သင့်ကိုယ်သင် အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ ဘယ်လိုဝန်းရံမလဲ။

ဘဝမှာ ကိုယ့်ရဲ့ အရည်အချင်းတွေထက်မြက်လာဖို့နဲ့ အကောင်းမြင်စိတ်ရှိပြီး ဘဝကို ရင်ဆိုင်နိုင်စွမ်းရှိလာစေဖို့ သင့်ကိုယ်သင်ယုံကြည်မှုရှိလာစေဖို့ ကိုယ့်ကိုကိုယ်ချစ်ခင်တန်ဖိုးထားစိတ်ဖြစ်ပေါ်စေဖို့ စသဖြင့် အကြောင်းအရာပေါင်းစုံအတွက် ကိုယ့်ရှင်သန်ရာပတ်ဝန်းကျင်ကလည်း အရေးပါပါတယ်။ ဘာကြောင့်အရေးပါရသလဲဆိုရင် သင့်ပတ်ဝန်းကျင်ရဲ့အတွေးအမြင်က သင့်ဘဝကို အနည်းနဲ့အများသက်ရောက်မှုရှိနေတာမို့ပါပဲ။ အဲဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့ ဝန်းရံထားသင့်ပါတယ်။


၁) သင့်ပတ်ဝန်းကျင်ကလူတွေရဲ့အကျင့်စရိုက်ကို ပြန်သုံးသပ်ပါ။
တချို့လူတွေက သူတို့ကိုယ်တိုင်လည်း မှားယွင်းနေပြီး သူတို့ကိုယ်သူတို့လည်း အဆိုးမြင်တဲ့စိတ်နဲ့ပြုမူနေတတ်ပါတယ်။ ဒါပေမယ့်သူတို့ကိုယ်တိုင်တော့ အကောင်းဆုံးဖြစ်ချင်စိတ်ရှိကြပြီး ပျော်ရွှင်ချင်ကြပါတယ်။ အဲဒါက ဆန္ဒတစ်ခုသာဖြစ်ပြီး သူတို့ကိုယ်သူတို့တော့ ပြုပြင်ပြောင်းလဲခြင်းမရှိကြပါဘူး။ အဲဒါဆိုရင် အဲဒီလိုလူမျိုးကလည်း ဘယ်တော့မှ ကောင်းသောတိုးတက်ခြင်းနဲ့တိုးတက်ပြောင်းလဲနိုင်မှာမဟုတ်တော့ပါဘူး။ အဲဒါအပြင် ထိုကဲ့သို့သော လူမျိုးက ကိုယ့်ပတ်ဝန်းကျင်မှာရှိနေပြီး သင်ကိုယ်တိုင်ကလည်း ပေါင်းသင်းဆက်ဆံပတ်သက်နေမိတယ်ဆိုရင်တော့ ထိုသူရဲ့အတွေးအခေါ်အချို့ကိုလည်း သင်ရင်းနှီးနေမိမှာပါ။ အဲဒီ့အခါ မသိမသာ သင့်ထံမှာ လွှမ်းမိုးနေတတ်ပါတယ်။
အဲဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိသူကို သင်က ဝန်းရံချင်တယ်ဆိုရင် သင့်ပတ်ဝန်းကျင်မှာ လက်ရှိ သင်ပေါင်းသင်းနေတဲ့သူတွေရဲ့ အကျင့်စရိုက်ကို သင်သိနားလည်သင့်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ဘယ်သူကတော့ မကောင်းမြင်တဲ့စိတ်ရှိသူ၊ အကျင့်စာရိတ္တမကောင်းတဲ့သူ၊ ကူညီတတ်သူ၊ အတ္တကြီးသူ စသဖြင့် အကောင်းအဆိုးကိုခွဲခြားသိမြင်အောင်သုံးသပ်ပါ။

၂) ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ်ပေါင်းစိတ်ခွာနေပါ။
လူတစ်ယောက်ကိုပေါင်းသင်းတဲ့အခါ ရေခွက်ထဲကို ဆီတစ်စက်နှစ်စက်ရောလိုက်သလိုမျိုးပေါင်းသင်းသင့်ပါတယ်။ ရေထဲကိုဆီထည့်လိုက်တဲ့အခါ ရေနဲ့ဆီက ခွက်တစ်ခုထဲမှာ အတူရှိနေတာဖြစ်ပေမယ့် ရေကသတ်သတ်၊ ဆီကိုသတ်သတ်မြင်နိုင်ပါတယ်။ အဲဒီလိုပါပဲ။ လူတစ်ယောက်ကို စိတ်ကောင်းထားပြီးပေါင်းသင်းပါ။ ဒါပေမယ့်ထိုလူရဲ့အကျင့်က ဘယ်နေရာမှာတော့ ကောင်းလွန်းလို့ အတုယူသင့်ပြီး ဘယ်နေရာမှာတော့ အလွန်ဆိုးနေသလဲ၊ ဒါမှမဟုတ် ဘယ်နေရာမှာတော့ အားနည်းနေသလဲ၊ ထိုအားနည်းတဲ့အချက်ကို မြင်တဲ့အခါ ကိုယ်ကိုကိုယ်ပြန်သုံးသပ်ပြီး ကိုယ့်မှာထိုအားနည်းချက်မျိုးရှိနေသလား၊ ရှိနေရင် ပြင်နိုင်အောင်ကြိုးစားလိုက်ပါ။ ထိုမကောင်းတဲ့အားနည်းချက်ကို ကိုယ့်ဆီမှာဖြစ်လာအောင် သွေးဆောင်တဲ့အခါ မသိမသာရှောင်ထွက်နိုင်အောင်ကြိုးစားပါ။ မရှောင်နိုင်တဲ့အခါ ဖြစ်လာမယ့်အကျိုးဆက်ကို ကြိုတွေးထားပါ။
ပေါင်းသင့်တဲ့လူမျိုးကိုကျတော့ ထိုသူဆီက သင်ယူရမယ့်အရာတွေကို သင်ယူပါ။ အရင်ဆုံး ကိုယ်ပေါင်းစိတ်ခွာနေကြည့်လိုက်မှသာ ကောင်းကွက်၊ ဆိုးကွက်ကို မြင်နိုင်မှာဖြစ်ပါတယ်။ လူတစ်ယောက်ကို အပြစ်တင်ရှုံ့ချပြီးဝေဖန်ဖို့ ထိုလူရဲ့အကျင့်စရိုက်ကိုသိနားလည်ဖို့ထက် ထိုလူရဲ့အကျင့်ကိုသိနေတဲ့အခါ သင်ကိုယ်တိုင် သင်ခန်းစာယူသင့်တာယူ၊ ပြန်ပြီး သင်ယူသင့်တာသင်ယူ၊ ရှောင်ကျဉ်သင့်တာရှောင်ကျဉ်နိုင်တာပေါ့။

၃) ပြတ်သားသင့်တဲ့နေရာမှာ ပြတ်သားပါ။
မြန်မာလူမျိုးအများစုက အားနာတတ်ကြပါတယ်။ တကယ်တော့ အားနာသင့်တဲ့နေရာအားနာတာက လူမှုရေးပါ။ အားမနာသင့်တဲ့နေရာမှာတော့ ပြတ်သားစွာ ငြင်းပယ်သင့်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူက အရာရာကို အပြစ်မြင်တတ်တဲ့သူဖြစ်နေတယ်ဆိုပါတော့….. ။ ကိုယ့်မှာ သူ့ကိုမပတ်သက်လို့က မဖြစ်နိုင်ပါဘူး။ ထိုသူက ကိုယ့်ရဲ့အကြီးအကဲ ဒါမှမဟုတ် မိဘဖြစ်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဥပမာ ။ သင့်ကို အရေးကြီးတဲ့အလုပ်ခွင်က ချိန်းထားတာကို ဖျက်ခိုင်းပြီး သင့်ကိုသူ့ရဲ့အခြားအလုပ်ကို အရေးတကြီးခိုင်းလာတယ်ဆိုရင် သင်ဘာလုပ်မလဲ။ အားနာပြီးလုပ်ပေးလိုက်တဲ့အခါ နောက်ထပ် သင့်အလုပ်တွေတော်တော်များများကို သင်ဖျက်ရမှာ သေချာသလောက်ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူရဲ့ အကောင်း၊ အဆိုးကို နားလည်နေတဲ့အခါ ထိုကိစ္စမျိုးကို ပြတ်သားစွာငြင်းသင့်ရင် ငြင်းပစ်လိုက်ပါ။ ပြီးရင် ထိုသူကို အာရုံထဲကထုတ်ပစ်လိုက်ပါ။ သင့်ကို သူ့ရဲ့အကျင့်အတိုင်း အပြစ်တွေတင်ပြီး သူအနိုင်ကျင့်လို့ရမယ့်လူတစ်ယောက် သူ့ဟာသူထပ်ရှာပါလိမ့်မယ်။ အဓိကက ကိုယ့်ပတ်ဝန်းကျင်က လူကို နားလည်တဲ့အခါ သူ့ရဲ့ကောင်းခြင်းကို ကိုယ်ပညာယူမယ်၊ သူ့ရဲ့ဆိုးခြင်းတွေကို ကိုယ်မလုပ်မိဖို့သတိထားမယ်၊ သင်ခန်းစာယူသင့်တာယူမယ်။ ဒါပါပဲ။ ကိုယ့်အတွက်အဆိပ်အတောက်ဖြစ်စေတဲ့သူမျိုးကို ပြတ်သားလိုက်တဲ့အခါ ကိုယ့်အတွက်အကောင်းမြင်တတ်တဲ့သူကို အချိန်ပိုပေးနိုင်သွားမှာပါ။

၄) အချိန်ပေးသင့်တဲ့သူကိုအချိန်ပေးပါ။
ကိုယ်အချိန်ပေးသင့်တဲ့သူကို အချိန်ရအောင်ပေးပါ။ ကိုယ့်အတွက် စိတ်ဓာတ်ခွန်အားပေးတဲ့သူမျိုး၊ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုတိုးတက်လာစေတဲ့သူမျိုး၊ အကောင်းမြင်စိတ်ရှိသူမျိုး ထိုကဲ့သို့လူမျိုးတွေကိုတော့ မရရအောင် အချိန်ပေးပါ။ မကောင်းမြင်တဲ့သူတွေအတွက်ပေးထားတဲ့အချိန်ကို ဖျက်ပြီး ကိုယ့်အတွက်ကောင်းကျိုးရနိုင်တဲ့လူတွေကို အချိန်ပေးပါ။ ထိုသူတွေဆီက ဘာသင်ယူနိုင်မလဲဆိုတာကို နားလည်ပြီး ကိုယ့်အတွက် အကျိုးရှိမယ့်အရာအတွက် သင်ယူပါ။ သူတို့ဆီက ကိုယ်အားကျရတဲ့အရည်အချင်း ဒါမှမဟုတ် အတတ်ပညာ ဒါမှမဟုတ် ဆွေးနွေးသင့်တာမျိုး တခုခုပေါ့။

၅) မကောင်းမြင်တတ်တဲ့သူတွေကို ဖယ်ရှားပြီး အကောင်းမြင်တဲ့ဝန်းကျင်ကို ဖြေးဖြေးချင်းပျိုးထောင်ပါ။
ပြောချင်တာက မကောင်းတဲ့သူတွေကို တစ်ယောက်ချင်းစီ ရှောင်ကျဉ်လိုက်ပါ။ ထိုသူတွေနေရာမှာ အကောင်းမြင်စိတ်ရှိသူတွေကို အချိန်ပေးရင်း ကိုယ့်တစ်နေ့တာ၊ တစ်လတာ၊ တစ်နှစ်စာမှာ အချိန်ပြည့်ဖြစ်လာပါစေ။ တဖြေးဖြေးချင်း ကိုယ်တိုင်လည်း ထိုဝန်းကျင်ထဲကို လုံးဝရောက်သွားပါစေ။ မကောင်းမြင်စိတ်ရှိတဲ့သူတွေကို နည်းနည်းစီဖယ်ထုတ်ရင်း ထိုသူတွေအတွက် အချိန်လုံးဝမပေးတော့တဲ့အခါ ပိုထွက်လာတဲ့အချိန်တွေကို အကောင်းမြင်စိတ်ရှိတဲ့သူတွေထံမျာ ကုန်ဆုံးလိုက်ပါ။

မကောင်းမြင်စိတ်ရှိတဲ့လူတွေက သူတို့ပတ်ဝန်းကျင်က ဘာလိုအရာတွေကိုပဲလုပ်လုပ်၊ အပြစ်တင်ဝေဖန်ခြင်းနဲ့သာအချိန်ကုန်နေမှာ ဖြစ်ပြီး သူတို့ကိုပေါင်းသင်းပတ်သက်နေတဲ့သူတွေမှာလည်း မကောင်းသောစိတ်ခံစားချက်တွေကိုသာဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင့်ထိုသူမျိုးကို စွန့်ခွာပြီး သင့်အတွက် အကောင်းမြင်စိတ်ရှိတဲ့ပတ်ဝန်းကျင်ကသာ သင့်စိတ်နဲ့ သင့်ဘဝကိုပါ အကောင်းမြင်စိတ်ကလွှမ်းမိုးလာစေနိုင်မှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။