အိပ်မက်တွေကို အသက်သွင်းပါ။

လူူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြမယ်ထင်ပါတယ်။ အိပ်မက်ဆိုတာက ကိုယ့်ဘဝမှာ ကိုယ့်အတွေးထဲမှာ ကိုယ်အမြဲဖြစ်ချင်နေတဲ့ဆန္ဒလေးတစ်ခုခုပေါ့။ အင်မင်တို့ကျတော့ ဆယ်တန်းဖြေပြီးကတည်းက စာရေးဆရာတွေကို အင်တာဗျူးထားတဲ့ဆောင်းပါးလေးတွေဖတ်ရရင် အရမ်းသဘောကျပြီး သူတို့လို စာတွေရေးချင်စိတ်လေးဖြစ်တယ်၊


သူတို့ကိုအရမ်းအားကျတဲ့စိတ်လေးဖြစ်တယ်၊ သူတို့လိုကိုယ်လည်း လူတွေရဲ့ဘဝကိုဖော်ပြချင်တယ်ဆိုတဲ့စိတ်လေးဖြစ်တယ်ပေါ့။ အဲဒီ့စိတ်လေးဖြစ်ပေါ်ရာကနေ သူတို့လိုဖြစ်အောင် ကိုယ်ဘယ်လိုလုပ်ရမလဲ…..ဆိုတဲ့အတွေးလေးစပြီး တွေးမယ်။ အဲဒါက အိပ်မက်ကိုစမက်တာပါပဲ။ လူတိုင်းမှာ အဲလိုမျိုး ကိုယ်အရမ်းနှစ်သက်တဲ့အလုပ်၊ ကိုယ်အရမ်းပျော်ဝင်နေမယ်ထင်တဲ့ဝါသနာမျိုး၊ အသက်မွေးဝမ်းကျောင်း စသည်ဖြင့် တစ်ခုခုရှိမယ်ထင်ပါတယ်နော်။ ဥပမာ၊ ဘာကိုပဲကြည့်ကြည့် ပန်းချီဆွဲလိုက်ရင်ဘယ်လိုလှမှာဆိုပြီးတွေးနေမိသလား၊ သာယာတဲ့နေရာလေးတစ်နေရာကိုရောက်တာနဲ့ ချက်ချင်း ကဗျာတစ်ပုဒ်ကောက်စပ်လိုက်မိတတ်တာမျိုးလား၊ ကွန်ပျူတာနဲ့ပတ်သက်ပြီး ပြင်တာမျိုး၊ ဆော့ဝဲပိုင်း ဒါမှမဟုတ် hardware ပိုင်းကို ပြုပြင်နေရရင် နေ့မှန်းညမှန်းတောင် မသိတော့တဲ့အထိဖြစ်နေသလား။ အမျိုးမျိုးပါပဲ။
အဲဒီလို ကိုယ့်အတွက်အကျိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘာကိုမှ မျှော်ကိုးစိတ်မရှိဘဲ ကိုယ်တိုင်လိုက်ပါလုပ်ကိုင်နေရရင်ကို ပျော်နေတတ်တဲ့ အလုပ်မျိုး၊ အသက်မွေးဝမ်းကျောင်းပညာမျိုး၊ ဝါသနာမျိုးရှိနေတယ်ဆိုရင် ကိုယ်အမြဲတမ်းလုပ်သွားဖို့ စဉ်းစားမိနေတယ်ဆိုရင် အဲဒါက အစပါပဲ။ အိပ်မက်တစ်ခုရဲ့အစပေါ့။ ကိုယ်က ဒါတွေလုပ်နေရလို့ ပျော်နေတယ်ဆိုရင် အဲဒီ့အရာကိုသာ တစ်စိုက်မတ်မတ် ဘယ်လိုဆက်လုပ်သွားရမလဲ…ဆိုတာကိုတွေးပါ။ (မကောင်းသောအရာတွေနဲ့ ကိုယ့်ဘဝအတွက် မကောင်းစေတဲ့အရာတွေကို မဆိုလိုပါဘူးနော်၊ ကိုယ့်ရဲ့ဝါသနာလည်းဖြစ် ကိုယ့်အတွက် စိတ်ကျေနပ်မှုလည်းဖြစ်၊ ကိုယ့်ဘဝအတွက် အဆိပ်အတောက်မဖြစ်စေတာမျိုးကို ပြောချင်တာပါ)
လူတော်တော်များများက အဲဒီနေရာမှာ အောင်မြင်သူနဲ့မအောင်မြင်သူဆိုပြီး စတင်ကွဲပြားသွားကြပါတယ်။ ဘာလို့လဲ ဆိုတော့ အောင်မြင်သူက ထိုနေရာမှာတင် သူအရမ်းစိတ်ပါဝင်စားပြီးပျော်ရွှင်နှစ်သက်ရတဲ့အလုပ်ကို ဘယ်လောက်ပဲဝင်ငွေမကောင်းပါစေ၊ စတင်ပြီး ဘယ်လိုရှေ့ဆက်လုပ်ရမလဲ……၊ ဒီလိုအသေးအဖွဲလေးကနေ ဘယ်လိုကြီးမားလာအောင်လုပ်ရမလဲ….စဉ်းစားပါတော့တယ်။ ကိုယ်တိုင်လည်း အရမ်းနှစ်သက်တဲ့အရာဖြစ်နေတဲ့အတွက် ပင်ပန်းရကောင်းမှန်းမသိဘဲ ရှေ့ဆက်သွားနိုင်အောင်ကြိုးစားပါတော့တယ်။
မအောင်မြင်သူကတော့ “ဒီအရာလေးကို ကြိုက်ပါတယ်….ဒါပေမယ့် ဝင်ငွေကမရဘူး။ ဘယ်လိုရပ်တည်မလဲ….ရှေ့ဆက်သွားလို့မဖြစ်ပါဘူး” စသည်ဖြင့်တွေးပါတယ်။ အဲဒီနေရာမှာတင် မအောင်မြင်သူအတွက် သူအရမ်းနှစ်သက်တဲ့အလုပ်က တခါတလေမှ၊ စိတ်ကူးပေါက်မှထလုပ်တဲ့အပျော်လုပ်ဖြစ်သွားပါတယ်။ လုပ်နေရတဲ့အလုပ်မှာလည်း မပျော်တဲ့သူတွေဖြစ်လာပါတော့တယ်။
အောင်မြင်သူဆိုတာကတော့ သူကိုယ်တိုင်အရမ်းစိတ်ပါတဲ့အလုပ်နဲ့အတူ၊ အသက်မွေးဝမ်းကျောင်းတစ်နေရာတော့ တစ်နေ့မဟုတ်၊တစ်နေ့ရသွားမှာပါ။ ဘာပဲပြောပြော…ကိုယ်အရမ်းနှစ်သက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းခွင့်ရတာနဲ့တင် အောင်မြင်သူတစ်ယောက်အဖြစ်သတ်မှတ်လို့ရနိုင်ပါပြီ။
ငွေတွေအများကြီးရပေမယ့် ကိုယ်တိုင်လုံးဝမပျော်ရွှင်တဲ့ဝန်းကျင်မှာ စိတ်တွေရှု့ပ်၊ တစ်နေ့တစ်နေ့ အလုပ်လုပ်ရမှာကို ကြောက်လန့်နေသလိုဖြစ်နေတဲ့ဘဝထက်စာရင် ကိုယ့်ရဲ့ဝါသနာနဲ့ထပ်တူကျတဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်သူနဲ့ အကွာကြီးကွာတာတော့အမှန်ပါပဲ။ ကိုယ်ချစ်တဲ့အလုပ်ကနေ သေးသေးလေးပဲဖြစ်ဖြစ် အောင်မြင်သွားတဲ့အခါ ရတဲ့ပီတိက သင့်ကိုပျော်ရွှင်စေနိုင်သလို
ဒီထက်ပိုပြီး နောက်တစ်ဆင့်တက်ရင် ဘယ်လိုဖြစ်လာမလဲ…ပိုကောင်းအောင် ဘာဆက်လုပ်ရင်ကောင်းမလဲ..…၊ ပိုကောင်းလာမယ်…..ဆိုတဲ့မျှော်လင့်ချက်နဲ့ အသက်ရှင်ရတဲ့အခါ သင့်ရဲ့ရှင်သန်ရတဲ့နေ့ရက်တိုင်းက ပိုပြီး ရှင်သန်ရပျော်စရာကောင်းလာမှာပါ။
အဲဒါကြောင့် ကိုယ့်မှာ ဖြစ်ချင်တဲ့အိပ်မက်လေးတစ်ခုရှိရင် အမိအရဆုပ်ကိုင်ပါ။ အသက်သွင်းဖို့ကြိုးစားပါ။ တွေ့ဖူးပါတယ်….တစ်ချို့တွေပါ၊ ငယ်ငယ်ကဖြစ်ချင်ခဲ့တာ ပန်းချီဆရာပါ၊ စာရေးဆရာပါ….လို့ပြောတာ။ ဒါပေမယ့် သူတို့ဆက်ပြောတတ်တာက “အဲဒီ့အလုပ်တွေနဲ့ ဘယ်လိုလုပ်အသက်မွေးမလဲ….ထမင်းစားဖို့ရအောင် အခြားအလုပ်တစ်ခုလုပ်ရတာပေါ့” ဆိုတာမျိုးပါ။ တကယ်တော့ တကယ်ဖြစ်ရင် တကယ်လုပ်လို့ရပါတယ်။ သင်က ပန်းချီဆရာဖြစ်ချင်တယ်….ခုလက်ရှိသင့်လက်ရာတွေက ဈေးကောင်းမရနိုင်သေးဘူး၊ သင့်လက်ရည်တက်နေအောင် ပန်းချီတော့ ဆက်ပြီးဆွဲနေပါ။ သင့်လက်ရာကဈေးကောင်းမရသေးတော့ သင့်စားဝတ်နေရေးအတွက် ငွေရမယ့်အလုပ်တစ်ခုလုပ်နေရင်း သင့်ဝါသနာပန်းချီဆက်ဆွဲနေလို့ရပါတယ်။ အဲဒါကနေ ပန်းချီပြပွဲတွေအတွက် ဘယ်လိုလိုက်ရမလဲ၊ ကိုယ့်ရဲ့ပန်းချီဆွဲဖော်ဆွဲဖက် မိတ်ဆွေတွေကနေ တဆင့် ပြပွဲတွေကို ဘယ်လိုချိတ်ဆက်မလဲ၊ ကိုယ့်လက်ရာပိုကောင်းအောင် အချိန်သပ်သပ်ထားပြီး ပန်းချီဆွဲဖြစ်အောင်ဆွဲမယ်လို့ ဆုံးဖြတ်ပြီး တကယ်လုပ်ဖို့နိုင်ဖို့ပဲလိုတာပါ။ တစ်ဖက်ကလည်း အသက်မွေးဝမ်းကျောင်းအတွက် အလုပ်တစ်ခုကိုတွဲလုပ်တော့ ကိုယ့်အတွက် စားဝတ်နေရေးအဆင်ပြေစေပါတယ်။ ကိုယ့်ရဲ့ဝါသနာက တကယ်တမ်းအသက်မွေးဝမ်းကျောင်းနိုင်လောက်တဲ့အထိ ပရော်ဖက်ရှင်နယ်ဖြစ်လာတဲ့အခါမှသာ ကိုယ့်စားဝတ်နေရေးအရလုပ်တဲ့အလုပ်ကိုလက်လွှတ်လို့ရပါပြီ။ အဲဒါဆို သင့်ရဲ့အိပ်မက်တွေကိုအသက်သွင်းပြီး သင်ကိုယ်တိုင်အဲဒီ့အိပ်မက်နဲ့ရှင်သန်ခွင့်ရပြီပဲပေါ့။ ဒါတွေက စိတ်ကူးယဉ်မဟုတ်ပါဘူးနော်။ တကယ်လုပ်ကြည့်မှ တကယ်ဖြစ်လာတာကိုသိမှာပါ။ အဲလိုဖြစ်ဖို့ ကြိုးစားနေရတဲ့ဘဝကလည်း ဘယ်လောက်တောင် စနစ်တကျရှိပြီး ဘယ်လောက်တန်ဖိုးရှိစွာ အချိန်ကိုအသုံးပြုနိုင်မလဲ၊ ဘယ်လောက် နေပျော်စရာကောင်းတဲ့ဘဝဖြစ်မလဲဆိုတာ သင်ကိုယ်တိုင်လုပ်ကြည့်မှ သိနိုင်မှာပါ။ အိပ်မက်ဆိုတာ မက်ရုံနဲ့မရပါဘူး၊ တကယ်ဖြစ်ချင် တကယ်အသက်သွင်းကြည့်ပါ။ နေပျော်စရာဘဝကို ရရုံတင်မကဘူး၊ သင့်ဘဝရဲ့နေ့ရက်တိုင်းက အဓိပ္ပါယ်နဲ့ပြည့်ဝလာပါလိမ့်မယ်။
အိပ်မက်တွေတော့ရှိပါတယ်။ စားဝတ်နေရေးနောက်ကိုလိုက်နေရလို့ အိပ်မက်တွေကို လွှတ်ချပစ်ခဲ့ရတယ်ဆိုတဲ့လူတွေနဲ့ ထိုအခြေအနေကို ရောက်လာတော့မယ့်လူတွေအတွက် ဆုံးဖြတ်လို့ရအောင် ဒီဆောင်းပါးလေးကို ရေးသားဖော်ပြလိုက်ရတာဖြစ်ပါတယ်။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။