ဘဝတွင် မပါတ်သက် သင့်သောလူများ

လူတိုင်းက ကိုယ့်ဘဝကို ကိုယ်တည်ဆောက်ရတာပါ။ ကိုယ့်ဘဝကိုကောင်းမွန်စွာတည်ဆောက်ချင်တဲ့အခါ ကောင်းမွန်တဲ့သူတွေနဲ့သာ ဝန်းရံထားဖို့လိုပါတယ်။ ကိုယ်တိုင်ကလည်း လူကောင်းတစ်ယောက်ဖြစ်ဖို့လိုသလို ကိုယ့်ပတ်ဝန်းကျင်မှာလည်း လူကောင်းတွေနဲ့သာ ဝန်းရံထားခြင်းက ကောင်းမွန်တဲ့ဘဝတစ်ခုတည်ဆောက်ဖို့ အဓိက လိုအပ်ချက်ပါပဲ။ အဲဒါကြောင့် သင့်ဘဝအတွက် မပတ်သက်သင့်တဲ့လူအမျိုးအစားတွေကို ဖော်ပြလိုက်ပါတယ်။ ၁) သူတို့အကျိုးအတွက် သူများဘဝကို နင်းချေတတ်သူမျိုး ထိုသူမျိုးကို ပတ်သက်ပေါင်းသင်းမိနေပြီဆိုရင်တော့ အမြန်ဆုံး ရှောင်ကျဉ်သင့်ပါတယ်။ ထိုသူမျိုးဟာ သင့်အပေါ်မှာ အခုနေကောင်းနေပေမယ့် သူတို့အကျိုးရှိမယ်ဆိုရင် တစ်ချိန်ချိန်မှာ သင့်ဘဝကို နင်းချေသွားဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။ ၂) နောက်ကျော ဓားနဲ့ထိုးမယ့်သူမျိုး ထိုသူမျိုးကတော့ သင့်အပေါ်မှာ အရမ်းကိုယုံကြည်ရအောင် နေပြမယ့်သူမျိုးပါပဲ။ သင်ရင်ဖွင့်သမျှ၊ သင်အခက်အခဲ အကြပ်အတည်းကြုံလာသမျှ သင့်ကို နားထောင်ပေးပါလိမ့်မယ်။ အဲဒါကို သင့်က ယုံကြည်နေမိပြီး သူ့အပေါ်မှာ သင်ကိုယ်တိုင်ချွင်းချက်မရှိယုံကြည်နေတတ်တဲ့အချိန်မျိုးကျမှ သင့်ရဲ့မကောင်းသောအတင်း၊ သင့်ရဲ့အားနည်းချက်၊ သင့်ရဲ့ ဝမ်းနည်းမှု၊ သင့်ရဲ့အားငယ်မှုကိုအားလုံးကို သူများထက်ပိုသိထားတဲ့အတွက်ကို သင့်ကိုအားလုံးချိုးနှိမ်ပြီးမှ သင့်အနားကထွက်သွားမယ့်သူမျိုးပါ။ ၃) သနားတတ်ပြီး မုဒိတာမပွားတတ်သူမျိုး ထိုသူမျိုးကတော့ အင်မတန်မှ သင့်အပေါ်သနားပေးမယ့်သူပါပဲ။ သင့်အဆင်မပြေရင် သင့်ကိုကူညီပေးပါလိမ့်မယ်။ သင်အခက်အခဲကြုံလာရင် သူက ဝင်မဖြေရှင်းပေးနိုင်ပေမယ့် အားပေးပါလိမ့်မယ်။ သင်အဆင်မပြေချိန်မှ သူတို့လိုလူမျိုးနဲ့ အဆင်ပြေနေမှာပါ။ သင်က သူ့ထက်သာလွန်တဲ့အခြေအနေတစ်ခု ရသွားပြီဆိုပါစို့…..။ အဲလိုအခြေအနေမှာမှ သူ့ရဲ့ စိတ်ဓာတ်ကပေါ်လာတတ်တာပါ။ သင်ကတော့ သင့်ကိုအမြဲအားပေးတတ်သူ၊ သနားပေးတတ်သူမို့ သင့်ရဲ့ကျားကုတ်ကျားခဲကြိုးစားထားပြီးရလာတဲ့အောင်မြင်မှုကို သင်က သူ့ကိုအားရဝမ်းသာပြောပြမိတဲ့အခါမျိုးကျမှသာ သူကတော့ သင့်အပေါ်သနားစိတ်မထားနိုင်တော့ဘဲ သင့်နဲ့လည်းထပ်တူဝမ်းမသာနိုင်မယ့်သူမျိုးပါ။ သင်အောင်မြင်လာလေ သူကတော့ သင့်နဲ့ထပ်တူမုဒိတာမပွားနိုင်၊ ဟန်ဆောင်တောင်မပြုံးပြနိုင်တော့ဘဲ သင်နဲ့အဝေးဆုံးကို ထွက်သွားပြီး မကောင်းပြောနေမယ့်သူမျိုးပေါ့။ ၄) ပျက်စီးခြင်းလမ်းကြောင်းပေါ် အပါခေါ်မယ့်သူမျိုး ထိုလူမျိုးကတော့ သင့်အပေါ်မှာ အရမ်းကိုကောင်းပြမယ့်သူမျိုးပါပဲ။ ဒါပေမယ့် သင့်ကိုသူတို့ရဲ့မကောင်းသောအကျင့်တွေကို ထုတ်ပြမှာတော့မဟုတ်ပါဘူး။ သင့်ကိုအရမ်းရင်းနှီးအောင်ပေါင်းပြပါလိမ့်မယ်။ သင်က သူတို့အပေါ်အကောင်းချည်းမြင်နေပြီဆိုတဲ့အချိန်ကျရင်တော့ သူတို့ရဲ့မကောင်းသောအကျင့်စရိုက်တွေထဲ သင့်ကိုစတင်ဆွဲခေါ်တော့မှာပါ။ ဥပမာ။ စိတ်ကြွဆေးသုံးနေတဲ့ သူတစ်ယောက်ကို သင်ကမသိဘဲ ပေါင်းသင်းမိနေတယ်ဆိုပါစို့။ သင့်အပေါ်မှာ သူကအနွံအတာခံလွန်းလို့ သင်ကသူ့ကို အရမ်းကိုခင်မင်နေပြီဆိုမှ သူသုံးနေတဲ့ စိတ်ကြွဆေးကို သုံးကြည့်ဖို့ဆွယ်လာပါတော့တယ်။ အရက်သောက်တတ်သူလည်း ထိုနည်းလည်းကောင်းပါပဲ။ ထိုသူမျိုးကတော့ သူတို့ဘဝပျက်စီးရတာတင် နောင်တမရနိုင်ဘဲ ဘေးပတ်ဝန်းကျင်ပါ သူတို့လိုပျက်စီးအောင်ဖျက်ဆီးပစ်မယ့်သူမျိုးပါ။ ၅) ရသမျှ ယူတတ်သူမျိုး ထိုသူမျိုးက သင့်မှာ သူတို့အတွက် ပေးနိုင်ကမ်းနိုင်တာရှိနေသရွေ့ သင့်ဆီကရသလောက်ယူနေမှာမို့ သင့်အပေါ်မှာကောင်းနေအုံးမှာပါ။ သင့်ဆီက သူတို့အတွက် ရစရာမရှိတော့ဘူးဆိုရင်တော့ သင့်အပေါ်မှာ ဘာမှမကောင်းနိုင်တော့သလို ဟန်ဆောင်ပန်ဆောင်တောင် သင့်အနားမှာနေတော့မှာမဟုတ်ပါဘူး။ ထိုသူမျိုးက သင့်အပေါ်မှာကောင်းနေတယ်ဆိုရင်တော့ စိတ်ချပါ သင်ထံက သူတို့လိုချင်တာရနေလို့ပါ။ ၆) ကိုယ့်အတွက်သာကြည့်တတ်သူမျိုး သင့်ထံ သူတို့ရဲ့အခက်အခဲတွေ၊ ပြ ဿနာတွေ၊ အကြပ်အတည်းတွေကို မကြာခဏလာလာပြီး ပြောပြအကူအညီတောင်းဖူးတဲ့သူတွေရှိမှာပါ။ ဒါပေမယ့် သင်အခက်အခဲကြုံရတဲ့အခါ သူတို့က သင့်အပူတွေကို ဘယ်လိုမှဝင်မခံစားပေးနိုင်ဘဲ သူတို့အပူသာသင့်ထံသယ်လာရင်ဖွင့်တာမျိုးပေါ့။ သူတို့အပူဒုက ္ခ ကြုံနေချိန်မှာ သင်ကနားလည်ခံစားပြီး သင့်အပူလို့သဘောထားဖြေရှင်းပေးတတ်ခဲ့ပေမယ့် သင့်အပူကြုံရတဲ့အလှည့်ကျတော့ မသိချင်ယောင်ဆောင်နေတဲ့အပြင် နားထောင်ပေးဖို့နေနေသာသာ သူတို့ကိုအပူလာမပေးစေချင်တဲ့သူမျိုးပါ။ ပြောရရင်တော့ တကိုယ်ကောင်းဆန်တတ်သူများပါပဲ။ ၇) မပြုပြင်တတ်သူမျိုး ထိုသူမျိုးကတော့ သင့်ကိုစိတ်ရှုပ်စေမယ့်သူမျိုးပါ။ ပြ ဿနာတွေကြုံလာတိုင်း သင့်ကိုလာညည်းပါလိမ့်မယ်။ သင်ကလည်း သနားပြီး ကူညီဖြေရှင်းပေးလိုက်မယ်ဆိုပါစို့။ မပူပါနဲ့ အဲလိုလူမျိုးက မကြာခဏ သင့်ထံလာပြီးဖြေရှင်းခိုင်းမယ်၊ ညည်းတွားမယ်၊ သူတို့ကိုယ်တိုင်တော့ သူတို့အမှားတွေကို ပြုပြင်ယူဖို့၊ စဉ်းစားမှာမဟုတ်ပါဘူး။ အဲလိုလူမျိုးကျတော့ ခိုနဲ့တူပါတယ်။ အမြဲညည်းတွားနေပြီး အဆင်ပြေဖို့ ဘာကိုမှ ကြိုးစားပြုပြင်မှာမဟုတ်ပါဘူး။ ကြာလာတော့ သင်သာ စိတ်ရှုပ်မှုကို ခံစားရပါလိ့မ်မယ်။#BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။