မေတ္တာတရားတွေ၊ အချို့တွေရဲ့ အတ္တတွေ စသဖြင့် အများကြီးမြင်လာရသလို သံဝေဂရစရာတွေလည်း အများကြီး တွေ့လာရပါတယ်။ ကျွန်တော်တို့တွေအတွက် အဆိုးတွေဆိုတာ COVID – 19 ဖစ်မှရယ်မဟုတ်ပါဘူး။ ဘဝရှင်သန်ရပ်တည်နေသရွေ့ အဆိုးတွေက ကြုံနေရမှာပါပဲ။ အခုကတော့ တစ်ကမ္ဘာလုံးနဲ့ချီတဲ့အဆိုး၊ ကပ်ရောဂါဖြစ်နေတဲ့အတွက် လူတိုင်းလိုလိုရင်ဆိုင်ရတဲ့အဆိုးလို့ပြောရမှာပဲပေါ့။ ဒါပေမယ့် အဆိုးကြုံလာတဲ့အခါ ကြုံလာတဲ့အဆိုးတွေထဲကနေ ယူတတ်ရင် ရနိုင်တဲ့သင်ခန်းစာတွေအများကြီးရှိပါတယ်။ အဲဒီ့သင်ခန်းစာတွေကနေ ကိုယ့်အတွက် ပညာယူပြီး ရှေ့ဆက်သွားနိုင်အောင်ကြိုးစားနိုင်သလို၊ ကိုယ်တိုင်မခံစားချင်တာတွေကို အခြားသူများလည်း မခံစားရအောင် လိုက်နာနိုင်ပါသေးတယ်။ အဲဒါသည်ပင် အဆိုးကနေရနိုင်တဲ့ ကောင်းကျိုးတွေပါပဲ။ အဲဒါကြောင့် COVID – 19 မှ ယူတတ်ရင်ရနိုင်တဲ့သင်ခန်းစာတွေက ဘာဖြစ်မလဲလို့ ဖော်ပြပေးလိုက်ရပါတယ်နော်။


၁) သေခြင်းတရားဟာ မေ့မထားသင့်ကြောင်းသိလာနိုင်ပါတယ်။
လူတိုင်းကိုယ်စီသိလျက်နဲ့ မေ့ထားနေမိတာက သေခြင်းတရားပါပဲ။ လူတိုင်းက နောက်ဆုံးဒီလမ်းကိုသွားရမှာကို သိပြီးသားဖြစ်ပေမယ့် ရှင်သန်နေတုန်းလေးမှာ အကျိုးရှိအောင်နေသင့်တယ်ဆိုတာကိုပါ မေ့ထားမိတတ်ကြပါတယ်။ ရှင်သန်နေတုန်းမှာ ကိုယ်က ပတ်ဝန်းကျင်ကို ဒုက္ခပေးနေတဲ့လူမျိုးလား၊ ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင်ကိုကောင်းကျိုးရှိတဲ့အလုပ်တွေလုပ်ရင်း အကျိုးပြုနေတဲ့လူလားဆိုတာကို ပြန်မသုံးသပ်မိတတ်ကြပါဘူး။ ဒါပေမယ့် တကယ့်တမ်း မနက်ဖြန်လို ဘဝနေဝင်ချိန်ကိုရောက်ရတော့မယ်ဆိုရင် ဘဝရဲ့နောက်ဆုံးအချိန်ကိုရောက်ခါမှ ဘဝတစ်ခုလုံးကို ပြန်ပြီးသုံးသပ်နောင်တရမိတတ်ကြတာမျိုးပါ။ အဲဒီ့အခါကျမှ “ဘယ်အရာတွေကို လုပ်မိလေခြင်း” “ဘယ်အရာတွေကိုအလကားအဓိပါ္ပယ်မရှိလုပ်မိနေတယ်” ဆိုပြီး တွေးတောတတ်လာကြတာပါ။ တစ်ကမ္ဘာလုံးက လူတွေတဖြုတ်ဖြုတ်သေဆုံးနေတာကို မြင်လာရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မသေခင် ဘာတွေလုပ်ဖို့လုပ်မလဲဆိုတဲ့ အသိတရားမျိုးလည်း ရလာနိုင်ပါတယ်။ အဲဒါကြောင့် ခုချိန်မှာ သင်လည်း သင့်ကိုသင်ပြန်မေးကြည့်လိုက်ပါနော်။ ကိုယ်တိုင်ရော ဘာတွေလုပ်မိနေပါသလဲ။ ရှင်သန်နေရတုန်းခဏမှာ အကျိုးမရှိတာတွေအတွက် အချိန်ဖြုန်းနေသလားဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ရင်း ဒီကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အခါ ဘာတွေလုပ်သင့်သလဲဆိုတာ ပြန်သုံးသပ်ရင်း အကျိုးရှိစွာ ဘဝကိုဖြတ်သန်းကြရအောင် ကြိုတင်စီစဉ်ရင်း အားတင်းပါနော်။

၂) အချိန်ရှိခိုက်လုံ့လစိုက်ခြင်းဟာ အလကားမဖြစ်စေပါဘူး။
ဒီလိုမျိုး စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ ကျန်းမာရေးအရ အခက်အခဲတွေဖြစ်ကြရတဲ့အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်ရအောင်ပါ။ “ကိုယ်က အချိန်ရှိခိုက်လုံ့လစိုက်ခဲ့ပါရဲ့လား” ဆိုတာပါပဲ။ ခုချိန်ကျမှ “ဟာ….ငါတော့ ဒါလေးတောင် မလုပ်လိုက်ရဘူး” “ဟာ ငါတော့ ဒီအစီအစဉ်လေးလုပ်မလို့စဉ်းစားနေတုန်း” ဆိုတာမျိုးတွေဖြစ်မိနေသလား။ ဒါဆိုရင်တော့ ဒီအခိုက်အတန့်ကို မမေ့ပစ်လိုက်ပါနဲ့။ ဒီကရတဲ့သင်ခန်းစာကို ကောင်းကောင်းမှတ်သားထားပါ။ ဘဝမှာ ဘယ်အရာကမှ မတည်မြဲတာကြောင့် “နောက်မှလုပ်မယ်…..ဒါလေးပြီးမှ စဉ်းစားမယ်….” စသဖြင့် တွေးမိနေတာမျိုးတွေမှာ လုပ်သင့်တာရှိရင် ချက်ချင်းအကောင်အထည်ဖော်သင့်တယ်ဆိုတာ ဒီတစ်ခါရတဲ့သင်ခန်းစာနဲ့တင် လုံလောက်ပါစေ။ နောက်ထပ်အဖြစ်မခံပါနဲ့နော်။

၃) ကိုယ်ချင်းစာစိတ်ရှိဖို့လိုတယ်ဆိုတာ ပိုသိလာနိုင်ပါတယ်။
ကိုယ်ချင်းစာစိတ်ဆိုတာမျိုးက ကိုယ်တိုင် ကိုယ်ချင်းစာစိတ်နည်းပါးတဲ့လူအတွက်တော့ မသိနိုင်ပါဘူး။ တကယ်တမ်း ဒီလိုအခက်အခဲအကြပ်အတည်းမျိုးကြုံလာမှသာ ကိုယ်ချင်းမစာနာတတ်သူမျိုးနဲ့ကြုံရမှသာ ကိုယ်ချင်းစာစိတ်ရဲ့အဓိပါ္ပယ်ကိုသိလာနိုင်တာပါ။ လူတွေဆီကနေ တဆင့် သင်ခန်းစာပြန်ယူပြီး ကိုယ့်ဘဝကို ပြုပြင်ယူပါ။ ကိုယ်ချင်းစာစိတ်နည်းပါးတဲ့လူတွေကို မြင်ရတဲ့အခါ ကိုယ့်အလှည့်ကျ သူတို့လို ကိုယ်ချင်းစာစိတ်နည်းပါးသူတွေမဖြစ်အောင် ကြိုးစားရမယ်ဆိုတဲ့ သင်ခန်းစာမျိုးရလာနိုင်ပါတယ်။

၄) မိသားစုကို ပိုပြီးအချိန်ပေးသင့်တယ်ဆိုတာ သိလာနိုင်ပါတယ်။
ဒီလိုအခိုက်အတန့်မျိုးမှာ အချိန်ကတန်ဖိုးရှိတယ်ဆိုတာပိုသိလာသလို ကိုယ့်မိသားစုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေဖန်တီးဖို့က အရေးကြီးတယ်ဆိုတာလည်း သိလာနိုင်ပါတယ်။ အကြောင်းရင်းက ကိုယ့်ရဲ့မိသားစုနဲ့ ပျော်ရွှင်စွာ အချိန်ဖြုန်းဖို့လိုတယ်ဆိုတာမျိုး၊ ကိုယ့်မိဘကို ဂရုစိုက်ဖို့လိုတယ်ဆိုတာမျိုး၊ ကိုယ့်သားသမီးကို ပိုအချိန်ပေးသင့်တာမျိုး၊ ကိုယ့်ခင်ပွန်း၊ ဇနီးကို ပိုကူညီသင့်တယ်ဆိုတာမျိုးတွေကို ဒီလိုအခက်ကြုံချိန်ကျမှ နားလည်နိုင်တာပါ။ အခက်ကြုံရလေလေ ကိုယ့်မိသားစုကို ဆုံးရှုံးရမှာပိုကြောက်လေလေဆိုတာ ပိုသိလာတဲ့အတွက်ကြောင့်ကို မိသားစုပိုပြီး ဂရုစိုက်သင့်တယ်ဆိုတာ သိလာမှာ အမြတ်ပါပဲ။

၅) နောင်ရေးစုငွေမဖြစ်မနေဖယ်သင့်တယ်ဆိုတာ သိလာနိုင်ပါတယ်။
အခုလိုအချိန် လူတိုင်းအကြပ်အတည်းနဲ့ရင်ဆိုင်ရချိန်မျိုးမှာ ကိုယ်ပိုင်စုငွေဟာ ဘယ်လောက်အရေးကြီးလဲဆိုတာ သိလာမှာပါ။ ကိုယ်ရဲ့နောင်ရေးအတွက် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အရေးပေါ်စုငွေဟာ အရေးကြီးမှန်းသိပေမယ့် မေ့ထားတတ်ကြပါတယ်။ တကယ့်အကြပ်အတည်းနဲ့ ကြုံလာချိန်မှာ စုငွေဟာ မဖြစ်မနေရှိထားသင့်ကြောင့် သင်သိလာမှာပါ။ အဲဒါကြောင့် ဒီအခက်အခဲတွေပြီးသွားတဲ့အခါ နောင်ရေးအတွက် ကြိုတင်စီစဉ် plan ဆွဲဖို့ မမေ့ပါနဲ့တော့နော်။

၆) လူတွေရဲ့စိတ်ထားအမှန်ကို ပိုသိလာနိုင်ပါတယ်။
လူတွေရဲ့ ဘယ်လောက်ဟန်ဆောင်ကောင်းကောင်း အခက်ကြုံချိန်မှာ စိတ်ထားအစစ်အမှန်ပေါ်လာတော့တာပါပဲ။ အခက်ကြုံချိန် မရှိအတူရှိအတူဆိုတဲ့ စိတ်ထားရှိသူတွေ အလျှိုလျှိုပေါ်လာမယ် ၊ ကိုယ်အဆင်ပြေရင်ပြီးရောဆိုတဲ့စိတ်ထားရှိသူတွေ အလျှိုလျှို မြင်လာရမယ်၊ စသဖြင့်ပေါ့။ အခက်ကြုံလာချိန်ရဲ့ အမြတ်က လူတွေရဲ့စိတ်ရင်းအမှန်ကိုသိလာရတာပါပဲ။
စာဖတ်သူတွေရော ဒီရောဂါဆိုးကြီးနဲ့ကြုံတဲ့အချိန်မှာ သံဝေဂရလာတာတွေရှိရင် မန့်သွားကြပါအုံးနော်။ အထက်ကအချက်တွေကိုတော့ ဒီရောဂါဆိုးကြီးကို ကျော်လွှားနိုင်တဲ့အချိန်ရောက်ရင် သတိတရနဲ့ သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကိုယ်ပြုပြင်ယူကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။