အသက်အရွယ်ကြီးရင့်သောသူများကို ဂရူစိုက်ပါ

အသက်အရွယ်ကြီးရင့်လာသော အဖိုးအဖွားများ ငယ်ရွယ်စဉ်ကတော့ စိတ်သွားတိုင်းကိုယ်ပါနိုင်ပေမယ့် အသက်ကြီးရင့်လာတဲ့နောက် ကိုယ်လုပ်ချင်တာတွေရှိပေမယ့်မလုပ်နိုင်တော့တာမျိုး၊ ကိုယ်မှန်းထားတာတွေရှိပေမယ့် မလုပ်နိုင်တော့လို့ ဖြစ်မလာနိုင်တာမျိုး၊ သားသမီး မြေးမြစ်တွေအတွက် ဖြစ်ချင်ပေမယ့် ဖြစ်မလာတာမျိုးတွေဖြစ်လာတဲ့အခါ သူတို့ကိုယ်သူတို့အတွက်ကော သူတို့ပတ်ဝန်းကျင်မှသူများအတွက်ကော စိတ်တိုင်းမကျဖြစ်လာတတ်ပါတယ်။ အဲဒီ့အခါ ကိုယ်ကျန်းမာရေးအရကော စိတ်ကျန်းမာရေးအရကော အဆင်မပြေမှုတွေခံစားရလာနိုင်ပါတယ်။ အဲဒီအခါမှာ သူတို့တွေရဲ့စိတ်ကို နားလည်ပေးနိုင်ပြီး ရုပ်ပိုင်းကော စိတ်ပိုင်းကောကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ ခုအချိန်မှာ အားမသန်တော့တဲ့ အဖိုးတွေအဖွားတွေ သက်ကြီးရွယ်အိုတွေက အရင်တစ်ချိန်မှာ သင့်ကိုဂရုစိုက်ခဲ့ပြီး သင့်အတွက်အရေးပါခဲ့သောသူများဖြစ်ခဲ့တယ်ဆိုတာ သင်မမေ့ပါစေနဲ့။ ခုချိန်မှာတော့ သူတို့ဟာ သင့်ရဲ့ဂရုစိုက်မှုကို ပြန်လည်လိုအပ်နေတဲ့သူတွေဖြစ်ပါတယ်နော်။ ၁) ပစ်မထားဘဲ အရေးတယူဆက်ဆံပေးပါ။ အချိန်တန် ထမင်းစားဖို့၊ သုံးဖို့စွဲဖို့ အဆင်သင့်၊ လုံလုံလောက်လောက်ပေးထားတာနဲ့တင် လုံလောက်ပြီထင်ရင် သင်မှားနေပါပြီ။ သင်ငယ်ရွယ်စဉ်က အသေးစိတ်ကအစ ဂရုစိုက်ခဲ့တာသူတို့ပါ။ သင့်အတွက် စားစရာ၊ ကစားစရာ၊ ငွေကြေး၊ လုံလောက်အောင် ပေးရုံနဲ့ ပြည့်စုံပြီထင်ခဲ့ရင် သင်တောင်ခုလို အရွယ်ရောက်လာမှာမဟုတ်ပါဘူး။ ငယ်စဉ်တုန်းက အလုပ်တွေ၊ လူမှုရေးတွေ၊ ငွေကြေးကိစ ္စတွေ၊ သင့်ဝေယျာဝစ ္စတွေနဲ့ သူတို့မှာ အထီးကျန်ချိန်တောင်ရှိခဲ့မှာမဟုတ်ပါဘူး။ ခုလိုအချိန်မျိုးမှာ သူတို့ဟာ ပိုပြီး အထီးကျန်နေတတ်ပါတယ်။ အဲဒီတော့ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကောကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အရေးတယူဆက်ဆံပေးတာမျိုးလုပ်ပေးပါနော်။ ဥပမာ။ အဖိုးအဖွားထမင်းစားချိန်နဲ့တိုးလျှင် “အဖိုးဘာဟင်းနဲ့စားနေလဲ…၊စားရတာအဆင်ပြေရဲ့လား။ ဘာစားချင်လဲ…..၊ ခုချက်ချင်းသွားဝယ်ပေးမှာပေါ့” ဆိုတာမျိုးပါ။ သူတို့အတွက်ဆို ကိုယ်က ဦးစားပေးတာကို သူတို့သိအောင်လုပ်ပေးပါ။ အဲဒါဆိုရင် သူတို့အတွေးမှာ “ငါ့ကိုဦးစားပေးအရေးစိုက်သား….” ဆိုတာမျိုးက သူတို့ကို ပျော်ရွှင်ပါစေလိမ့်မယ်။ ၂) စကားစမြည်ပြောဖို့ အချိန်ပေးပါ။ လူကြီးတွေကို ကိုယ်ဖတ်ထားတဲ့စာအုပ်က ဘယ်လို…..ဘာတွေပါတယ်ဆိုတာမျိုးပြောပြရင်း “အဖိုးတို့တုန်းကကော ဘာစာအုပ်တွေဖတ်ဖြစ်တာလဲ….” လို့ အရေးတယူစပ်စုတာမျိုးလုပ်ပေးပါ။ သူတို့က ခုချိန်မှာ စကားများများပြောချင်နေတဲ့သူတွေပါ။ သူတို့က လောကမှာ နှစ်ပေါင်း ၅၀ ကျော် ၆၀ကျော် နီးပါး နေထိုင်ခဲ့ပြီးလို့ အတွေ့အကြုံတွေ၊ ပြောစကားတွေ အများကြီးရှိပါတယ်။ သူတို့ပြောပြတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေက အရမ်းစိတ်ဝင်စားဖို့ကာင်းသလို၊ သင့်အတွက် ဗဟုသုတတောင်ရနိုင်ပါသေးတယ်။ ၃) လေ့ကျင့်ခန်းအတူလုပ်ပေးပါ။ ဥပမာ။ လမ်းလျှောက်ထွက်ဖို့ ကိုယ်ကစခေါ်တာမျိုးပါ။ သူတို့တွေက ခုချိန်မှာ အားလပ်ချိန်ရှိနေပေမယ့် အဖော်လုပ်ပေးမယ့်သူမရှိတာမျိုးပါ။ ကိုယ်ကဘယ်လောက်အလုပ်များများ ကိုယ့်အတွက်အားလပ်ချိန်ပေးတဲ့အချိန်မျိုးမှာ အဖိုးအဖွားကိုပါ အဖော်ခေါ်လိုက်ပါ။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်နိုင်တော့တဲ့အတွက် အတူစကားပြောရင်းလမ်းလျှောက်စေခြင်းက ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ၄) အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးပါ။ ကိုယ်တွေက အဆင်ပြေသလို စားလိုက်လို့ ခံနိုင်ရည်ရှိပေမယ့် လူကြီးတွေအတွက်ကတော့ မလွယ်တဲ့အခြေအနေပါ။ ကလေးလေးတွေကို ဂရုစိုက်သလို ဂရုစိုက်သင့်ပါတယ်။ ခုချိန်မှာ သူတို့က တဖန်အားငယ်တတ်သူတွေဖြစ်နေတဲ့အချိန်ပါ။ သူတို့စားချင်တာလေးတွေမေးပြီး တကူးတကချက်ပြုတ်ကျွေးတာမျိုးလုပ်ပေးပါ။ ပြီးတော့ အသက်အရွယ်ကြီးရင့်သူတွေ အဖြစ်များတဲ့ရောဂါတွေကိုသတိထားပြီး အာဟာရပြည့်ဝအောင်ချက်ပြုတ်ကျွေးမွေးပေးပါ။ ၅) လုပ်ချင်တာလေးတွေ လုပ်ခွင့်ပေးပါ။ လူကြီးတွေက ခုချိန်မှာ ဘာမှလုပ်စရာမရှိတော့တဲ့အခါ သူတို့ကိုယ်သူတို့ လူပိုကြီးတစ်ယောက်လို ခံစားလာရရင် ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ မီးဖိုချောင်အတွက် အပင်ငယ်လေးတွေ စိုက်တာမျိုးလုပ်ချင်ရင် လုပ်ခွင့်ပေးပါ။ ခြံရှင်းတာမျိုးလုပ်ချင်လည်း လုပ်ခွင့်ပေးလိုက်ပါ။ သိုးမွေးထိုးတာမျိုးလုပ်ချင်လုပ်ခွင့်ပေးလိုက်ပါ။ ဂရုစိုက်တဲ့အနေနဲ့ အညောင်းထိုင်မယ်၊ ခါးနာမယ်၊ ဘာမှမလုပ်ပါနဲ့လို့ ပြောပြီး ဆူနေမယ့်အစား ဝါသနာပါတာလေးတွေလုပ်နေရင်းနဲ့အချိန်ကုန်သွားတာက သူတို့အတွက် ပိုပြီး သက်တောင့်သက်သာဖြစ်စေတာပါ။ စိတ်ဓာတ်ကျရောဂါမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။ ၆) စိတ်ရှည်ပေးပါ။ အသက်အရွယ်ရလာတဲ့အခါ မှတ်ဉာဏ်မကောင်းတော့တာမျိုး ကြုံလာရမှာပါပဲ။ ကိုယ်က နားလည်ပြီး ထပ်ခါထပ်ခါရှင်းပြပေးပါ။ မေ့သွားလည်း မငြိုငြင်ဘဲ နောက်တစ်ခေါက်ပြန်ပြောပေးတာမျိုး လုပ်လိုက်ပါ။ လူကြီးတွေအတွက် white board လေးတစ်ခုနဲ့ မမေ့အောင် စာရေးပေးခဲ့တာမျိုးလေး လုပ်ပေးနိုင်ရင် အများကြီးမတိုးတက်တောင် အခြေအနေတစ်ခုထိတော့ မှတ်မိနိုင်ပါသေးတယ်။ ၇) နားလည်ပေးပါ။ လူကြီးတွေအတွက် နားလည်မှုလည်းလိုအပ်ပါတယ်။ အိမ်နားဝန်းကျင်မှာ အဖိုးအဖွားနဲ့ရွယ်တူသက်ကြီးရွယ်အိုတွေရှိရင် အပြန်အလှန်စကားပြောကြပါစေ။ လူကြီးတွေအတွက် ရွယ်တူခြင်းက ပိုပြီးစကားပြောလို့ အဆင်ပြေမှာပါ။ လူကြီးတွေကိုယ်တိုင်လည်း အထီးကျန်တယ်လို့ ခံစားရတော့မှာမဟုတ်ပါဘူး။#BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။