အချိန်လွန်မှ နောင်တမရစေဖို့ သင့်ကိုယ်သင်သတိပေးသင့်သောအရာများ

အချိန်လွန်မှနောင်တရတာထက်စာရင် အချိန်မလွန်ခင်သင့်ကိုယ်သင်သတိပေးနိုင်တော့ပိုမကောင်းဘူးလား။ မှားနိုင်တယ်လို့ထင်တဲ့အရာတွေမမှားတော့တဲ့အတွက် အမှားနည်းလာနိုင်တာပေါ့ ။ အဲဒါကြောင့် သင့်ဘဝမှာ အချိန်လွန်မှ နောင်တမရခင် သင့်ကိုယ်သင်သတိပေးသင့်တဲ့အရာတွေဖတ်ကြည့်လိုက်ပါအုံးနော်။


၁) အရာအားလုံး ပြောင်းလဲနိုင်ပါတယ်။
အရာအားလုံးဟာ အချိန်မရွေးပြောင်းလဲနိုင်တယ်ဆိုတာကို သင့်စိတ်ထဲအမြဲတွေးထား၊ လက်ခံထားသင့်ပါတယ်။ အဲဒါမှ မပြောင်းလဲခင်လေးမှာ သင်လုပ်ထားနိုင်တာတွေ၊ သင်ကြိုတင်ပြင်ဆင်ထားသင့်တာတွေကို သင်မြင်လာမှာပါ။ အရာအားလုံးဟာပြောင်းလဲနိုင်တဲ့အတွက် မပြောင်းလဲနိုင်ခင်မှာ လုပ်စရာရှိတာတွေကိုလုပ်ထားဖို့ သင့်ကိုသင်သတိပေးသင့်တာပါ။ အဲဒါမှ နောင်တမရစေမှာပေါ့။

၂) လက်ရှိအချိန်ကို အသုံးချပါ။
လက်ရှိအချိန်မှာ သင်လေးလံထိုင်းမှိုင်းနေတာ၊ တွေဝေနေတာ၊ လေလွင့်နေတာမျိုးတွေဖြစ်နေရင် သင့်ကိုသင်ပြန်သတိပေးသင့်ပါတယ်။ လက်ရှိအချိန်ကို အကျိုးရှိစွာ၊ ကောင်းကောင်းအသုံးချသင့်ကြောင်း သတိပြန်ပေးပါ။ လက်ရှိအချိန်မှာအကျိုးရှိတာတွေလုပ်နိုင်ဖို့ ကြိုးစားပါ။ အဲဒါဆို သေချာတာကတော့ သင်နောင်တရမယ့်အကြောင်းအရာတွေနည်းသွားမှာပါပဲ။
၃) ဒေါသမထွက်ခင် ချစ်ခြင်းမေတ္တာအကြောင်းပြန်တွေးကြည့်ပါ။

သင့်ရဲ့ဒေါသတကြီးပေါက်ကွဲတတ်ပြီး စိတ်ထင်ရာစိုင်းတတ်ခြင်းက သင့်ကိုနောင်တရစေတတ်ပါတယ်။ အဲဒါကြောင့်သင်ဒေါသတကြီးပေါက်ကွဲတော့မယ်လို့ထင်တာနဲ့တပြိုင်တည်း သင့်အပေါ်ရခဲ့ဖူးတဲ့ချစ်ခြင်းမေတ္တာအကြောင်းကို ပြန်တွေးကြည့်လိုက်ပါ။ သင့်ရင်ထဲက ခက်ထန်မှုတွေ ပြေလျော့လာပါလိမ့်မယ်။ ဒေါသလည်း ပြေလျော့စေပါလိမ့်မယ်။ နည်းနည်းလေးစိတ်ပြေလျော့ပြီထင်တဲ့အခါမှသာ သင့်ဆုံးဖြတ်ချက်တွေကိုပြန်တွေးကြည့်ပါ။

၄) အကြင်နာတရားပေးဖို့ ဘယ်တော့မှနောက်မကျသေးပါဘူး။ ခုပဲစတင်လိုက်ပါ။
ဘယ်တော့မဆို ဘယ်သူ့ကိုမဆို ကြင်နာစွာဆက်ဆံလိုက်ဖို့ ငွေမလိုပါဘူး။ သင့်ရဲ့အပြုအမူတစ်ခုချင်းကို အကြင်နာတရားထည့်ပြီး ပြောဆိုဆက်လိုက်ခြင်းက သင့်ကိုနောင်တကင်းစေပါလိမ့်မယ်။ နောက်ဆုံး သင့်တစ်ယောက်တည်းအပေါ် ကံဆိုးမိုးမှောင်ကျတယ်လို့ထင်နေရင်တောင် “ငါအားလုံးကို အကြင်နာတရားအစစ်အမှန်နဲ့ဆက်ဆံခဲ့တယ်လေ” ဆိုတဲ့စိတ်က သင့်ကိုကောက်ရိုးတမျှင်လို အားဖြစ်စေမှာပါ။

၅) သင့်ကိုနာကျင်စေတဲ့သူမှာလည်း ဘယ်လိုအခက်အခဲတွေရှိနေနိုင်မလဲတွေးကြည့်လိုက်ပါ။
သင့်စိတ်ထဲ နာကျင်မုန်းတီးသင့်တယ်လို့ထင်နေတဲ့လူတွေကို မုန်းတီးဖို့ထက် ခဏလောက်အချိန်လေးယူလိုက်ပါ။ သူ့မှာလည်း လုံလောက်တဲ့အကြောင်းအရာတစ်ခုခုများရှိနေမလား….လို့ပြန်တွေးကြည့်လိုက်ပါ။ သင်မသိတာမျိုးလည်း ရှိနေနိုင်တယ်လေ။ အဲဒီ့အတွေးလေးတွေးရင်း သင့်ကိုယ်သင်ပြန်သတိပေးခြင်းက လူတစ်ယောက်ကိုမုန်းတီးရင်း သင့်စိတ်ထဲလေးပင်စွာသယ်ဆောင်ထားမိခြင်းကနေ ကင်းလွတ်နိုင်ပါတယ်။
အဲဒါက သင့်ကိုယ်သင်နောင်တရစေမယ့်အချို့အရာတွေအတွက် သင်ကိုယ်သင်သတိပေးလိုက်ခြင်းတစ်မျိုးပါပဲ။ သင့်ကိုယ်သင်ပူလောင်ခြင်းကနေ ကယ်ဆယ်လိုက်တာပေါ့။ သင်တကယ်စွန့်လွှတ်သင့်တဲ့လူမျိုးဆိုရင်တောင် ထိုအတွေးမျိုးအရင်တွေးပြီးမှစိတ်အေးချမ်းသာစွာစွန့်လွှတ်ခြင်းက သင့်အတွက်ပိုကောင်းပါတယ်။

၆) မှားပါစေ.…ခုချိန်ပြုပြင်မယ်ဆို နောက်မကျသေးပါဘူး။
သင်အတိတ်ကမှားခဲ့သမျှကို ပြန်မပြင်နိုင်တော့ဘူးလေ။ အဲဒီ့အတွက် စိတ်မကောင်းဖြစ်နေတာက အမှန်ပြင်နိုင်မယ့်လက်ရှိအချိန်ကုန်စေတာပဲအဖတ်တင်မှာပေါ့။ အဲဒီ့အတွက် မှားပါစေ ။ မှားမှန်းသိတဲ့အချိန်ကနေ စပြုပြင်လိုက်ပါတော့။ အဲဒါ သင့်ဘဝမှာနောင်တနည်းစေမယ့် လက်နက်တစ်ခုပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။