ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လိုလျှော့ချနိုင်မလဲ။

လူတိုင်းရဲ့ဘဝမှာ တာဝန်ကိုယ်စီယူနေကြရတာချည်းပါပဲ။ နောက်ဆုံး ဘယ်သူ့တာဝန်မှမရှိရင်တောင် ကိုယ့်တာဝန်တော့ကိုယ်ယူနေကြရမှာပါ။ တာဝန်ကိုယ်စီယူပြီး ဘဝမှာရှင်သန်ကြရသလို ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ မိသားစုမှာဖြစ်ဖြစ် ဝန်ထုပ်ဝန်ပိုးလို ခံစားရတဲ့အခိုက်အတန့်တွေလည်းရှိမှာပါ။ လူတိုင်းလိုလိုလည်း ဘဝရဲ့ဖိစီးမှုတွေအများကြီးကို ရင်ဆိုင်ကြရမှာပါ။ အဲဒီ့အခါ တခါတလေ ဘာကိုမှ တာဝန်မယူချင်တော့လောက်အောင် ဝန်ထုပ်ဝန်ပိုးတွေကို ဘာမှမလိုချင်တော့တဲ့အခိုက်လည်း ရှိအုံးမှာပါ။ ဖိစီးမှုတွေများလွန်းလို့၊ ဝန်ထုပ်ဝန်ပိုးတွေကြောင့် နာကျင်ရတာတွေလည်း ကြုံရမှာပါ။ အဲဒါကြောင့် ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လိုအနည်းဆုံးဖြစ်အောင် လျော့ချမလဲ၊ အဓိကက ကိုယ့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေအပေါ်ထားတဲ့စိတ်ကိုဘယ်လိုလျော့ချမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


၁) တကယ်ခေါင်းထဲထည့်သင့်တဲ့အရာဟုတ်မဟုတ် ဆန်းစစ်ပါ။
တခါတလေ ကျွန်တော်တို့ဝန်ထုပ်ဝန်ပိုးဖြစ်ရတယ်ဆိုတာက ဝန်ထုပ်ဝန်ပိုးဖြစ်မယ့်အရာတွေကို စိတ်ထဲထည့်ထားမိလို့ပါ။ အဲဒါကြောင့် ကိုယ့်စိတ်ထဲ ထည့်သင့်တဲ့ဝန်ထုပ်ဝန်ပိုးဟုတ်ရဲ့လားဆိုတာ ဆန်းစစ်သင့်ပါတယ်။ ကိုယ့်ကို ဘာမှအကြီးအကျယ်ထိခိုက်စေတဲ့အရာမဟုတ်ဘူး၊ ကိုယ့်ကြောင့် သူများထိခိုက်စေတဲ့အရာမဟုတ်ဘူး၊ ကိုယ်ရည်မှန်းထားတာကို ထိခိုက်စေတာမဟုတ်ဘူးဆိုရင် ခေါင်းထဲက ထုတ်ပစ်သင့်ပါတယ်။ တခါတလေကျရင် ကိုယ့်ပတ်ဝန်းကျင်ကိစ္စတွေက ကိုယ့်ကိစ္စတွေထက်ကို ကိုယ့်ခေါင်းထဲဝင်ပြီး လာရှုပ်တတ်ပါသေးတယ်။ အဲဒါကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်သင့်ရဲ့လားလို့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်သင့်ပါတယ်။

၂) ကိုယ်မထိန်းချုပ်နိုင်တာတွေကို အာရုံမစိုက်ပါနဲ့။
ကျွန်တော်တို့မထိန်းချုပ်နိုင်တဲ့ကိစ္စတွေကြောင့်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်တတ်ပါသေးတယ်။ အားလုံးကို လိုက်တွေးပူနေတာမျိုးပေါ့။ အဲဒါကြောင့် ကိုယ်ပြုပြင်နိုင်တဲ့ကိစ္စမဟုတ်ရင် “အော်..ငါဝင်ပြုပြင်ပေးလို့မှမရတာ” လို့တွေးကြည့်လိုက်ပါ။ ဝန်တော်တော်ပေါ့သွားတာကိုတွေ့ရပါလိမ့်မယ်။

၃) စေတနာနဲ့မတန်တဲ့သူကို ထည့်မတွေးပါနဲ့။
တခါတလေ ဘဝမှာ ကိုယ့်ရဲ့မောင်နှမသားချင်း၊ ကိုယ်ချစ်ရတဲ့မိတ်ဆွေ၊ အပေါင်းအသင်း၊ ချစ်သူ စတာတွေကို ကိုယ်ကဖြစ်စေချင်လို့ စေတနာနဲ့ ပြောမိဆိုမိတာရှိမှာပါ။ သူတို့ကို ပိုပြီးဖြစ်စေချင်တဲ့စိတ်၊ ပိုကောင်းစေချင်တဲ့စိတ်က သင့်ကို ဝန်ထုပ်ဝန်ပိုးတောင်ဖြစ်စေပါတယ်။ ဖြစ်စေချင်စိတ်နဲ့ သူတို့အစား ကိုယ်သာဝင်ပြီး လုပ်ပေးလိုက်ချင်စိတ်တွေက သင့်ကိုပူလောင်စေပါတယ်။ ကောင်းစေချင်တဲ့စိတ်နဲ့ပြောပြပေမယ့် တချို့လူတွေက ကိုယ်ရဲ့စေတနာကို နားမလည်နိုင်ပါဘူး။ စေတနာဆိုတာက တန်ဖိုးထားတတ်တဲ့သူနဲ့မှ ပိုပြီး အရောင်တောက်ပပြီး အကျိုးရှိစေတာပါ။ စေတနာနဲ့မတန်တဲ့သူမျိုးကို စေတနာထားမိခြင်းက သင့်ကိုစိတ်ဒုက္ခပေးနိုင်သလို၊ သင့်မှာဖိအားတွေဖြစ်လာနိုင်ပါတယ်။ အဲဒီလိုလူမျိုးတွေအတွက် လိုက်မပူဘဲနေကြည့်လိုက်ပါ။ “ကာယကံရှင်ကိုယ်တိုင်တောင် မပူတာ…ကိုယ်က ဝင်ပြီးပူပန်နေတာ ဖြစ်သင့်ရဲ့လား” လို့တွေးကြည့်နော်။ အင်မတန်စိတ်ခံစားချက်တွေပေါ့သွားပါလိမ့်မယ်။

၄) အားလုံးတတ်နိုင်ရအောင် သင်က စွမ်းအားရှင်မဟုတ်ပါဘူး။
သင်ကိုယ်သင်အားမရတာမျိုး၊ သင်အစွမ်းကုန်ကြိုးစားထားပေမယ့် မဖြစ်မြောက်လာတာမျိုး တဝက်တပျက်ဖြစ်ပျက်လာတာမျိုးတွေနဲ့ ကြုံရမှာပါပဲ။ အဲဒီ့အခါကျ သင့်ကိုသင် စိတ်တိုမယ်၊ အလိုမကျဖြစ်ပြီး စိတ်ခံစားချက်တွေမကောင်းဘူးဖြစ်လာရင် နောက်တစ်ကြိမ်ပြန်စဖို့ သင့်အတွက် ခွန်အားမဲ့သလိုဖြစ်နေမှာပါ။ သင်အကောင်းဆုံး ကြိုးစားခဲ့တာ သေချာရဲ့သားနဲ့ မဖြစ်လာရင် သင့်ကိုသင် မကျိန်ဆဲလိုက်ပါနဲ့။ “အားလုံးကိုတတ်နိုင်ရအောင် ငါက စွမ်းအားရှင်မဟုတ်ဘူး” လို့တွေးကြည့်ပါ။ အားလုံးကို သင်စွမ်းဆောင်နိုင်ဖို့က မဖြစ်နိုင်ဘူးလေ။

၅) လုပ်သင့်တာကိုသာ လုပ်ပါ။
ကိုယ်မလုပ်နိုင်တာတွေက ကိုယ့်ကို တွေးလေဖိအားများလေ၊ မလုပ်နိုင်တာကြီးကို ဝန်ထုပ်ဝန်ပိုးလို သယ်ဆောင်ထားလေ သင့်မှာ ပိုပြီး ရူးချင်ချင်ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် သင်လုပ်သင့်တာကိုသာ ဦးစားပေးလုပ်ပါ။ သင်လုပ်လည်းလုပ်နိုင်တယ်၊ လုပ်လည်း လုပ်သင့်တယ်လို့ ထင်တဲ့ကိစ္စမျိုးကို ရွေးချယ်သင့်ပါတယ်။ ဥပမာ။ ခုလက်ရှိနောက်ဆုံးပေါ် အိုင်ဖုန်းဝယ်ဖို့ သင်ကမတတ်နိုင်ဘူး ဒါပေမယ့် အမြဲလိုချင်စိတ်ဖြစ်နေရင် သင်ပဲအာရုံနောက်မှာပါ။ သင်တကယ်လုပ်သင့်တာက နောက်ထပ် သင်တန်းအသစ်တစ်ခုထပ်တက်ပြီး အောင်မြင်သွားရင် သင့်ရာထူးနောက်ထပ်တိုးသွားမယ်ဆိုရင်ကော ထိုသင်တန်းကို ငွေအကုန်ခံမတက်သင့်ဘူးလား။ အကျိုးမရှိတာကို ခေါင်းထဲထည့် စိတ်ညစ်ခံမယ့်အစား၊ သင့်အတွက်အကျိုးရှိတာ ဒါမှမဟုတ်လုပ်သင့်တာကို လုပ်လိုက်ပါ။

၆) ငြင်းသင့်တာကိုငြင်းပါ။
တချို့ဝန်ထုပ်ဝန်ပိုးတွေကျတော့ ငြင်းသင့်တာကို မငြင်းရာကနေ ဖြစ်လာတာပါ။ တချို့တွေက ငြင်းတာကို ရိုင်းတယ်လို့ထင်တတ်ကြပေမယ့် တကယ်တော့ ကိုယ်မတတ်နိုင်တဲ့ကိစ္စမျိုးကို ငြင်းတာက မရိုင်းပါဘူး။ ကိုယ်တကယ်မတတ်နိုင်ဘူး၊ မဖြစ်နိုင်တဲ့ကိစ္စမျိုးမှာ ငြင်းသင့်တာကို ငြင်းပါ။ အဲဒါက ဝန်ထုပ်ဝန်ပိုးကိုလျော့ကျစေပါတယ်။ မဟုတ်ရင် ကိုယ်လည်း မနိုင်၊ ငြင်းလည်း မငြင်းဘဲနဲ့ ကိုယ်ပဲထိခိုက်တာပါ။
ဘဝရဲ့ဝန်ထုပ်ဝန်ပိုးအချို့က အခြားသူတွေလာပေးတာမဟုတ်ဘဲ ကိုယ်တိုင်က လိုလားစွာ စိတ်ထဲထည့်လက်ခံနေမိတာဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်စိတ်ကို ပေါ့ပါးအောင်ထားတတ်ဖို့ လိုပါတယ်။ အထက်က အချက်လေးတွေကို ကျင့်သုံးကြည့်လိုက်ပါ။ သင့်စိတ်ထဲက ထုတ်ပစ်သင့်တဲ့ဝန်ထုပ်ဝန်ပိုးတစ်ချို့ကို သင်မြင်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။