အမှန်အတိုင်း ရဲဝင့်စွာလက်ခံတတ်ပါစေ။

ဘဝမှာ အမှန်အတိုင်းလက်မခံတတ်သူတော်တော်များများကို မြင်ဖူးကြပါလိမ့်မယ်။ အမှားတွေကိုသိမြင်နိုင်စေဖို့က ကိုယ့်ရဲ့အခြေအနေတော်တော်များများကို အမှန်အတိုင်းလက်ခံတတ်ဖို့လိုပါတယ်။ ဒါပေမယ့် လူတော်တော်များများကလည်း အမှန်တိုင်းလက်ခံရမှာကို ကြောက်တတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မျှော်လင့်ထားတာလေးတွေ ဆုံးရှုံးသွားမှာကို ကြောက်တဲ့စိတ်ကြောင့်ပါ။ “တခါတရံမှာ လူတွေက အမှန်တရားကို မကြားချင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ယုံကြည်ထားတာတွေပျက်စီးသွားမှာစိုးလို့ပါ။” ဂျာမန်အတွေးအခေါ်ပညာရှင် Friedrich Nietzsche ပြောထားတဲ့စကားလေးက သိပ်မှန်ပါတယ်။ တကယ်တမ်း အမှန်တရားကို လက်ခံဖို့က အရမ်းခက်ခဲပါလိမ့်မယ်။


လူတွေရဲ့သဘောကိုက မဟုတ်မှန်းသိနေပေမယ့် ကိုယ်သာယာနေတဲ့အရာ၊ မကောင်းမှန်းသိပေမယ့် ကောင်းပါတယ်လို့ ကိုယ်လက်ခံထားတဲ့အရာကို အခြားတစ်ယောက်ယောက်က အမှန်အတိုင်းပြောပြတာမျိုးကျတော့ လက်မခံနိုင်ဖြစ်တတ်ကြပါတယ်။ အဲဒီ့စိတ်က ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင်က ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားတာလေးတွေ၊ မဖြစ်နိုင်မှန်းသိရက် ဖြစ်လာမယ်လို့မျှော်လင့်ထားတာလေးတွေကို အခြားသူတစ်ယောက်ကြောင့် ပျက်စီးသွားတာကို သူတို့လက်မခံနိုင်ကြပါဘူး။ အဲဒီလိုနဲ့ပဲ အမှန်အတိုင်းလက်ခံဖို့ ကြောက်လာတတ်ပါတယ်။
အမှန်အတိုင်း ရဲဝင့်စွာလက်ခံတတ်ခြင်းက ပြုပြင်ဖို့အချိန်ပိုရစေပါတယ်။ အမှားတွေကိုလည်း ပိုမြင်နိုင်ပါတယ်။ ရဲရဲလက်ခံနိုင်ရင်လက်ခံနိုင်သလို ကောင်းကျိုးတွေရှိပါတယ်။ ဒါပေမယ့် အမှန်အတိုင်းလက်မခံဘဲ အမှားကိုပဲအမှန်လိုလက်ခံနေခြင်းကတော့ ဆိုးကျိုးတွေအများကြီးဖြစ်ပေါ်စေပါတယ်။ ပတ်ဝန်းကျင်မှာ မြင်ဖူးကြမယ်ထင်ပါတယ်။ မိဘက ငွေကြေးဥစ္စာပြည့်စုံခဲ့တယ်၊ ဒါပေမယ့် တခုခုသောအကြောင်းအရာကြောင့် စီးပွားပျက်စီးသွားရတဲ့အခါ မိဘတွေက သားသမီးတွေစိတ်ဆင်းရဲမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ရဲ့မပြေလည်တဲ့စီးပွားရေးကို နကန်းတလုံးမှမသိအောင် ဖုံးထားပါတယ်။ သားသမီးတွေက မိဘတွေရဲ့နဂိုစီးပွားရေးအခြေအနေကိုပဲ အဟုတ်ထင်နေတဲ့အတွက် သွားလာစားသောက်ပျော်ပါးမပျက်နေထိုင်နေရင်းမှ ဘဝကိုဘယ်လိုရင်ဆိုင်ပြီး ပြန်လည်ထူထောင်ရမလဲမသိတော့ပါဘူး။ အဲဒီ့အခါမှာ သားသမီးတွေရဲ့ဘဝက ငွေမရှိအစားကြီး၊ အနံကြီးကွင်းကျယ်တွေဖြစ်လာသလို၊ မိဘတွေမှာလည်း ဘဝရဲ့နေဝင်ချိန်ရောက်တဲ့အထိ သားသမီးကိုစိတ်မချခြင်းများစွာနဲ့ လူ့လောကအလယ်ထားခဲ့ဖို့ မျက်လုံးမမှိတ်နိုင်ပြန်ပါဘူး။ မိဘမသန်စွမ်းချိန်ရောက်တဲ့အထိ ဘဝအကြောင်းတခုမှနားမလည်တဲ့သားသမီးက မိဘကိုလက်ဖြန့်ဖို့သာတတ်ပါတော့တယ်။ ဒီပြဿနာမှာ အဓိကက အမှန်အတိုင်းလက်ခံရဲတဲ့စိတ်ပါ။ မိဘများအနေနဲ့ သားသမီးကို ဘဝဆိုတာ ဘယ်လိုခက်ခဲကြောင်း၊ ခုနေငွေကြေးချမ်းသာနေပေမယ့် နောင်တချိန် အဆင်ပြေချင်မှပြေမယ့်အကြောင်း ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားဖို့ ၊ ကိုယ့်အိမ်ရဲ့မပြေလည်တဲ့စီးပွားရေးကို သားသမီးတွေနားလည်အောင် သွန်သင်ပေးသင့်တာပါ။ အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်းချပြသင့်တာပါ။ အဲဒါမှသာ သားသမီးတွေမှာလည်း လက်ခံသင့်တာလက်ခံပြီး ဘဝကို ဒေါင်ကျကျပြားကျကျလှုပ်ရှားကြိုးစားနိုင်မှာဖြစ်ပါတယ်။

ဥပမာ။ ရုပ်ဆိုးတဲ့လူတစ်ယောက်က ကိုယ့်ကိုကိုယ်မွေးရာပါ လက္ခဏာတွေကို အမှန်အတိုင်းလက်ခံရဲတဲ့အခါ အခြားသူများ သူ့ကိုစနောက်တဲ့အခါမှာလည်းသူ့အတွက်ထူးပြီး နာကျင်စရာဖြစ်တော့မှာမဟုတ်ပါဘူး။ ဘဝမှာအရေးကြီးတာက အမှန်အတိုင်းလက်ခံသင့်တာကိုလက်ခံပြီး ဘဝကို ရဲဝင့်စွာရှေ့ဆက်ဖို့လိုအပ်တာပါ။

relationship တစ်ခုမှာ ဆိုရင်လည်း အလားတူပါပဲ။ ကိုယ့်ရဲ့ချစ်သူ၊ ဒါမှမဟုတ် ရည်စား အိမ်ထောင်ဖက်က လုံးဝကို ကိုယ့်အပေါ်မကောင်းတဲ့သူဖြစ်နေတယ်ဆိုပါတော့။ အဲဒါကို ကိုယ်က အမှန်အတိုင်းလက်မခံနိုင်ဘူး၊ အခြားပတ်ဝန်းကျင်ကလူတွေရဲ့အမြင်မှာ သင့်အပေါ်အရမ်းကောင်းတဲ့ချစ်သူတစ်ယောက်အဖြစ် ဟန်ဆောင်ပန်ဆောင် ဆက်လက်တွဲနေမယ်ဆိုရင် အချိန်ကြာလေ နာကျင်ခံစား၇မယ့်သူက သင်ပဲဖြစ်လာမှာပါ။ တခါတလေကျတော့ အမှန်တရားက နာကျင်ပြီး ဆိုးရွားတာမှန်ပေမယ့် ရဲဝင့်စွာလက်ခံရဲဖို့လိုပါတယ်။ အဲဒါမှ ပြုပြင်သင့်တာပြုပြင်နိုင်မှာပါ။ ကိုယ့်အတွက် အဆင်မပြေတဲ့ဘဝလက်တွဲဖော်ကို ကိုယ့်အပေါ်ကောင်းနိုးနိုးနဲ့ ဆက်လက်တွဲနေခြင်းက သင့်ဘဝကိုနာကျင်ခြင်းတွေနဲ့သာ ပြည့်နှက်နေစေပါလိမ့်မယ်။ အချိန်နှောင်းမှ ပြုပြင်ဖို့လည်း မလွယ်ကူတော့ပါဘူး။

Nick Vjicic ဆိုရင်လည်း ခြေလက်အဂါၤမပါခြင်းရောဂါ tetra-amelia syndrome နှင့်မွေးဖွားခဲ့ပါတယ်။ မွေးရာပါရောဂါမို့ ဘာမှလုပ်လို့မရဘဲ စိတ်ဓာတ်ကျ၊ ကိုယ့်ဘဝကို သူများထက်နိမ့်ကျတယ်ဆိုပြီး သတ်မှတ်နေရင် သာမာန်လူသားတစ်ယောက်ဘဝထက်တောင် လုပ်နိုင်စွမ်းမရှိတဲ့လူတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ သူ့ကိုယ်သူ ဆိုးရွားတဲ့အခြေအနေကို သူကိုယ်တိုင်တောင်လက်မခံနိုင်ခဲ့ရင် သူ့ဘဝကိုဘယ်လိုရှေ့ဆက်နိုင်ပါ့မလဲ။ ဆိုးရွားတဲ့အခြေအနေကို သူကိုယ်တိုင်လက်ခံတယ်။ အမှန်အတိုင်းရဲရဲလက်ခံပြီး ထိုအခြေအနေအမှန်ထဲကနေမှ ဆက်လုပ်လို့ရတာကို သူရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ခုဆိုရင် အောင်မြင်တဲ့သူတစ်ယောက်အဖြစ် လူတိုင်းအားကျနေရတဲ့လူတစ်ယောက်ဖြစ်နေခဲ့ပြီမဟုတ်လား။
အဲဒါကြောင့် ဘဝမှာလူတိုင်းလိုလိုဟာ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင်ရမှာပါပဲ။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အမှန်အတိုင်းရဲဝင့်စွာ ရင်ဆိုင်သင့်တာကို ရင်ဆိုင်ပါ။ ထိုအခြေအနေမှန်ထဲကနေမှ ကိုယ်ဘာဆက်လုပ်လို့ရမလဲဆိုတဲ့ အခြေအနေကို ဆက်စဉ်းစားပြီး ပြုပြင်သင့်တာပြုပြင်၊ ဆောက်တည်သင့်တာဆောက်တည်လို့ ဘဝကို ရှေ့ဆက်မှသာ ဘဝက ဟန်မပျက် ရှေ့ဆက်တိုးနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရလာတဲ့ဆိုးဝါးတဲ့အခြေအနေတိုင်းကို အမှန်အတိုင်းရဲဝင့်စွာလက်ခံနိုင်ဖို့က အရေးကြီးပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။