ဘ၀ကို သတ္တိရှိစွာ ရင်ဆိုင်ဖြတ်သန်းပါ ။

လူတိုင်းကတော့ ဘ၀ဆိုတာ ရလာတုန်းခဏမှာ အဆင်ပြေအောင်နေထိုင်ရင်း ကြိုးစားရုန်းကန်ရှင်သန်ကြရတာပါပဲ။ ဒီစကားလေးကိုကြားတုန်း အတွေးပွားမိသွားပါတယ်။ ဒါပေမယ့် ဘာကြောင့်များ ဘ၀ကိုရှင်သန်ဖို့ရာ သတ္တိရှိဖို့ လိုတာလဲ။ လူတိုင်းဟာ ဘ၀ဆိုတဲ့တိုက်ပွဲကို ရင်ဆိုင်နေကြတာပါပဲတဲ့ ဒီစကားကို ကြားဖူးလို့ နားရည်ဝနေကျဖြစ်မှာပါ။ တကယ်တော့ ဒီစကားကို ဘဝရဲ့ ခက်ခဲတဲ့အချို့အချိန်တွေမှာ ပြန်တွေးမိဖို့လိုတာကြောင့်ပါပဲ။


ကိုယ်တွေရဲ့ဘ၀မှာ ပျော်စရာကောင်းလိုက်တာ.....လို့ တွေးမိတဲ့အချိန်တွေရှိမယ်။ အရာအားလုံးပြည့်စုံနေတယ်လို့ ခံစားရပြီး စိတ်ချမ်းသာနေတဲ့ အချိန်တွေလည်း ကြုံဖူးမှာပါပဲ။ အဲဒီလိုပါပဲ..... ဘ၀ကြီးက ဘာလုပ်လုပ်အဆင်မပြေဘူး....ခက်ခဲလိုက်တာ၊ ခက်ခဲလွန်းလို့ ဘာလုပ်ရမယ်မှန်း မသိတဲ့ မွန်းကြပ်နေတဲ့အချိန်တွေလည်း ဖြစ်လာနိုင်တာပါပဲ။ အဆင်ပြေနေတဲ့အချိန်တွေဟာ အများကြီး စိုးရိမ်စရာမရှိပေမယ့် ခက်ခဲလွန်းလို့ ဘာမှ ရွေးချယ်စရာမရှိဘူးဆိုတဲ့အချိန်တွေကတော့ ပြဿနာပါပဲ။
အဲဒါကြောင့် “ဘ၀ရဲ့ ခက်ခဲတဲ့အချိန်တွေကို သတ္တိုရှိစွာဖြတ်သန်းပါ” ဆိုတဲ့စကားက ထိုအချိန်မှာ အထောက်အကူတစ်ခုဖြစ်လာနိုင်ပါတယ်။ ဘ၀ကို ရှေ့ဆက်ဖို့ ခွန်အားလိုအပ်နေတဲ့အချိန်မျိုးမှာပေါ့။

ဒီစာသားလေးကို ပြန်တွေးမိဖို့လိုတဲ့အခိုက်အတန့်မှာ စိတ်ဆင်းရဲမှူတွေ၊ စိတ်ညစ်မှူတွေနဲ့ ပိတ်လှောင်ပြီး ဘ၀ကိုသတ္တိရှိစွာရင်ဆိုင်ရမယ်ဆိုတဲ့ စကားလေးကို မေ့နေတတ်ကြပါတယ်။ အဲဒါကြောင့်သာ နောက်ဆုံးမှာ ဘ၀ကိုလက်လျှော့အရှုံးပေးသွားမျိုးတွေဖြစ်လာတတ်တာပေါ့။

လူတိုင်းခက်ခဲတဲ့အချိန်ဆိုတာရှိကြပါတယ်။ လူတိုင်း အဆင်မပြေတဲ့အချိန်ဆိုတာ ကြုံကြပါတယ်။ လူတိုင်း ဘာဆက်လုပ်ရမလဲတောင် မသိတော့တဲ့အခြေအနေမျိုးကြုံဖူးကြပါတယ်။ မိတ်ဆွေတစ်ယောက်ပြောဖူးတဲ့စကားလေးပြန်တွေးမိရင် ခွန်အားဖြစ်ရပါတယ်။ တကယ်တော့ “လောကရဲ့ဒုက္ခဆိုတာက လောကဓံ ၈ပါးပဲရှိတဲ့အတွက် ပိုခံရတဲ့သူဆိုတာ မရှိပါဘူး။ အဲဒီ့လိုပါပဲ လောကဓံ ၈ပါးကို မခံရတဲ့လူဆိုတာလည်း မရှိပြန်ပါဘူး။ ကိုယ်ရင်ဆိုင်နေရတဲ့အချိန်မှာသာ အင်မတန်ကြီးမားတဲ့ပြဿနာလို့ အထင်ရောက်နေတာပါ” တဲ့။ ကိုယ်ကြုံနေတဲ့ပြဿနာမျိုး အခြားသူတွေဘယ်လိုဖြေရှင်းခဲ့သလဲဆိုတာမျိုး သိရတဲ့အခါမှာ ကိုယ်ပြဿနာဟာ ကိုယ်ထင်သလောက်မကြီမားမှန်းသိလာပါလိမ့်မယ်။ အဲဒါအပြင် ကိုယ့်ထက်ဆိုး၀ါးတဲ့အခြေအနေမျိုးရင်ဆိုင်နေရတဲ့သူတွေကို မြင်ရတဲ့အခါမှာ ကိုယ့်ဒုက္ခဟာ ထင်သလောက်မဆိုးမှန်း သိလာမှာပါ။ အဲဒါကို ကြည့်ခြင်းအားဖြင့် ဘ၀မှာကြုံရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေရဲ့ ခက်ခဲခြင်း ၊ မဖြေရှင်းနိုင်ခြင်း ဆိုတဲ့အခြေအနေတွေဟာ ကိုယ့်စိတ်ထဲကနေ သတ်မှတ်ထားတဲ့အတိုင်းအဆသာဖြစ်ပါတယ်။

အဲဒီ့အတွက် ဘ၀မှာ ဘာပဲကြုံကြုံ သတ္တိရှိရှိ ရင်ဆိုင်ဖြတ်သန်းမယ်.....ဆိုတဲ့ စိတ်နဲ့ တင်းခံထားတဲ့အခါ ကြုံလာသမျှ အခက်အခဲ၊ ပြဿနာတိုင်းကို ရအောင်ဖြေနိုင်တယ်ဆိုတဲ့ စိတ်လေးကြောင့် ဖြေရှင်းရ ပိုလွယ်ကူလာတယ်လို့ ထင်ရပြန်ပါတယ်။ “You can’t always be strong but you can be brave” တဲ့ အခက်အခဲနဲ့ ကြုံလာတိုင်း သင်သန်မာချင်မှ သန်မာနိုင်မှာပါ။ ပြောချင်တာက ၀မ်းနည်းမယ်၊ ကြေကွဲမယ်၊ ပြိုလဲချင်တဲ့စိတ်တွေဖြစ်လာမယ်ဆိုတာ လူသားတစ်ယော်ကဖြစ်နေတဲ့အတွက်ပါ။ သင်က စက်ရုပ်တစ်ရုပ်မှ မဟုတ်တာ၊ အဲဒီ့အတွက်တော့ သင်ခံစားရမှာပါပဲ။ ဒါပေမယ့် ကြုံလာသမျှကို သတ္တိရှိရှိတော့ ရင်ဆိုင်ဖြတ်သန်းနိုင်ပါတယ်။ အဓိကက သင့်စိတ်ပါပဲနော်၊ “The world breaks everyone, and afterward, some are strong at the broken places.” Ernest Hemingway ဆိုတဲ့စကားလိုပါပဲ။ လောကဓံရဲ့ ရိုက်ချိုးမှုကို လူတိုင်းခံရတာပါပဲတဲ့ ၊ ဒါပေမယ့် တချို့လူတွေအတွက်ကတော့ ချိုးဖဲ့ခံလိုက်ရတဲ့နေရာတွေက ပိုသန်မာလာတတ်ကြတယ်တဲ့။ အဲဒီ့တော့ ကိုယ်က လဲကျအရှုံးပေးတဲ့လူတွေထဲပါချင်လား၊ ပိုသန်မာလာတဲ့လူတွေထဲပါချင်လားဆိုတာ သင့်စိတ်ပါပဲ။

အဲဒါကြောင့် ဘ၀ကို ရင်ဆိုင်ရခက်ခဲတယ်လို့ထင်နေတဲ့အကြပ်အတည်းကြုံချိန်မှာ “ဘဝကို သတ္တိရှိစွာ ရင်ဆိုင်ဖြတ်သန်းပါ” ဆိုတဲ့စကားကို ကိုယ့်ကိုယ်ကိုယ် ပြန်လည်သတိပေးဖို့မမေ့ပါနဲ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။