COVID _ 19 ကာလမှာ စိတ်ဖိစီးမှုမများအောင် ဘယ်လိုနေထိုင်ကြမလဲ။

COVID _ 19 ကာလမှာ ဝန်ထမ်းလည်း ဝန်ထမ်းအလျောက်၊ အလုပ်ရှင်လည်းအလုပ်ရှင်အလျောက်၊ ပြည်သူဝန်ထမ်းတွေလည်း ဝန်ထမ်းအလျောက် စားဝတ်နေရေးအတွက်ရော၊ မိသားစုအတွက်ရော၊ အလုပ်အကိုင်၊ ငွေကြေး၊ စသဖြင့် လူတန်းစားမရွေး ပူပန်သောကရောက်ကြရတဲ့အချိန်လို့ပြောရင်လည်း မမှားနိုင်ပါဘူးနော်။ ဒါပေမယ့် အဲဒီလိုစိုးရိမ်ပူပန်နေခြင်းက စိတ်ဖိစီးမှုများလာစေနိုင်ပြီး ကျန်းမာရေးကို တနည်းမဟုတ်တနည်းနဲ့ ထိခိုက်လာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ကျွန်တော်တို့ရဲ့ကိုယ်ခံအားကို လာပြီးထိခိုက်စေလို့ COVID – 19 ဝင်လာနိုင်ဖို့ လမ်းကြောင်းပေးသလိုဖြစ်နေနိုင်ပါသေးတယ်။ အဲဒါကြောင့် ဒီကာလမှာ စိတ်ကို ဘယ်လိုပြင်ဆင်ပြီး နေထိုင်ကြမလဲဆိုတာလေး ဖော်ပြပေးချင်ပါတယ်။


၁) ကိုယ့်ကိုယ်ကိုယ်အတတ်နိုင်ဆုံးကာကွယ်ဖို့ပဲတွေးပါ။
ဒါကတော့ ဒီအချိန်မှာ မဖြစ်မနေ အရေးကြီးတဲ့အချက်ပါ။ အချို့တွေ အလုပ်ကနားလိုက်ရတာမျိုး၊ အလုပ်လက်မဲ့ဖြစ်သွားတာမျိုး၊ Work from home ဖြစ်တာ၊ ဒါမှမဟုတ် အလုပ်က ခုထိ သွားနေရတုန်း စသဖြင့် ဘယ်လိုအခြေအနေမျိုးနဲ့ဖြစ်ပါစေ၊ ခုချိန်မှာ အဓိက နံပါတ်တစ် ကိုယ့်ရဲ့ကျန်းမာရေးကောင်းနေမှဖြစ်မယ်လို့ သတိပေးပါ။ ကိုယ့်ကျန်းမာရေးကောင်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သလောက်ကာကွယ်မယ်၊ ကိုယ့်ရဲ့ကိုယ်ခံအားကောင်းအောင်ဂရုစိုက်မယ်၊ (ကာကွယ်ရေးနည်းလမ်းတွေနဲ့ ကိုယ်ခံအားကောင်းအောင်လုပ်ရမှာတွေက အထပ်ထပ်မြင်နေတွေ့နေ့ကျမို့ အသေးစိတ်မရေးတော့ပါဘူးနော်) အဲဒါကြောင့် အခုချိန်မှာကိုယ့်ကိုယ်ကိုယ်သတိပေးပါ “ငါစိတ်ဆင်းရဲနေလို့မဖြစ်ဘူး၊ ငါစိတ်ဓာတ်ကျနေလို့မဖြစ်ဘူး၊ ငါစိတ်ဖိစီးနေလို့မဖြစ်ဘူး”စသဖြင့် တဖွဖွ ကိုယ့်ဟာကိုယ်သတိပေးပြီး အစားဝင်အောင်စား၊ အိပ်ရေး၀၀အိပ်၊ လက်ဆေးဖို့ ၊ အတတ်နိုင်ဆုံးအိမ်ထဲနေဖို့သာ ကိုယ့်ကိုယ်ကိုယ်တိုက်တွန်းပါ။

၂) ကိုယ့်ကိုစိတ်ဖိစီးစေတဲ့သတင်းတွေ မခိုင်လုံရင်ကျော်သွားပါ။
အခုချိန်မှာက သတင်းအမှားတွေနဲ့ ဝါဒဖြန့်သူတွေ၊ like & share ယူပြီး ဆယ်လီဖြစ်ချင်သူတွေက အမျိုးမျိုးသော သတင်းအမှားတွေ၊ မခိုင်လုံတဲ့သတင်းတွေ စသဖြင့် သတင်းပေါင်းစုံကိုမြင်ပြီး ပိုစိတ်ဆင်းရဲစေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်အတွက် မှန်ကန်တဲ့သတင်းမျိုးကိုသာ အချိန်မှန်စောင့်ကြည့်ပါ။ ကျန်တဲ့အချိန်မှာ မြင်သမျှတိုင်းကိုလည်း မယုံကြည်ပါနဲ့။ ကိုယ့်အတွက်စိတ်ဖိစီးစေတယ်ဆိုရင် ဖေ့ဘုတ်သုံးတာ ခဏတဖြုတ်နားလိုက်ပါ။ မဟုတ်ရင်တော့ သတင်းပေါင်းစုံကြည့်ပြီး စိုးရိမ်တာတဖုံ၊ ဒေါသထွက်တာတမျိုးနဲ့ အကုသိုလ်များလိုက် စိတ်ပူလိုက်နဲ့ နှလုံးရောဂါပါရသွားလောက်ပါတယ်။

၃) စိတ်တည်ငြိမ်စေတဲ့အရာတွေလုပ်ပါ။
ယောဂကျင့်တာမျိုး ဒါမှမဟုတ် ဉာဏ်စမ်းဖြေတာမျိုး၊ စာဖတ်လိုက်တာမျိုး ၊ တရားထိုင်လိုက်တာမျိုး ကိုယ့်ဝါသနာပါရာတခုခုလုပ်လိုက်တာမျိုးလုပ်ပေးပါ။ ကိုယ့်စိတ်အခြေအနေအရ ကိုယ့်ကိုယ်ကိုယ်သိပါ၊ ကိုယ့်စိတ်အရမ်းဖိစီးနေပြီလား။ အရမ်းစိတ်ပူနေတာလား စသဖြင့်ပေါ့ တခုခုကိုယ့်စိတ်ထဲ အဆင်မပြေဘူးထင်တာနဲ့ ကိုယ့်စိတ်ကိုတည်ငြိမ်စေတဲ့အရာတခုခုကို အာရုံပြောင်းလုပ်လိုက်ပါနော်။

၄) ဖြစ်လာသမျှအကောင်းဆုံးဖြစ်အောင်ရင်ဆိုင်မယ်ဆိုတဲ့စိတ်မွေးပါ။
ဒီစိတ်ဓာတ်က အခုချိန်မှာ အလိုအပ်ဆုံးပါပဲ။ ကိုယ့်စိတ်ကို ကိုယ်တိုင်ရဲရဲဆုံးဖြတ်ချက်ချထားပါ။ ဖြစ်လာသမျှ အဆိုးဆုံးကိုကြိုတွေးပြီး အကောင်းဆုံးပြင်ဆင်ထားဖို့ ကိုယ့်စိတ်ထဲအသင့်ပြင်ထားပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အနိုင်ပြန်ချမယ်ဆိုတဲ့စိတ်မျိုးကို အသင့်ပြင်ထားသင့်သလို၊ ကိုယ့်ကိုယ်ကိုယ်လည်း အကောင်းဆုံးကာကွယ်မယ်ဆိုတဲ့စိတ်နဲ့ ကာကွယ်ထားရမှာပါပဲ။ အခြေအနေတိုင်းကို စိုးရိမ်လွန်တာနဲ့ ကြိုတင်ပြင်ဆင်မှုမရှိတာက ကျရှုံးစေပါတယ်။ အစိုးရိမ်မလွန်ဘဲ တည်ငြိမ်စွာ ဖြစ်လာသမျှ အကောင်းဆုံးရင်ဆိုင်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးပါ။

၅) သက်ဆိုင်ရာဘာသာရေးပိုလုပ်ပါ။
ဘာသာရေးဆုတောင်းပွဲလို လူစုလူဝေးမျိုးမဟုတ်ပါဘူး။ ကိုယ့်ယုံကြည်ရာကို ကိုယ့်အချိန်လေးရသလောက်လုပ်ကြည့်ပါ။ ရောဂါကို ကာကွယ်ဖို့ ၊ မကာကွယ်ဖို့ မဟုတ်ဘဲ ကိုယ့်ရဲ့စိတ်တည်ငြိမ်အေးချမ်းရာကို ရစေအောင်ပါပဲ။ ကိုယ်ယုံကြည်တာလေးကို ပုံမှန်လေးလုပ်ဖြစ်တဲ့အခါ ကိုယ့်ဟာကိုယ်တော့ ယုံကြည်မှုလေးရှိသွားတာပါပဲ။ အနည်းဆုံးတော့ စိတ်တည်ငြိမ်သွားစေပါတယ်။ ဥပမာ။ တရားထိုင်တာ၊ ပုတီးစိတ်မျိုးပေါ့။
အဲဒါကြောင့် COVID -19 ကြောင့် စိတ်ဖိစီးမှုတွေခံစားနေရတယ်ဆိုရင် အထက်ကအချက်လေးတွေဖတ်ကြည့်ပြီး အဆင်ပြေအောင် နေထိုင်ကြည့်ပါ။ စိတ်ကို တည်ငြိမ်အောင်ကျင့်ပါ။ အဆိုးဆုံးအတွက် အကောင်းဆုံးကိုကြိုတင်ပြင်ဆင်နိုင်ဖို့ စိတ်တည်ငြိမ်ဖို့လိုပါတယ်။ အားလုံးအတူတူ တိုက်ပွဲဝင်ကျော်ဖြတ်နိုင်မှာပါ။ အားတင်းထားကြရအောင်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။