အခြားသူများကြောင့် စိတ်မညစ်ရစေဖို့ သိထားသင့်တဲ့အချက်များ

ကိုယ့်ဘဝမှာ အခြားသူတွေကြောင့် အာရုံနောက်ရတယ်လို့၊ အခြားသူတွေကြောင့် ပြဿနာတွေတက်ရတယ်လို့ ဖြစ်ဖူးကြမှာပါ။ လူအမျိုးမျိုးစိတ်အထွေထွေကြောင့် လူပေါင်းစုံကိုရင်ဆိုင်ရတဲ့အခါ ပညာဉာဏ်သုံးပြီး ရှောင်သင့်တာရှောင်၊ လျစ်လျူရှုသင့်တာရှုရမှာဖြစ်ပါတယ်။ အဲဒါကြောင့် အခြားလူတွေကြောင့် စိတ်မညစ်ရစေဖို့ သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) စေတနာထားမရတဲ့သူကို ဥပေက္ခာပြုလိုက်ပါ။
သင့်မှာတော့ စေတနာထားလိုက်ရတာ.....သူတို့က ကိုယ့်ကိုပြန်ပြီး စေတနာမထားဘူးဆိုတာမျိုး မကြာခဏကြားဖူးမှာပါ။ တချို့ကျပြန်တော့လည်း အခက်အခဲဖြစ်နေတာကို မမြင်ရက်လို့ ကိုယ်လည်း အခက်အခဲကြားကနေ ကူညီပေးလိုက်ပေမယ့် ကိုယ့်ကိုပါ အခက်အခဲဖြစ်အောင် ဒုက္ခရောက်အောင် ပြန်လုပ်သွားတတ်ပါသေးတယ်။ အဲဒီလိုလူတွေက စေတနာထားလို့မရတဲ့သူတွေပဲဖြစ်ပါတယ်။ လူတိုင်းက စေတနာနဲ့မတန်ဘူးဆိုတာ အဲဒီ့လိုလူမျိုးအတွက်ပဲဖြစ်ပါတယ်။ အဲဒီလို စေတနာထားကြည့်လို့ ကိုယ့်စေတနာကို လွယ်လွယ်လက်ခံပြီး တန်ဖိုးမထားတတ်တဲ့သူကို ဥပေက္ခာသာပြုလိုက်ပါ။ အဲဒါက သင့်အတွက်စိတ်အနှောင့်အယှက်မဖြစ်စေတော့ပါဘူး။

၂) အခါခါခွင့်လွှတ်ပေမယ့် မပြုပြင်တဲ့သူကို စွန့်လွှတ်လိုက်ပါ။
သင်က ပြန်ပြုပြင်လာနိုးဆိုတဲ့ မျှော်လင့်ချက်နဲ့ တစ်ခုမှားလိုက်၊ ခွင့်လွှတ်လိုက်နဲ့ အခါခါမှားနေတတ်တဲ့လူမျိုးကတော့ ခွင့်လွှတ်ခြင်းနဲ့မထိုက်တန်ပါဘူး။ သင်လည်း အခါခါ နာကျင်ရပါတယ်။ အဲဒါကြောင့် အဲဒီ့လိုလူမျိုးကို စိတ်ကပြတ်သားစွာနဲ့သာ စွန့်လွှတ်လိုက်တာအကောင်းဆုံးပါ။

၃) ကိုယ့်ကို စိတ်သောက ပေးတတ်သူနဲ့ ခပ်ဝေးဝေးနေလိုက်ပါ။
လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ်ချည်းပါပဲ။ အဲဒါတောင်မှ သင့်ကိုပါ သူ့ကြောင့်ပူလောင်စေတယ်ဆိုရင် သင့်မှာအပူချည်းထပ်နေပါပြီ။ သင်စိတ်ညစ်၊ စိတ်ရှုပ်ဖို့က ပိုများနေပါပြီ။ အဲဒါကြောင့် အဲဒီလိုစိတ်သောကပေးတတ်သူတွေနဲ့ ခပ်ကင်းကင်းနေတာပိုကောင်းပါတယ်။ ကိုယ့်ကိုပိုပြီး စိတ်သောကရောက်စေတယ်လို့ထင်တဲ့လူမျိုးဆိုရင် ခပ်ခွာခွာ၊ ခပ်ကင်းကင်းနေပြီး မပတ်သက်တာအကောင်းဆုံးပါပဲ။

၄) ငွေကြေးနဲ့တန်ဖိုးဖြတ်တတ်သူဟာ ကျေးဇူးတရားကိုနားမလည်နိုင်ပါဘူး။
အရာအားလုံးကို ငွေနဲ့တန်ဖိုးဖြတ်တတ်သူဟာ သင်ကသူ့ကိုတစ်ခုကူညီဖူးခဲ့ရင်တောင် သင့်ကိုငွေနဲ့ပြန်အမ်းလိုက်ရင် ကြေသွားပြီလို့ ထင်မှတ်ထားတဲ့သူမျိုးပါ။ သူတကယ်အခက်အခဲဖြစ်နေတဲ့အချိန်မှ သင်က အနစ်နာခံပြီးကူညီပေးလိုက်တာမျိုးတွေကိုလည်း သူတို့ကအသိအမှတ်ပြုတတ်တဲ့လူအမျိုးအစားမဟုတ်ပါဘူး။ သင်တကယ်အကူအညီလိုအပ်နေတဲ့အချိန်မှာ သင့်ကို လုပ်အားနဲ့ဖြစ်စေ၊ ငွေအားနဲ့ဖြစ်စေ၊ စေတနာထားကူညီသူမျိုးကို သင်ငွေနဲ့တန်ဖိုးသွားဖြတ်လို့မရပါဘူး။ အဲဒီလို အရာအားလုံးကိုငွေနဲ့တန်ဖိုးဖြတ်တတ်သူဟာလည်း သင့်အတွက်မိတ်ဆွေကောင်းမဖြစ်နိုင်ပါဘူး။ သူတို့က သင့်ကို ငွေနဲ့ပိုင်းခြားဆက်ဆံလေ သင်နာကျင်ရလေဖြစ်နေမှာပါ။

၅) ဘယ်အရာမဆို ပေါ့ပေါ့တွေးလေ့ရှိသူအတွက် လေးနက်မှုကိုနားမလည်နိုင်ပါဘူး။
ဘဝကိုပေါ့ပါးစွာဖြတ်သန်းတတ်တဲ့လူမျိုးဟာ ဘယ်တော့မှ ဘဝကိုလေးနက်စွာမတွေးပါဘူး။ ဘာလုပ်မိရင် ဘယ်လိုအကျိုးဆက်ဖြစ်လာမယ်ဆိုပြီး ကြိုတင်စီစဉ်၊ တွေးတောတတ်တဲ့သူမျိုးမဟုတ်တာကြောင့် ဘယ်အရာမှာမဆို ဖြစ်သလိုနေထိုင်တတ်သူမျိုးသာဖြစ်ပါတယ်။ ဆိုးကျိုးကိုလည်း ကြိုမတွေး၊ ကောင်းကျိုးကိုလည်း ကြိုမတွေးဘဲ ဘဝအတွက်ဘာကိုမှလေးနက်မှုမရှိတာကြောင့် အဲဒီလိုလူမျိုးကြောင့် သင့်ကိုစိတ်ညစ်စေ၊ စိတ်ဒုက္ခရောက်စေမယ့်လူမျိုးသာဖြစ်ပါတယ်။ အဲဒီ့လိုလူမျိုးနဲ့ကြုံရမယ်ဆိုရင် သင့်စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ဒီအချက်ကို သတိထားသင့်ပါတယ်။

၆) တစ်ပါးသူကို အသုံးချတတ်သူဟာ တစ်နေ့မှာ သင့်ကိုလည်းအသုံးချမယ်ဆိုတာ မမေ့ပါနဲ့။
သင်မျက်စိရှေ့မှာတင် အခြားလူတစ်ယောက်ကို လွယ်လွယ်အသုံးချတတ်တဲ့သူမျိုးဟာ တစ်နေ့မှာလည်း သင့်ကိုပြန်ပြီး အသုံးချနိုင်တဲ့လူမျိုးပါ။ အဲဒီလိုလူမျိုးကို သင်ကြုံခဲ့ရင် ဒီအချက်ကို မမေ့လိုက်ပါနဲ့။ အဲဒီလိုလူမျိုးကို ခပ်ကင်းကင်းနေတာအကောင်းဆုံးပါပဲ။ မကင်းနိုင်တဲ့အခါ သတိလေးကပ်ပြီးနေတာအကောင်းဆုံးပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။