အဆိပ်သင့်အိမ်ထောင်ရေးမှာနစ်မွန်းသင့်ရဲ့လား။

အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ်ဘဝကိုအဆုံးထိ ဆိုးအတူကောင်းဖက် လက်တွဲသွားမယ့်လူမျိုးနဲ့ လက်ထပ်တာဖြစ်ပါတယ်။ ဘဝလက်တွဲဖော်ဆိုတာက ဘဝမှာ အကောင်းတွေချည်းကြုံလာမှာမဟုတ်သလို ၊ အဆိုးတွေချည်းလည်း ကြုံနေမှာမဟုတ်တာကိုနားလည်ပြီး ကောင်းတဲ့အချိန်မှာလည်း အတူခံစားလို့ အဆိုးတွေကြုံလာချိန်မှာလည်း တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီရင်း အားပေးရင်း ကြိုးစားရုန်းကန်ရှေ့ဆက်နိုင်တဲ့အိမ်ထောင်ဖက်ကို ပြောတာဖြစ်ပါတယ်။ အဆိပ်သင့်အိမ်ထောင်ရေးဆိုတာကရော…..။


အိမ်ထောင်ပြုခြင်းဟာ ထီထိုးသလိုပဲ၊ ပေါက်မယ်မပေါက်ဘူး အတိအကျဆုံးဖြတ်ပြီး သေချာတဲ့ထီလက်မှတ်ကိုပဲလိုချင်ပေမယ့် ကျိန်းသေပေါက်မယ့်ထီလက်မှတ်ကိုရချင်မှရမှာပါ။ တချို့အတိတ်ကံကောင်းသူတွေကတော့ ကိုယ့်ဘဝအတွက် စစ်မှန်တဲ့လက်တွဲဖော်ကို ရတတ်ပေမယ့် တချို့ကတော့ ကံဆိုးတတ်ကြပါတယ်။ အဲဒီ့အခါမှာ လက်ထပ်ပြီးကာမှ သက်တမ်းတစ်ခုရောက်သည်အထိ အမှားတွေကို ပြုပြင်သင့်တာပြုပြင်ပြီး မိသားစုဘဝကိုဒီထက်ပိုပြီး ကောင်းမွန်လာအောင်ကြိုးစားတည်ဆောက်သူတွေလည်းရှိပါတယ်။ ဒါပေမယ့် အိမ်ထောင်ဆိုတာက တစ်ဦးတစ်ယောက်ကပဲ အမှားတွေကိုပြုပြင်ချင်စိတ်ရှိလို့မဖြစ်ပါဘူး။ နှစ်ဦးနှစ်ဖက် မျှတမှုရှိရမှာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်က အားတက်သရောမရှိတဲ့အခါမှာ အိမ်ထောင်းရေးက အဆိပ်သင့်အိမ်ထောင်ရေးလို အချိန်ကြာလေ အဆိပ်သင့်လာလေဖြစ်လာနိုင်ပါတယ်။ အဲဒါအပြင် သားသမီးတွေရှိလာတဲ့အခါမှာလည်း သားသမီးတွေက မိဘနှစ်ပါးရဲ့အဆိပ်ကို နေ့စဉ်စားသုံးထိတွေ့နေရသူတွေဖြစ်လာတတ်ပါတယ်။

မြန်မာအမျိုးသမီးတော်တော်များများက တစ်ခုလပ်ဘဝကို ကြောက်စရာတစ်ခုလို သတ်မှတ်တတ်ကြပါတယ်။ အဆင်မပြေတဲ့အိမ်ထောင်ရေးတစ်ခုမှာလည်း အမျိုးသားက တာဝန်မကျေသူဖြစ်နေရင်တောင်မှ အမျိုးသမီးကိုသာ ဒီအိမ်ထောင်ရေးကို ရေရှည်တည်မြဲအောင် သည်းခံဖို့သာ တိုက်တွန်းတတ်ကြပါတယ်။ “သားသမီးတွေ အဖေတကွဲ အမေတကွဲဖြစ်မယ်…..သည်းခံ” ဆိုတဲ့စကားမျိုးကိုသာ ထပ်တလဲလဲကြားရတတ်ပါတယ်။ အဲဒါအပြင် “အတွင်းမီးအပြင်မသယ်နဲ့…အပြင်မီးအတွင်းမသယ်နဲ့”ဆိုတဲ့ ဘယ်သူတီထွင်ခဲ့မှန်းမသိတဲ့ ဂျင်းစကားကြီးကို တဖွဖွပြောတတ်ကြပါသေးတယ်။ ထိုစကားကို လက်ကိုင်စွဲတဲ့အမျိုးသမီးတွေခမြာမှာ ကိုယ့်အိမ်ထောင်ဦးစီးရဲ့အပြစ်တွေ၊ အမှားတွေကို ပြုပြင်ခိုင်းဖို့နေနေသာသာ နှုတ်ကနေတောင် ဖွင့်မပြောရဲကြပါဘူး။ အပြင်ကိုလည်း မပြောပြရဲ၊ လင်ယောကျ်ားကိုလည်း မပြုပြင်ခိုင်းရဲ၊ တစ်ခုလပ်မဖြစ်ချင်ရင် သည်းခံလိုက်ဆိုတဲ့စကားနဲ့သာ ခံစားရသမျှတွေကို ရင်ခွင်ပိုက်ထားရတတ်ပါတယ်။ အဲဒီလိုနဲ့ အားကိုးရတဲ့တစ်ဦးတည်းသော အိမ်ထောင်ဦးစီးပြုသမျှ အမှန်ကော ၊ အမှားကောကို ကြိတ်မှိတ်သည်းခံရပါတော့တယ်။ အဲဒါကြောင့် အိမ်တွင်းအကြမ်းဖက်မှုကဲ့သို့ အကြမ်းဖက်မှုမျိုး၊ ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့ ခံစားချက်အချို့ကိုတောင် ချမပြရဲဘဲ ခံစားနေကြရတတ်ပါတယ်။ မြန်မာနိုင်ငံက တစ်ချို့သော လူတွေက အခြားသူရဲ့အိမ်တွင်းရေးကိစ္စမျိုးကိုလည်း ဝင်မပါဘဲ လက်ရှောင်နေတတ်ကြပါတယ်။ ရှောင်သင့်တဲ့ကိစ္စဆို ရှောင်တာကိစ္စမရှိပေမယ့် အိမ်တွင်းအကြမ်းဖက်မှုလိုမျိုး နေ့စဉ်ရက်စက် ရိုက်နှက်နေတတ်တာမျိုး၊ အိမ်ထဲ တံခါးပိတ်ထားတာမျိုးလောက်ထိ ဖြစ်တာတောင် ဘယ်သူကမှ ဝင်မပါတတ်ကြတော့ပါဘူး။ ထားပါတော့……ထိုကဲ့သို့ ကိုယ့်ဘဝအတွက် အဆိပ်အတောက်လိုအိမ်ထောင်ရေးမျိုးကို အလွတ်မရုန်းရဲကြတာ အကြောင်းပြချက်အများကြီးမရှိပါဘူး။ သားသမီးတွေ အဖေတကွဲ အမေတကွဲဖြစ်နေမှာစိုးလို့….ဆိုတဲ့အကြောင်းပြချက်ရယ်၊ မိခင်ဖြစ်သူက သီးသန့်ဝင်ငွေရယ်လို့ မရှိတာကြောင့်ရယ်က အဓိက အချက်ဖြစ်ပါတယ်။

အဖေတကွဲအမေတကွဲဖြစ်ခြင်းက ကလေးတစ်ယောက်အတွက် တခဏတော့ ခံစားရပါလိမ့်မယ်။ ဒါပေမယ့် အမြဲတစေ အိမ်တွင်းရေးအဆင်မပြေတတ်တဲ့ မိဘနှစ်ပါးရဲ့ရန်ပွဲကြားမှာ ရှင်သန်ရတာထက်စာရင်တော့ နာကျင်မှုက သက်သာပါသေးတယ်။ နာကျင်မှုသက်သာစေခြင်းက ဓားထက်ထက်နဲ့ တစ်ချက်ထဲဖြတ်လိုက်ခြင်းပါပဲ…။ အိမ်ထောင်ကွဲရခြင်းအကြောင်းရင်းကို သားသမီးကိုသေချာနားလည်အောင် ပြောပြခြင်းက သားသမီးဖြစ်သူကလည်း နေ့စဉ်မြင်တွေ့နေရတဲ့အခြေအနေကြောင့် မိဘကိုနားလည်ပေးနိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ သားသမီးမှာ နေ့စဉ်မြင်တွေ့နေရတဲ့ အိမ်တွင်းရေးကြောင့် စိတ်ပိုင်းဆိုင်ရာ တဖြေးဖြေးထိခိုက်ခံစားလာရတာက ကလေးအတွက်ပိုဆိုးပါတယ်။ ဘဝကိုအတူရှေ့ဆက်ဖို့မဖြစ်နိုင်ရင် စောစောစီးစီးလမ်းခွဲလိုက်ခြင်းက ကိုယ့်ဘဝကိုလည်း ထွက်ပေါက်တစ်ခုအတွက် ရှင်သန်ဖို့အချိန်ရစေပါတယ်။ မဟုတ်ရင် တစ်ဘဝလုံး ကိုယ့်အတွက်အဆိပ်ဖြစ်စေတဲ့လူကို ဘေးတွဲကြီးလို တတွဲတွဲနဲ့ခေါ်သွားရမှာ ကိုယ့်ဘဝလည် မတိုးတက်သလို၊ သားသမီးတွေရဲ့ စိတ်ခံစားချက်ကိုလည်း ဆိုးဝါးစေပြီး စိတ်ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ မဖြစ်နိုင်မှန်းသိပြီး လမ်းခွဲလိုက်ခြင်းက ကိုယ့်ဘဝကို ကိုယ်တိုင်ရပ်တည်ဖို့ ကြိုးစားခွင့်ရနိုင်ပါတယ်။

အဲဒါကြောင့် မိဘတွေဖြစ်လာပြီဆိုရင် သားသမီးရဲ့စိတ်ခံစားချက်၊ စိတ်ကျန်းမာရေးက အရေးကြီးတယ်ဆိုတာကို နားလည်ပါ။ မိစုံဖစုံရှိခြင်းက ကောင်းပေမယ့် ရှိနေတဲ့မိစုံဖစုံက သားသမီးကို နေ့တိုင်းစိတ်ဒုက္ခပေးနေတယ်ဆိုရင် မိစုံဖစုံ မရှိတာကမှ ပိုကောင်းပါလိ့မ်မယ်။ အမျိုးသမီးတွေလည်း အိမ်ထောင်ဖက်ဆိုတာ ထီပေါက်မပေါက်မသေချာတဲ့ထီလက်မှတ်ကို ကံစမ်းသလိုဖြစ်တဲ့အတွက် အိမ်ထောင်ပြုပြီးပေမယ့်လည်း ကိုယ့်ဘဝရဲ့ရပ်တည်ရှင်သန်မှုအတွက် တခုခုကို ဖြစ်မြောက်အောင်မြင်အောင် ကြိုးစားနေသင့်ပါတယ်။ အိမ်ထောင်ပြုခြင်းကြောင့် ကိုယ့်ဘဝရဲ့ရပ်တည်မှုတွေ ရပ်တန့်မသွားပါစေနဲ့။ အဆိပ်သင့်အိမ်ထောင်ရေးထဲမှာ နစ်မွန်းနေခြင်းက သင့်ရဲ့အနာဂတ်ကိုလည်း ဖျက်ဆီးပစ်နေတာဖြစ်ပြီး သင့်သားသမီးတွေရဲ့ဘဝကိုလည်း အညွှန့်ကျိုးစေပါတယ်။ အဲဒါကြောင့် အဆိပ်သင့်အိမ်ထောင်ရေးထဲမှာ မနစ်မွန်းစေပါနဲ့။ အိမ်ထောင်ဖက်ကောင်းအဖြစ် ဘဝကိုအတူကြိုးစားရှင်သန်ပါ၊ အမှားတွေကို အပြန်အလှန်နားလည် ပြုပြင်ပါ။ အနာဂတ်ကို ပိုကောင်းလာအောင် အတူပုံဖော်ပါ။ သားသမီးတွေရဲ့အနာဂတ်ကို အဆိပ်သင့်စေတဲ့မိဘမျိုး၊ အိမ်ထောင်ရေးမျိုးမဖြစ်ပါစေနဲ့။ အဆိပ်သင့်အိမ်ထောင်ရေးကို မလိုချင်ပေမယ့် ဖြစ်လာခဲ့သည်ရှိသော် မတော်သောဖိနပ်ကိုမစီးပါနဲ့လို့ တိုက်တွန်းလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။