အပြောကြီးသူများ၏ ဓလေ့စရိုက်များ

ကျွန်တော်တို့ ပုံမှန်ရှင်သန်နေတဲ့ပတ်ဝန်းကျင်မှာတင် လူအမျိုးမျိုးရှိပါတယ်။ အဲဒီ့ထဲကမှ အပြောကြီးတဲ့သူဆိုတာလည်း အပါအဝင်ဖြစ်နေတတ်ပါတယ်။ သင်လည်း ထိုကဲ့သို့ အပြောကြီးသူကို တွေ့ဖူးဆုံဖူးမယ်ထင်ပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပတ်ဝန်းကျင်က အပြောကြီးသူတွေရဲ့ ဓလေ့စရိုက်လေးတွေကို ပြောပြပေးချင်ပါတယ်။


၁) တကယ်မဟုတ်မမှန်တာကို အမှန်လုပ်ပြောတတ်ပါတယ်။
ခုလက်ရှိ တကယ်မဖြစ်နိုင်သေးတာ၊ တကယ်ဖြစ်တာက သေးသေးလေးကို အကြီးကြီးလုပ်ပြောတတ်ပါတယ်။ အကြောင်းမသိသူတွေအတွက်ကတော့ တကယ်ထင်တတ်ကြပေမယ့် အကြောင်းသိပြီး ထိုသူမျိုးပြောတတ်တဲ့စကားနဲ့ လက်တွေ့ကွာခြားနေတတ်တဲ့အခါ ထိုသူမျိုးကို အပြောကြီးသူလို့ သတ်မှတ်တတ်ကြပါတယ်။ သူတို့ပြောတတ်တဲ့စကားကိုလည်း အရေးမထားတတ်လို့ အကြောင်းသိသူကြားထဲမှာတော့ လူရာမဝင်တတ်တော့ပါဘူး။

၂) တကယ်မလုပ်နိုင်ဘဲ လုပ်နိုင်သယောင်ပြောတတ်ပါတယ်။
သူတို့တကယ်မလုပ်နိုင်ဘဲနဲ့လည်း အခြားသူများအထင်ကြီးဖို့အတွက် လုပ်နိုင်သယောင်၊ လုပ်ခဲ့ပြီးသယောင် ပြောတတ်ပါသေးတယ်။ ပြောတဲ့စကားတွေကလည်း လက်တွေ့နဲ့ကွာခြားပြီး နည်းနည်းဆို များများပြောတတ်ပါသေးတယ်။ အဲဒီ့အခါ တကယ်လက်တွေ့လုပ်ရမယ့်ကိစ္စမျိုးမှာ အရှက်ကွဲတတ်သလို၊ ဒုက္ခရောက်တတ်ပါသေးတယ်။

၃) ကိုယ့်မှာတကယ်မရှိသေးတာတွေကို ရှိတော့မယောင်ပြောတတ်ပါတယ်။
ဘယ်အချိန်မှာ ဘာကို ဘယ်လိုဝယ်မှာ…..ဆိုတာမျိုး တကယ်မဝယ်ဖြစ်သေးပေမယ့် ထိုသူရဲ့ပါးစပ်ထဲမှာတော့ ဝယ်ပြီးနေသယောင် ပြောတတ်ပါတယ်။ ကိုယ်လက်ထဲတကယ်မရောက်လာသေးတဲ့ပစ္စည်းရဲ့တန်ဖိုးနဲ့ လူတကာကို အထင်ကြီးအောင်လုပ်တတ်ပါသေးတယ်။ ပြီးတော့ ထိုပစ္စည်းကိုပဲ အခြားသူများအတွက်ဆိုပြီး မရှိသေးတဲ့ပစ္စည်းအတွက်တောင် အဖော်ခေါ်တတ်ပါသေးတယ်။

၄) ဟန်ကိုယ်ဖို့ အရမ်းလုပ်တတ်ပါတယ်။
သူတို့ရဲ့စိတ်ထဲမှာ အရမ်းသိမ်ငယ်တတ်တဲ့ အငုံစိတ်ရှိပါတယ်။ အဲဒီ့အငုံစိတ် သက်သာဖို့အတွက် အခြားသူများ အထင်သေးမှာကို အရမ်းကြောက်တတ်နေတတ်ပါတယ်။ အဲဒါကြောင့် အခြားသူများနဲ့တွေ့ရင် သူသိ၊ သူတတ်၊ သူရှိ၊ သူချမ်းသာ သယောင် အရမ်း ဟန်ကိုယ်ဖို့လုပ်တတ်ပါတယ်။ ဆိုးကျိုးကတော့ အကျိုးလိုမှ ညောင်ရေသွန်းသူမျိုးနဲ့တွေ့တဲ့အခါ တကယ်မရှိတာကို အရှိလုပ်ပြောတတ်ခြင်းကြောင့် မရှိတာကော၊ ရှိတာကော ကုန်သွားတတ်ပါတယ်။ ဒါပေမယ့် ထိုကဲ့သို့ ကုန်သွားတာမျိုးကို အပြောကြီးသူမျိုးက လုံးဝမတုန်လှုပ်တတ်ပါဘူး။ သူ့ကိုယ်သူတောင် အရမ်းတွေ ဂုဏ်ယူတတ်ပါသေးတယ်။ အဲဒါကြောင့် သူ့အနားမှာ အကျိုးလိုသူတွေ ဝိုင်းနေတတ်ပါတယ်။

၅) အရမ်းအထင်ကြီးခံချင်စိတ်ရှိပါတယ်။
အပြောကြီးတဲ့သူတွေရဲ့ အဓိက အားနည်းချက်ကတော့ အရမ်းအထင်ကြီးခံချင်စိတ်ရှိတာပါ။ အဲဒါက ကောင်းလည်းကောင်းသလို၊ မကောင်းလဲမကောင်းပါဘူး။ ကောင်းတာကတော့ အနှိမ်မခံရတတ်ပါဘူး။ အမြဲလို လှလှပပနဲ့ ကိုယ့်ကိုကိုယ်အမြဲ သူအများကြားထင်ပေါ်နေအောင် ဂရုတစိုက်ကြိုးစားနေတတ်တဲ့အတွက် တကယ်လည်း လူအများက အထင်ကြီးတတ်ပါတယ်။ သူတို့ပြောတဲ့စကားဆို အကြောင်းမသိသူအတွက် အထင်ကြီးစရာတွေချည်းပါပဲ။
တကယ်အထင်ကြီးအောင် မနေဘဲ သာမန်ကာလျှံကာနေတတ်ပြီး တကယ်အထင်ကြီးသင့်တဲ့အရည်အချင်းရှိသူတွေလည်း ဒုနဲ့ဒေးပါပဲ။
မကောင်းတာကတော့ အတတ်ပညာနဲ့ပတ်သတ်ရင်လည်း တကယ်မတတ်ဘဲ တတ်ယောင်ကားလုပ်တတ်လို့ ဒုက္ခရောက်နိုင်ပါတယ်။ တကယ်မရှိတာကိုလည်း အရှိလုပ်တတ်တော့ ကုန်သင့်တာထက် ပိုပြီး ကုန်ကျပါတယ်။ အခန့်မသင့်ရင် အကြွေးတွေတောင် ပတ်လည်ဝိုင်းသွားနိုင်ပါသေးတယ်။

သင်ကော ထိုအကျင့်တွေပိုင်ဆိုင်ထားသလား။ အဲဒါဆိုရင်တော့ ခုပဲပြုပြင်လိုက်တာအကောင်းဆုံးပါ။ ဘာလို့ဆို သင့်အကြောင်းသိလို့ လူရာမသွင်းတတ်သူနဲ့ သင့်အကြောင်းသိပြီး သင့်ထံက ဘာရမလဲ….ပဲ စဉ်းစားတတ်သူနဲ့ တွေ့တဲ့အခါ သင့်အကျိုးစီးပွား ပျက်စီးနိုင်လို့ပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။