Comfort zone ထဲမှာနေချိန်မှာ ကိုယ့်အတွက်ကြိုတင်ပြင်ဆင်ထားနိုင်မယ့်အရာများ

Comfort zone ထဲမှာ နေခြင်းဟာ လူကို တဖြည်းဖြည်း ပျင်းရိလာစေပြီး ဖျင်းလာစေနိုင်ပါတယ်။ အဲဒါအပြင် ရေလိုက်ငါးလိုက်နေရင်း သက်တောင့်သက်သာနေရမှုကို နှစ်ခြိုက်လာစေပါတယ်။ ဒီသဘောတရားကိုတော့ လူတိုင်းနီးပါး သိပြီးဖြစ်ကြမှာပါပဲ။ ဒါပေမယ့် အဲဒီလို Comfort Zone ထဲမှာနေရင်း ရုန်းထွက်ဖို့အဆင်သင့်မဖြစ်သေးခင်မှာ Comfort Zone ရဲ့ပြင်ပမှာ ဆက်လက်ရှင်သန်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားနိုင်ပါတယ်။ Comfort Zone ထဲမှာနေရင်း ယူတတ်ရင် ပညာတွေရနိုင်ပါတယ်။ ဘာတွေကြိုတင်ပြင်ဆင်နိုင်မလဲဆိုတာ တစ်ချက်လောက်လေ့လာကြည့်ရအောင်ပါ။


၁) သင်တန်းတစ်ခုခုတက်မယ်။
Comfort Zone ထဲကနေ ထွက်ခွာနိုင်ဖို့ သင်တန်းတစ်ခုခုတက်မယ်။ ခုလတ်တလောမှာ အရမ်းကြီး ခက်ခဲပြီး ရုန်းကန်နေရတာမျိုးမရှိတဲ့အခြေအနေမျိုးမှာ မြောပါမနေဘဲ comfort zone ထဲက ထွက်တာနဲ့ ပြန်ပြီးအသုံးချနိုင်မယ့် အသုံးချသင်တန်းတစ်ခုခုသင်ယူထားနိုင်ပါတယ်။ သက်တောင့်သက်သာနေရင်းနဲ့ တဖက်ကသင်တန်းကိုပိုပြီး အာရုံစိုက်၊ အကျိုးရှိအောင် ထိရောက်အောင် သင်ယူထားလိုက်ပါ။ comfort zone ထဲကနေ ထွက်ခွာတဲ့အခါ ကိုယ့်အတွက် တတ်သင့်တာတတ်မြောက်ထားတဲ့အခါ အချိန်တွေအလကားမဖြစ်တော့ဘဲ နေရာတစ်နေရာမှာ ပြန်လည်အသုံးချနိုင်တာပေါ့။

၂) အတတ်ပညာတစ်ခုခုသင်မယ်။
အလားတူပါပဲ။ သင်တန်းတစ်ခုခုမတက်ဘဲ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုသင်လို့လည်းရပါတယ်။ comfort zone ထဲမှာနေရတာဖြစ်တဲ့အတွက် အတတ်ပညာကို သေချာတတ်ကျွမ်းအောင် သင်ယူဖို့ အချိန်ရော၊ လူရော အများကြီးအသုံးချနိုင်မှာပါ။ အဲဒါကြောင့် comfort zone ထဲကနေ ထွက်ဖို့အဆင်သင့်ဖြစ်နေစေမှာပါ။

၃) ဘာသာစကားသင်ယူမယ်။
နောက်တနည်းကတော့ နိုင်ငံခြားရုပ်ရှင်တွေ သတင်းတွေကနေ ဘာသာစကားတွေကြည့်ပြီး ပြန်သင်ယူနိုင်ပါတယ်။ စကားလုံးအသစ်တွေသင်ယူနိုင်ပါတယ်။ ကျက်မှတ်နိုင်ပါတယ်။

၄) ကိုယ်ပိုင်စီးပွားရေးအကြောင်းလေ့လာမယ်။
ကိုယ်က comfort zone ထဲမှာဖြစ်နေတာကြောင့်ကိုပဲ အလုပ်နဲ့ဖြစ်ဖြစ် အရမ်းခက်ခဲတဲ့အခြေအနေမျိုးမကြုံနိုင်ခြင်းက အခြားလုပ်ငန်းအတွေ့အကြုံတွေကို လေ့လာနိုင်ပါတယ်။ ကိုယ်စိတ်ပါဝင်စားတဲ့လုပ်ငန်း ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းကိုဘယ်လိုစတင်မလဲ ဆိုတာမျိုးတွေအတွက်တောင် အတွေ့အကြုံရအောင် မျှပြီး လေ့လာထားလို့ရနိုင်ပါတယ်။

၅) ကိုယ့်ဝါသနာကို စတင်မယ်။
Comfort zone ဆိုတဲ့အတိုင်း ပုံမှန်လေးနေသွားရင် အဆင်ပြေနေတဲ့အခြေအနေမျိုးကိုထိန်းထားပြီး တဖက်တလမ်းကေန ကိုယ့်ဝါသနာကို တဖြည်းဖြည်းပုံဖော်ထားလို့ရပါတယ်။ ဥပမာ။ စာရေးချင်တဲ့သူဆိုရင် ပေ့ချ်လေးဖွင့်ပြီး စာရေးနေတာမျိုးလေးတွေလုပ်တာ၊ ပန်းချီသမားဆို ပေ့ချ်လေးဖွင့်ပြီး ကိုယ့်အားလပ်ချိန်မှာ ဆွဲထားတဲ့လက်ရာလေးတွေကို တင်တာမျိုးလုပ်ရင်းနဲ့ ကိုယ့်ဝါသနာပိုအောင်မြင်လာမယ့်လမ်းကြောင်းအတွက် ကြိုးစားနေလို့ရပါတယ်။

၆) သက်ဆိုင်ရာဗဟုသုတရှာဖွေမယ်။
ကိုယ်နောက်ထပ်လုပ်ဖို့ စီစဉ်ထားတဲ့လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ လေ့လာနိုင်တယ်၊ နောက်လုပ်ငန်းမှာ လိုအပ်တဲ့ skills တွေကို comfort zone ထဲမှာနေတုန်း အဆက်မပြတ်သင်ယူထားမယ်၊ ဒါမှမဟုတ်လည်း စာဖတ်နိုင်မယ်၊ အခြား ဗဟုသုတရစရာတွေ ရှာမှီးမယ်၊ စုဆောင်းသင်ယူထားမယ်ဆိုတာမျိုးတွေ လုပ်နိုင်ပါတယ်။

တစ်ခုရှိတာက comfort zone ထဲမှာနေတုန်း “ငါ့အတွက် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ” ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေးနေဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ comfort zone ထဲမှာနေပြီး ဘာကိုမှမသိ၊ ပုံမှန် သက်တောင့်သက်သာရှင်သန်နေရတာကိုပဲ နှစ်သက်ပြီး ပြောင်းလဲဖို့ ၊ တိုးတက်ဖို့စိတ်မဝင်စား၊ ဘာမှမလေ့လာချင်ရင်တော့ comfort zone ထဲမှာပဲ နေထိုင်ရင်း အချိန်ကုန်လေ၊ လူပျင်းလာလေ လူဖျင်းဖြစ်လာလေလေနဲ့ အချိန်တန် comfort zone ထဲက ထွက်သွားတဲ့လူတွေက နေရာတစ်ခုမှာ အောင်မြင်နေတဲ့အချိန်မှာ သင်ကတော့ သူတို့ကို ငေးမောအားကျနေရတဲ့ဘဝကနေ တက်မှာမဟုတ်ပါဘူးနော်။ အဲဒါကြောင့် ခုလက်ရှိ comfort zone ထဲမှာကျင်လည်နေတယ်ဆိုရင်လည်း စိတ်ညစ်နေစရာမလိုသလို၊ ကိုယ့်အတွက်ကြိုတင်ပြင်ဆင်ဖို့ သတိပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။