ဘဝအတွက် ကိုယ်တိုင်သိထားရမည့်သင်ခန်းစာများ

ဘဝမှာ အကောင်းဆုံးရှင်သန်ရပ်တည်နိုင်ဖို့ တာဝန်ရှိတာကတော့ ကိုယ်တိုင်ပါပဲ။ မိဘလုပ်သူက အချိန်တန်ဘဝမှာရပ်တည်နိုင်အောင် အရွယ်ရောက်ချိန်ထိ သွန်သင်ပြုစုပေးလိုက်ပြီးတဲ့နောက်မှာတော့ ကိုယ့်ဘဝအတွက်တာဝန်ရှိတာကိုယ်တိုင်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဘဝမှာ ကိုယ်တိုင်သိထားရမယ့်သင်ခန်းစာတွေကိုဖော်ပြပေးလိုက်ပါ။


၁) ကိုယ့်တာဝန်ကိုယ်ယူပါ။
များသောအားဖြင့်က တခုခုဆို မိဘကို အပြစ်တင်လွှဲချတတ်ကြတဲ့သူမျိုးတွေနားလည်သင့်တာပါ။ ဘယ်မိဘထံမှာ ဘယ်မျိုးရိုးအဆင့်အတန်းမှာမွေးလာမယ်ဆိုတာက ကျွန်တော်တို့ရွေးချယ်ခွင့်ရှိတဲ့အရာမဟုတ်ပေမယ့် ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့အရွယ်ရောက်လာရင်တော့ ကိုယ်လိုချင်တဲ့အဆင့်အတန်းအခြေအနေမျိုးဖြစ်လာအောင် ကြိုးစားဖို့ကတော့ ကိုယ့်မှာသာတဝန်ရှိတာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဆင်းရဲတဲ့မိဘတွေကြောင့် ကိုယ်တိုင်ကဆင်းရဲနေရတာလို့ အပြစ်တင်နေတာ၊ ဒီလိုအဆင့်အတန်းကနေ ဒီထက်မြင့်တဲ့နေရာကိုရောက်လာဖို့ မိဘတွေက မကြိုးစားပေးခဲ့လို့ အပြစ်တင်နေတာမျိုးတွေက ကိုယ့်တာဝန်ကိုယ်မယူနိုင်သူတွေရဲ့ လက်သုံးစကားတွေပါ။ ကိုယ်ရောက်နေတဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် ရှင်သန်ရမှာ ကိုယ့်တာဝန်သာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ဘဝအတွက် တာဝန်ရှိတာကိုယ်တိုင်သာဖြစ်ပါတယ်ဆိုတာ မမေ့ပါနဲ့နော်။ ကိုယ်မအောင်မြင်ရခြင်းဟာ မိဘကြောင့်၊ အပေါင်းအသင်းကြောင့်၊ ပတ်ဝန်းကျင်ကြောင့်၊ ဘယ်သူမှမကူညီကြလို့ ဆိုတဲ့အတွေးမျိုးတွေမတွေးဘဲ ကိုယ်တိုင်သာပြုပြင်ယူပါ။

၂) ဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့။
ဘဝမှာလူတိုင်းက မတူညီတဲ့တိုက်ပွဲတိုင်းကိုရင်ဆိုင်နေကြတဲ့သူတွေချည်းပါပဲ။ ကိုယ့်ကျမှခက်ခဲလှချည်လား…..ဆိုပြီး လက်မလျှော့ပါနဲ့။ လက်မလျှော့သရွေ့ အနိုင်ရဖို့ အခွင့်အရေးရှိပါသေးတယ်။ လက်လျှော့လိုက်ခြင်းက ရှုံးနိမ့်မှုရဲ့အစပါပဲဆိုတာ လက်လျှော့ချင်လာတိုင်း ကိုယ့်ကိုကိုယ်သတိပေးပါ။

၃) ဘဝထဲက နေပျော်စရာကိုရှာတွေးပါ။
ဘဝမှာလူတိုင်းကတော့ အခက်အခဲရှိနေတဲ့သူချည်းပါ။ အခက်အခဲတွေ့တိုင်းသာစိတ်ညစ်နေရင် ဘဝမှာပျော်ရွှင်ရမယ့်အချိန်ဆိုတာလည်းရှိနိုင်တော့မှာမဟုတ်ပါဘူး။ အခြားသူတွေမှာ ရှိထားပြီး ကိုယ့်မှာမရှိတဲ့အရာတွေကိုပဲထိုင်တွေးပြီး စိတ်ညစ်မယ့်အစား အခြားသူတွေမှာမရှိဘဲ ကိုယ့်မှာရှိထားတာကိုကျေးဇူးတင်တတ်ပါစေ။ ရထားတဲ့ဘဝမှာ အဆိုးတွေထဲကနေပဲ အကောင်းကိုမြင်အောင်ကြည့်တတ်ရင် လူဖြစ်ရကျိုးနပ်ပါလိမ့်မယ်။

၄) အစွမ်းကုန်ကြိုးစားပါ။
ကိုယ်ကြိုးစားလဲ ဖြစ်လာမှာမဟုတ်ပါဘူး…လို့တွေးပြီးမကြိုးစားတာထက် အစွမ်းရှိသလောက်ကြိုးစားပြီးမှ ထိပ်ဆုံးမရောက်တာက အကျိုးရှိတန်သလောက်ရှိပါသေးတယ်။ ထိပ်ဆုံးမရောက်နိုင်ပေမယ့် ကြိုးစားသလောက်တော့ ပြန်ရနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အစွမ်းကုန်ကြိုးစားဖို့က သင်ရနိုင်တဲ့တစ်ခုတည်းသောအခွင့်အရေးပါပဲ။

၅) လူတိုင်းကိုမယုံကြည်သင့်သလို သံသယလည်းမထားသင့်ပါဘူး။
ပြောချင်တာက လူတိုင်းကို ကိုယ့်စိတ်နဲ့နှိုင်းပြီး အပြည့်အဝမယုံကြည်သင့်သလို၊ လူတိုင်းကိုလည်း သံသယနဲ့ဆက်ဆံနေရမှာမဟုတ်ပါဘူး။ လူချင်းတူပေမယ့် အကျင့်စရိုက်ခြင်းကမတူနိုင်လို့ လူတစ်ယောက်ရဲ့အကျင့်စရိုက်နဲ့ဗီဇပေါ်မူတည်ပြီးပဲ လေ့လာအကဲခတ်ပြီး ပေါင်းသင်းဆက်ဆံရပါလိ့မ်မယ်။ ဘယ်သူ့ကိုမှပုံသေတွက်ထားလို့မရပါဘူး။ အကျိုးအကြောင်းခိုင်လုံမှုရှိအောင် လေ့လာပြီး ယုံကြည်သင့်မယုံကြည်သင့်စဉ်းစားရပါလိ့မ်မယ်။ အခါခါ ယုံကြည်ပေးထားပေမယ့် မကြာခဏလိမ်လည်တတ်သူမှန်းသိရက် ထပ်ပြီးယုံကြည်မိရင်တော့လည်း သင့်အပြစ်ပါပဲနော်။
အထက်က သင်ခန်းစာတွေကတော့ သိထားပြီးဆင်ခြင်နိုင်လာတဲ့အခါ ဘဝမှာ ကိုယ်မျှော်မှန်းထားတာတွေဖြစ်မလာဘူးလို့ တွေးပြီးစိတ်လေနေမိတော့မှာမဟုတ်ပါဘူး။ ကိုယ့်ဘဝအတွက်တာဝန်ရှိသူကိုယ်တိုင်က ကိုယ်ကလွဲပြီး အခြားဘယ်သူမှမဟုတ်ဘူးဆိုတာကို နားလည်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။