အလုပ်အင်တာဗျူးအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ

အလုပ်အင်တာဗျူးသွားတဲ့အခါ ဘာတွေကြိုတင်ပြင်ဆင်ထားမလဲဆိုတဲ့မေးခွန်းမျိုးကို အက်မင်တို့လည်း ကိုယ့်ကိုကိုယ်မေးခဲ့ဖူးတာအခါခါပါ။ အရေးလည်း တကယ်ကြီးတဲ့အထဲမှာ ပါပါတယ်။ ကိုယ်လည်းတကယ်ကြိုက်တဲ့အလုပ်၊ တကယ်စိတ်ပါဝင်စားတဲ့အလုပ်ကို ရဖို့အတွက် အင်တာဗျူးက အရေးကြီးဆုံးပါပဲ။ သင်ကို ထိုအင်တာဗျူးကနေ စကားပြောကြည့်ပြီး ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် ထိုအင်တာဗျူးမှာ သင်အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့်ခုဖော်ပြပေးမှာလေးတွေ ဖတ်ကြည့်ပြီး မှတ်ထားလိုက်ကြပါအုံးနော်။


၁) စာရွက်စာတမ်းပြည့်စုံအောင် ကြိုတင်ပြင်ဆင်ပါ။
မနက်အင်တာဗျူးသွားရမယ်ဆိုရင် ညကတည်းက CV၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ သန်းခေါင်စာရင်း၊ ဓာတ်ပုံ စသည်ဖြင့် အရေးကြီးတဲ့စာရွက်စာတမ်းတွေကို အကုန်ပြည့်စုံအောင် တစ်ခါတည်းဖိုင်တွဲထားသင့်ပါတယ်။ မူရင်းစာရွက်စာတမ်းတွေကိုလည်း လိုလိုပိုပို ဆောင်သွားသင့်ပါတယ်။ (တစ်ချို့ကုမ္ပဏီတွေက မူရင်းစာရွက်တွေပါ တောင်းကြည့်တတ်တာမို့ပါ) ညကတည်းက ဖိုင်ကိုအသင့်ပြင်ထားတော့ မနက်အင်တာဗျူးသွားခါနီးမှ အသည်းအသန် တစ်ရွက်ချင်းလိုက်ရှာရတာမျိုးမရှိတော့ပါဘူး။ သွားခါနီး ကတိုက်ကရိုက်ဖြစ်ခြင်းကနေကင်းဝေးပြီး စမတ်ကျကျ ယုံကြည်မှုရှိရှိ အိမ်ကထွက်လာနိုင်တော့ သင့်ကိုသင်ပိုပြီး တည်ငြိမ်မှုရှိတာကို ခံစားရမှာပါ။
၂) အင်တာဗျူးအလိုက် ဖတ်သင့်တဲ့စာတွေကြိုဖတ်ထားပါ။
ကိုယ်အလုပ်လျှောက်တဲ့ position အလိုက် သိသင့်တာတွေကို ရှာဖွေမှတ်သားဖတ်ရှုပါ။ မှတ်စုထုတ်ပါ။ မေ့တတ်တယ်ဆိုရင် မှတ်စုစာအုပ်ပါ ဖိုင်ထဲထည့်သွားပြီး အင်တာဗျူးမဝင်ခင် ဖတ်လို့ရပါသေးတယ်။ position အလိုက် ဖတ်သင့်တဲ့စာတွေကို စာအုပ်တွေမှာရှာဖတ်တာမျိုး၊ google မှာရှာဖတ်တာမျိုးလုပ်လို့ရပါတယ်။
၃) အရင်အတွေ့အကြုံတွေကို စာရင်းလုပ်ထားပါ။
သင့်ကိုအင်တာဗျူးရင် အရင်ကသင်လုပ်ခဲ့ဖူးတဲ့အလုပ်တွေရှိတယ်ဆိုရင်လည်း သင့်ကိုဘာတွေလုပ်ခဲ့ရသလဲမေးမှပါပဲ။ အဲဒါတွေကို တစ်ခုချင်းစီ စာရင်းလေးလုပ်ပြီး ချရေးကြည့်ထားတာပိုကောင်းပါတယ်။ အဲဒါမှ အင်တာဗျူးဖြေနေတဲ့အချိန် စိတ်လှုပ်ရှားနေတဲ့အခါ ဘာဖြေရမှန်းမသိတာမျိုးမဖြစ်ဘဲ မှတ်မိသွားမှာပါ။ ခုသင်လျှောက်ထားတဲ့အလုပ်နဲ့ အဓိကကိုက်ညီနိုင်တဲ့ အလုပ်အတွေ့အကြုံမျိုးကို သေချာရှင်းပြနိုင်ရင် ပိုကောင်းပါတယ်။ (တကယ်အတွေ့အကြုံမရှိဘဲ ရှိတယ်လို့ လိမ်မပြောပါနဲ့နော်။ တကယ်အတွေ့အကြုံကိုရှင်းပြတာက သေချာထောင့်စေ့အောင်ပြောပြနိုင်မှာပါ။ လိမ်ပြောတဲ့အခါ သင့်ကိုစေ့စေ့ပေါက်ပေါက်မေးလာရင် သင်လိမ်ထားမှန်းပေါ်သွားမှာပါပဲ)
၄) အလုပ်လျှောက်တဲ့ကုမ္ပဏီအကြောင်းကို လေ့လာထားပါ။
ကိုယ်အင်တာဗျူးဝင်မယ့်ကုမ္ပဏီအကြောင်းကို အကြမ်းဖျင်းသိအောင်လေ့လာထားပါ။ ဘာလုပ်တဲ့ကုမ္ပဏီလဲ…..၊ ဘာတွေထုတ်လုပ်တာလဲ စသည်ဖြင့် အကြမ်းဖျင်းသိထားတာပိုကောင်းပါတယ်။ အဲဒါမှ အင်တာဗျူးမှာ မေးလာတဲ့အခါ အကြမ်းဖျင်းဖြေနိုင်မှာပါ။
၅) သပ်ရပ်စွာဝတ်စားဆင်ယင်သွားပါ။
အင်တာဗျူးကို shopping ထွက်သလို ဝတ်စားသွားလို့တော့မဖြစ်ပါဘူးနော်။ အင်တာဗျူးမယ့် တစ်ဖက်လူကြီးကို အလေးထားတဲ့ပုံမျိုးပေါ်လွင်အောင်တော့ လုံခြုံပြီး သပ်ရပ်မယ့်ဝတ်စုံမျိုးရွေးဝတ်တာပိုကောင်းပါတယ်။ အင်တာဗျူးအခန်းထဲဝင်လိုက်တာနဲ့ သင်ရဲ့သွင်ပြင်ကိုအရင်မြင်ရမှာပါ။ အဲဒါကြောင့် သင့်ကိုမြင်လိုက်တာနဲ့ အမှတ်ပေးချင်စိတ်ပေါက်သွားအောင်တော့ သပ်ရပ်စွာ ပြင်ဆင်သင့်ပါတယ်။
၆) အင်တာဗျူးမယ့်အချိန်ထက် နာရီဝက်ခန့်စောရောက်အောင်သွားပါ
အင်တာဗျူးအချိန်ကို ကိုက်ပြီးထွက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီနေ့ခေတ်မှ ကားပိတ်တာကလည်း ပြဿနာတစ်ခုပါပဲ။ အဲဒါကြောင့် စောစောထွက်လေပိုကောင်းလေပါပဲ။ အင်တာဗျူးမယ့်ကုမ္ပဏီကို စောရောက်နေတာက ပြဿနာမဟုတ်ပါဘူး။ အဲလိုမဟုတ်ဘဲ နောက်ကျမှရောက်မယ်ဆိုရင် ကုမ္ပဏီလူကြီးတွေကို မလေးစားရာကျသလို သင်ကိုယ်တိုင်လည်း ဖရိုဖရဲနဲ့ အလုအယက်သွားရတဲ့အတွက် ပူပန်မှုတွေနဲ့ စိတ်ဖိစီး၊ စိတ်လှုပ်ရှားရတဲ့အခါ အင်တာဗျုးဖြေတဲ့အခါ အမှားအယွင်းတွေဖြစ်နိုင်ပါတယ်။
အဲဒါဆိုရင်တော့ အင်တာဗျူးသွားဖို့ အကြမ်းဖျင်းလုံလောက်တဲ့အခြေအနေပါပဲ။ ကြိုတင်ပြင်ဆင်ထားတဲ့အခါ အင်တာဗျူးကို ယုံကြည်မှုရှိရှိသွားရောက်ဖြေဆိုနိုင်တဲ့အတွက် သင်က သူများထက်ကို တစ်ပန်းသာနေပါပြီနော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။