အတ္တစိတ်များတဲ့ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ။

ချစ်ခြင်းမေတ္တာဆိုတဲ့အခါမှာ ၅၂၈ နဲ့ ၁၅၀၀ ဆိုပြီးခွဲခြားပြောဆိုတတ်ကြပါတယ်။ ၅၂၈ရဲ့သဘောကိုက မောင်နှမညီအကိုမိဘသားသမီးအပြန်အလှန်ချစ်ခင်တဲ့ချစ်ခင်မှုမျိုးမှု ပူလောင်မှုအများကြီးရှိမှာမဟုတ်ဘဲ အပြန်အလှန်အေးချမ်းစေတဲ့သဘောရှိတယ်လို့ ယူဆတတ်ကြပြီး ၁၅၀၀ ချစ်ခြင်းမျိုးကတော့ ကိုယ်ချစ်တဲ့လူကို ကိုယ်တစ်ယောက်တည်းသာပိုင်ဆိုင်လိုတဲ့စိတ်များတယ်လို့ ယူဆတတ်ကြပါတယ်။ များသောအားဖြင့်တော့ တဖက်လူရဲ့စိတ်အေးချမ်းမှုထက် ထိုလူ့ ကို ပိုင်ဆိုင်လိုစိတ်အားကြီးတာကြောင့် ကိုယ်လိုချင်တဲ့အရာတစ်ခုကို မရတဲ့အခါ ပူလောင်သောကရောက်ရသလို ၁၅၀၀ချစ်ခြင်းကလည်း ပူလောင်မှုတွေများတယ်လို့ယူဆကြတာဖြစ်ပါတယ်။


ဒါပေမယ့် ၁၅၀၀ချစ်ခြင်းမေတ္တာမှာသည်လည်းပဲ အချင်းချင်း နားလည်မှုနဲ့ ယုံကြည်မှုအပြန်လှန်တည်ဆောက်မယ်၊ အမှားကိုယ်စီ ပြုပြင်မယ်၊ သာယာအေးချမ်းဖို့ဦးတည်ပြီး အချင်းချင်းကြားနားလည်မှုယူထားမယ်ဆိုရင် မတူညီတဲ့လူနှစ်ယောက်ဖြစ်ပေမယ့် နားလည်မှုက အချင်းချင်းကြား ပူလောင်မှုကိုသက်သာစေပါလိမ့်မယ်။ အဲဒီလိုမဟုတ်ရင်တော့ မတူညီတဲ့လူနှစ်ယောက်ရဲ့ပတ်သက်ခြင်းမှာ ပူလောင်ခြင်းတွေသာ ကြီးစိုးနေပါလိမ့်မယ်။ အဲဒီလိုပူလောင်စိတ်များစေတဲ့အကြောင်းရင်းကတော့ အတ္တစိတ်ကြီစိုးနေခြင်းပါပဲ။ မတူညီတဲ့လူနှစ်ယောက်မှာ တစ်ယောက်က အတ္တစိတ်ကြီးမားနေခဲ့မယ်ဆိုရင် ထိုဆက်ဆံရေးကလည်း ရေရှည်အဆင်မပြေနိုင်ပါဘူး။ အဲဒါကြောင့် အတ္တစိတ်များတဲ့ချစ်ခြင်းမေတ္တာကို ပြသနေတဲ့အမူအကျင့်တွေရှိနေခဲ့ရင် ပြုပြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

၁) အရာအားလုံးကို မိမိဆုံးဖြတ်ချက်အတိုင်းသာလိုက်နာစေခြင်း
တခုခုဆုံးဖြတ်ရွေးချယ်မယ်ဆိုရင်တောင် ကာယကံရှင်ကိုယ်တိုင်စိတ်ကြိုက်မဆုံးဖြတ်စေဘဲ အတင်းကို မိမိဆန္ဒအလျောက်ဆုံးဖြတ်စေခြင်း၊ မိမိနှစ်သက်ရာကိုသာရွေးချယ်စေခြင်း ၊ မိမိရဲ့ဆန္ဒအတိုင်းသာ အရာအားလုံးကို လုပ်ကိုင်စေလိုခြင်းက တခါတလေဆိုရင်တော့ မသိသာပေမယ့် အမြဲတစေ ကိုယ့်ဆန္ဒကိုနောက်ပို့ထားရပြီး တဖက်လူရဲ့ဆန္ဒကိုသာ အမြဲဦးစားပေးနေရတာကို ဘယ်သူမှ မနှစ်မြို့နိုင်ပါဘူး။ ဘယ်နေရာမှာမဆို မျှမျှတတ စဉ်းစားဆုံးဖြတ်ခြင်းကသာ အပြန်အလှန်ကြားချစ်ခြင်းမေတ္တာကို ခိုင်မြဲစေမှာဖြစ်ပါတယ်။

၂) အမြဲတစေဦးစားပေးခံလိုခြင်း
များသောအားဖြင့် အတ္တစိတ်များတဲ့လူတွေဟာ သူတို့ကိုသာ အမြဲဦးစားပေးစေလိုပါတယ်။ တခါတလေ အခြေအနေအကြောင်းကြောင်းကြောင့် ဦးစားမပေးဖြစ်တာမျိုး၊ ဦးစားမပေးနိုင်တဲ့အခြေအနေမျိုးကြုံလာရင်လည်း နားလည်ပေးရမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အမြဲတစေ ဦးစားပေးခံလိုတယ်ဆိုရင်တော သင့်ကိုယ်သင်ပြုပြင်သင့်နေပါပြီလို့။

၃) ဘယ်နေရာမှမဆို မျှတစွာမတွေးခေါ်ပေးခြင်း
ဥပမာ။ ကိုယ့်မိဘကိုသိတတ်ခြင်းက ကောင်းတဲ့အရာတစ်ခုပါပဲ။ အဲဒီလိုပါပဲ ကိုယ့်ရဲ့ချစ်သူကလည်း သူ့ရဲ့မိဘကိုသိတတ်တာမျိုးလည်းရှိမှာပဲဆိုတာကို နားလည်ရပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ်ကသာ ကိုယ့်မိဘကို သိတတ်ပြီး အမြဲတမ်းပေးကမ်းချင်နေပေမယ့် ကိုယ့်ချစ်သူ ဒါမှမဟုတ်အိမ်ထောင်ဖက်ရဲ့မိဘတွေကျတော့ ပေးကမ်းထောက်ပံ့တာမျိုးကို လုံးဝနားမလည်ပေးနိုင်တာမျိုးက မျှတစွာတွေးခေါ်မှုမရှိတာပါပဲ။ တချို့အခြေအနေတွေမှာ ကိုယ့်ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်ရဲ့နေရာကနေ ဝင်တွေးပြီး ကိုယ်ချင်းစာပေးဖို့လည်းလိုအပ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမဆို “သူ့နေရာမှာ ကိုယ်သာဆိုရင်….” ဆိုတဲ့အတွေးမျိုးနဲ့ သူ့ဘက်ကိုယ့်ဘက်မျှတစွာတွေးပေးပြီး နားလည်ပေးဖို့လည်းလိုအပ်ပါတယ်။

၄) ကိုယ်သာအမှန်ဟု လက်ခံစေလိုခြင်း
လောကမှာ အမြဲမှန်နေတဲ့လူလည်းမရှိသလို၊ အမြဲမှားနေတဲ့လူလည်းမရှိနိုင်ပါဘူး။ ဒါပေမယ့် မတူတဲ့လူနှစ်ယောက်လက်တွဲကြတဲ့အခါ မတူညီမှုတွေကို လက်ခံသင့်သလောက်လက်ခံနားလည်ပေးရမှာပါ။ အတ္တကြီးတဲ့လူရဲ့ချစ်ခြင်းမေတ္တာမျိုးကတော့ အမြဲတစေ သူသာအမှန်လို့ လက်ခံစေချင်တာဖြစ်ပါတယ်။ အမြဲတစေ သူမှန်နေပြီး အမြဲတစေ သူ့စကားကိုသာလက်ခံစေချင်တာမျိုးပေါ့။ တဖက်သတ်ကြီး အမြဲတမ်းလိုလို သူပြောသမျှ အမှန်၊ အခြားလူပြောသမျှကို လက်မခံတတ်သူမျိုးပါ။

၅) ထိန်းချုပ်လိုခြင်း ၊ သံသယများခြင်း
ဘယ်လိုအခြေအနေမျိုးမဆို ထိုလူမျိုးက သူ့စကားကိုနားထောင်စေလိုပြီး ဘယ်အရာကိုမဆို ထိန်းချုပ်ချင်ကြပါတယ်။ ဘယ်ရောက်နေပြီလဲ….ဘယ်မှာလဲ…ဘာလုပ်နေတာလဲ…..ဘယ်အချိန်ရှိပြီလဲ….စတဲ့ ထောက်လှမ်းရေးဆန်တဲ့မေးခွန်းမျိုးတွေနဲ့ အမြဲတစေ သံသယများနေသလို၊ အချိန်နဲ့အမျှ report တင်နေရတာမျိုးပါ။ အမြဲတမ်း သင်္ကာမကင်းဖြစ်နေတတ်ပါသေးတယ်။ ရေရှည်မှာဆိုရင် ပြုလုပ်သူအနေနဲ့မသိသာပေမယ့် ခံရသူအနေနဲ့က ဘယ်အရာမဆို ပြုလုပ်ဖို့ မဝင့်မရဲဖြစ်လာစေသလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုလျှော့နည်းလာစေပါတယ်။
အထက်က အကျင့်တွေရှိတဲ့လူမျိုးဆိုရင်တော့ သင့်အတွက်ရေရှည်မှာအဆင်မပြေနိုင်လောက်ပါဘူး။ တဖြည်းဖြည်း ကိုယ့်ပုံရိပ်တွေပျောက်ဆုံးလာသလိုခံစားရမှာဖြစ်ပြီး ကိုယ့်ခံယူချက်၊ ကိုယ့်ဆုံးဖြတ်ချက်တွေဘာမှမရှိနိုင်တော့ဘဲ သင့်ကိုယ်သင်တောင်ယုံကြည်မှုကင်းမဲ့လာနိုင်ပါတယ်။ ကိုယ့်မှာရှိနေခဲ့ရင်လည်း ပြုပြင်နိုင်ဖို့ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။