ဘဝမှာ ရိုးရိုးသားသားအစစ်အမှန်တွေနဲ့ ကြိုးစားရှင်သန်တတ်ဖို့

ဘဝမှာ ကိုယ့်ဖက်ကနေ ရိုးရိုးသားသားနဲ့ အစစ်အမှန်တွေပဲပေးပြီး ကြိုးစားရှင်သန်တတ်ရင် အမြတ်ပါပဲ။


📜 ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်တိုလေး တစ်ပုဒ် ရှိတယ်။

အိမ်နီးချင်းကစားဖော် ကောင်လေးနှစ်ယောက်က တစ်ညနေကျ တူတူဆော့ကြရင်း ကောင်လေးတစ်ယောက်က ငါ့မှာရှိတဲ့ မုန့်နဲ့ မင်းရဲ့ 🎴 အရုပ်ကတ်နဲ့ လဲမလားလို့ မေးလိုက်တယ်။ ‌ဘေးအိမ်က သူငယ်ချင်းကောင်လေးကလည်း သဘောတူလိုက်သတဲ့။

လူလည်ကျတဲ့ ကောင်လေးက သူအကြိုက်ဆုံးမုန့်ကိုကျ မသိမသာ ဖွက်ထားပြီး ‌သူငယ်ချင်းဆီကကျ သူ အကြိုက်ဆုံးအရုပ်ကတ်ကို ရွေးယူလိုက်သတဲ့။ သူငယ်ချင်း‌လေးကတော့ သိပုံမပေါ်ပါဘူး။ သူပေးလိုက်တဲ့ မုန့်ကိုပဲ သဘောကျနေတာပေါ့။

အဲ့တာနဲ့ ညနေစောင်း အိမ်ပြန်ချိန်ကျ ဘေးအိမ်က သူငယ်ချင်းကောင်လေးက 🍪 မု့န်လေးစားပြီး ပျော််ပျော်ရွှင်ရွှင် အိမ်ပြန်သွားတယ်။ အဲ့တာကို ကြည့်ပြီး လူလည်ကျတဲ့ကောင်လေးခမျာ ဘဝင် မကျနိုင်ဘူး။ ယူထားလိုက်တဲ့ လက်ထဲကအရုပ်ကတ်ကို ကြည့်ပြီး ဒီကောင့်မှာ ဒီထပ်ကောင်းတဲ့ အရုပ်ကတ်ရှိနေမှာပဲ။ ငါ့လိုပဲ မသိအောင် ဖွက်ထားတာနေမှာ။ ခုကတ်က ငါပေးလိုက်တဲ့ မုန့်နဲ့ တန်ရဲ့လားတောင် မသိဘူးဆိုတဲ့ မကျေမနပ်စိတ်နဲ့ တနုံနုံ ဖြစ်ကျန်ခဲ့သတဲ့။
ပုံပြင်လေးကတော့ ဒီလောက်ပဲ။ ဒါပေမယ့် ဆက်တွေးစရာတွေက အများကြီး။ 💭

ကျွန်တော်တို့တွေ ဘဝ သက်တမ်းတလျှောက်မှာ ငါကတော့ မုန့်ကိုဖွက်ထားလို့ သူလည်း ငါ့လို လုပ်ထားမှာပဲ ဆိုပြီး ထင်မြင်တတ်တဲ့ လူမျိုးတွေနဲ့ အများကြီး ကြုံခဲ့ရဖူးမှာပါ။ နောင်လည်း ကြုံကြရဦးမှာပါ။

💡 ဒီလိုအချိန်တိုင်း ကျွန်တော်တို့အနေနဲ့ သတိရသင့်တာက ဘေးအိမ်က သူငယ်ချင်းကောင်လေးလို ကျင့်ကြံဖို့ပါ။

ကိုယ့်ဖက်ကနေ ရိုးရိုးသားသားနဲ့ အစစ်အမှန်တွေပဲပေးပြီး ကြိုးစားရှင်သန်တတ်ရင် အမြတ်ပါပဲ။ အသေးအဖွဲလေးက စလို့ပေါ့။ ကိုယ့်စိတ်ကလေးသာ သန့်ရှင်းနေရင် အနည်းဆုံးတော့ ညဘက်တိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြတာပေါ့ဗျာ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။