Shopping ထွက်တော့မယ်ဆိုရင် သတိထားသင့်သောအချက်များ

တခါတလေ စိတ်ပြေလက်ပျောက် shopping ထွက်သင့်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပဲ အလွန်အကျွံ့မထိန်းနိုင်မသိမ်းနိုင်ဘဲ လျှောက်ဝယ်မိရင်တော့ သင့်ရဲ့ budget ကိုထိခိုက်သွားနိုင်ပါတယ်။ အဲဒီ့တော့ စိတ်ပြေလက်ပျောက်အနေနဲ့ ဈေးဝယ်ထွက်ဖို့အတွက်၊ ဈေးဝယ်ရင်း အဝယ်မလွန်မိစေဖို့ သတိထားသင့်တဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။


၁) ငွေကို ကန့်သတ်ထားပါ
ဈေးဝယ်မထွက်ခင် အိမ်မှာကတည်းက ဈေးဝယ်မယ့်ငွေပမာဏက ကိုယ့်အတွက်ကိုယ် သတ်မှတ်ထားပါ။ ဘယ်အမောင့်အတွင်းမှာပဲ ဈေးဝယ်မယ်ဆိုပြီး ကိုယ့်ဟာကိုယ်ကြားအောင်ပြောပါ။ မိန်းကလေးတွေရဲ့အားနည်းချက်က အိမ်ကနေမထွက်ခင်တုန်းကတော့ မဝယ်ဘူး….ဆိုပြီး နေတတ်ပေမယ့် တကယ်တမ်းကျတော့ ဦးတည်ချက်မရှိ မြင်ရာတွေ၊ မထင်ထားတာတွေကို အကုန်လျှောက်ဝယ်ပစ်တတ်ပါတယ်။ အဲဒါကြောင့် ဈေးဝယ်ထွက်တာ စိတ်လက်ပေါ့ပါးဖို့ ဆိုတာ သတိထားပါ။ ကိုယ်မနိုင်တဲ့ဘတ်ဂျက်အတွက်နဲ့ စိုးရိမ်ပူပန်မှုမတိုးရအောင် ငွေကို ကန့်သတ်လိုက်ပါ။
၂) ကိုယ့်မှာ ဝယ်ပြီးသားပစ္စည်းတွေကို မှတ်မိအောင် တစ်ခါထပ်ကြည့်သွားပါ
မိန်းကလေးတွေဖြစ်နေကျပြဿနာက ဈေးဝယ်ထွက်တဲ့အခါ အိမ်မှာရှိပြီးသား အကျီ ၤဒီဇိုင်းနဲ့တူတာမျိုးတွေထပ်ဝယ်မိတာမျိုး၊ ကိုယ်နဲ့မလိုက်တဲ့ နှုတ်ခမ်းဆိုးဆေးတွေကို ထပ်ဝယ်မိတာမျိုးတွေ၊ ကိုယ်နဲ့တည့်မတည့်မသေချာတဲ့ အလှကုန်တွေ set လိုက်ဝယ်မိတာမျိုးတွေအများဆုံးပါ။ အဲဒါကြောင့် ဈေးဝယ်မထွက်ခင် “င့ါမှာ ဘာတွေရှိပြီးသားလဲ။ ဘာတွေကို ထပ်မဝယ်မိအောင် ဂရုစိုက်ရမလဲ” ဆိုပြီး သေချာအောင် ထပ်ကြည့်ပြီးမှ ဈေးဝယ်ထွက်ပါနော်။
၃) ကိုယ့်ကိုကိုယ် သတိပေးပါ
ကိုယ်ကြိုက်တဲ့ ပစ္စည်းတစ်ခုခု၊ ဒါမှမဟုတ် ကိုယ်ဝယ်ချင်တဲ့တစ်ခုခု တွေ့တဲ့အခါ တန်းပြီး ငွေရှင်း၊ တန်းဝယ်ပစ်လိုက်တာမျိုးမလုပ်ပါနဲ့။ အရင်ဆုံး သေချာလေ့လာပါ၊ သေချာစဉ်းစားပါ၊ အလှကုန်မျိုးဆိုလည်း “ငါနဲ့အဆင်ပြေပါ့မလား……၊ ငါနဲ့လိုက်ပါ့မလား…..” စသည်ဖြင့် မြင်လိုက်တာနဲ့ ကိုယ်ကတန်းကြိုက်သွားပေမယ့် ကိုယ်နဲ့အဆင်ပြေမပြေ စဉ်းစားပြီးမှ ဝယ်တာအကောင်းဆုံးပါ။ တခါတလေ တန်းမြင်လိုက်တာနဲ့ အရမ်းကြိုက်ပြီး ဝယ်လိုက်တဲ့ပစ္စည်းက ကိုယ်နဲ့ အဆင်မပြေတာမျိုးဖြစ်တတ်လို့ပါ။
၄) လိုအပ်တာပဲဝယ်ပါ။
ဈေးဝယ်မထွက်ခင် အဓိက တကယ်လိုအပ်တာလေးတွေပဲ စာရင်းလေးချရေးကြည့်တာမျိုး လုပ်သင့်ပါတယ်။ အဲဒါမှ တကယ်တမ်း ဈေးဝယ်ဖြစ်တဲ့အခါ “ငါတကယ်လိုနေတာ……ဘာ” ဆိုပြီး တွေးမိပြီး လိုအပ်တာပဲဝယ်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဈေးဝယ်ထွက်တဲ့အခါ လိုအပ်တာထက် လိုချင်တာတွေချည်းပဲ ဝယ်မိသွားတတ်တာမို့ပါ။
၅) ကပ်စေးမနဲသင့်တဲ့နေရာမှာ မနဲပါနဲ့။
ကိုယ့်အတွက်အမှန်တကယ်လည်းလိုအပ်နေတယ်၊ တကယ်အသုံးဝင်တဲ့ပစ္စည်းမျိုးဆိုရင်တော့ ငွေကုန်မှာကို မနှမြောနေပဲနဲ့ ဈေးကြီးပြီး အမှန်တကယ် ကွာလတီကောင်းတဲ့ပစ္စည်းမျိုးကိုရွေးဝယ်ပါ။ အဲဒါက ကိုယ့်အတွက် တကယ်လည်းအသုံးဝင်ပြီး ကွာလတီကောင်းတဲ့အတွက် ယုံကြည်မှုရှိရှိနဲ့ ကြာရှည်သုံးစွဲနိုင်မှာပါ။
ကဲ….ဒါဆိုရင်တော့ ဈေးဝယ်မထွက်ခင် ဒီအချက်လေးတွေကို သတိထားပြီး မှတ်သားသွားလို့ရပြီထင်ပါတယ်။ ဈေးဝယ်ရင်းလုပ်မိတဲ့အမှားလေးတွေရှိရင်လည်း အောက်မှာမန့်သွားလို့ရပါတယ်။ နောက်မမှားအောင် အခြားသူတွေလည်း ဆင်ခြင်လို့ရအောင်ပြောပြပေးသွားပါအုံး။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။