အချိန်ကို အလကားဖြုန်းတီးစေတတ်သော အကျင့်ဆိုးများ

အချိန်က ကျွန်တော်တို့ဘဝမှာ တန်ဖိုးအရှိဆုံးအရာဖြစ်ပြီး ငွေနဲ့တောင် လဲဝယ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် ထိုတန်ဖိုးအရှိဆုံးအချိန်ကို မသိလိုက်မဘာသာ ကုန်ဆုံးလိုက်ဖို့ကလည်း အရမ်းကိုလွယ်ပါတယ်။ အကုန်မြန်လွန်းလို့ ဖမ်းဆုပ်ထားလို့မရတဲ့အရာမို့ တန်ဖိုးအရှိဆုံးလို့ ပြောရတာပဲဖြစ်ပါတယ်။ တခါတလေမှာ ကျွန်တော်တို့ကိုယ်တိုင်မသိလိုက်ဘဲ အချိန်ဖြုန်းမိနေတဲ့အကျင့်ဆိုးတွေရှိပါတယ်။ ဘယ်လိုအကျင့်ဆိုးမျိုးတွေလဲ သိအောင်ဖတ်ကြည့်ပြီး ကိုယ့်ကိုကိုယ်ဆန်းစစ်ကြည့်လိုက်ရအောင်ပါ။


၁) ဖုန်းသုံးခြင်း
ဆိုရှယ်မီဒီယာပေါ်ပိုစ့်တင်မိလိုက်ရာက အချိန်ကုန်မှန်းမသိဘဲ ကုန်သွားတတ်သလို၊ နိုတီလေးပဲကြည့်လိုက်ပါအုံးမယ်….ဆိုရာကနေ ဆက်တိုက်ဖုန်းသုံးဖြစ်သွားတာမျိုး၊ စိတ်ထဲမှာ အားသွားတယ်လို့ ထင်လိုက်မိတာနဲ့ ုဖုန်းဖွင့်ကြည့်လိုက်တာမျိုးတွေက အချိန်ကို မသိမသာ ခိုးယူနေတာပဲဖြစ်ပါတယ်။

၂) ဂိမ်းဆော့ခြင်း
ဂိမ်းဆော့ခြင်းကလည်း အလားတူပါပဲ။ တစ်ပွဲမနိုင်၊ နောက်တစ်ပွဲဆက်ဆော့ရာကနေ အာရုံအားလုံးက ထိုဂိမ်းထဲမှာသာ ရှိနေပြီး ကျန်တဲ့ကိစ္စမှန်သမျှကို ဘာမှ မလုပ်နိုင်တော့ပါဘူး။

၃) စကားဝိုင်းဖွဲ့ပြောခြင်း
အပေါင်းအသင်းတွေနဲ့ ဘာရယ်မဟုတ် အာလာပသလာပပြောခြင်းကလည်း အချိန်ကုန်လွယ်စေပါတယ်။ အကျိုးရှိစေပြီး ကိုယ့်ကို အသိပညာတခုခုပေးနိုင်တဲ့လူကြီးတွေ၊ ကိုယ်သိချင်တာတခုခုကိုမေးမြန်းတာမျိုးတွေက အချိန်ကုန်တာခြင်းအတူတူ ပညာတခုခု၊ အသိတခုခုတော့ ရနိုင်ပါတယ်။ အဲလိုမဟုတ်ဘဲ ဘောလုံးပွဲအကြောင်း၊ အခြားသူတွေရဲ့အကြောင်း စသဖြင့် ဦးတည်ရာမရငြင်းခုံတာမျိုးတွေကတော့ အချိန်ကုန်စေပါတယ်။

၄) တီဗွီကြည့်ခြင်း
ရုပ်သံလိုင်းပေါင်းစုံ ပြောင်းပြီး တလိုင်းပြီးတလိုင်းကြည့်နေရာကနေ အချိန်ကုန်မှန်းမသိဖြစ်စေပါတယ်။

၅) မိမိအဓိကလုပ်ဆောင်ရမယ့်တာဝန်ကိုမသိခြင်း
ကိုယ်တကယ်ပြီးမြောက်အောင်လုပ်ဆောင်ရမှာက ဘာမှန်းသတိမထားဘဲ စိတ်ထဲရှိရာအကုန်လျှောက်လုပ်နေတာမျိုးကလည်း အချိန်တွေအလကားကုန်ဆုံးစေပါတယ်။

၆) အလုပ်များစွာကိုတစ်ပြိုင်တည်းလုပ်ခြင်း
ဘယ်အလုပ်မှ ဖြစ်မြောက်အောင်မပြီးတော့ပါဘူး။ ဒီတစ်ခုလည်း လုပ်လက်စ၊ နောက်တစ်ခုလည်း လုပ်လက်စနဲ့ဖြစ်နေမှာမို့ အချိန်တွေအလကားကုန်သွားတာပဲအဖတ်တင်မှာပါ။

၇) အားနာတတ်ခြင်း၊ မငြင်းဆန်နိုင်ခြင်း
ကိုယ်လုပ်စရာရှိတာကိုလုပ်ဖို့အာရုံမစိုက်နိုင်ဘဲ အလိုက်မသိတတ်တဲ့လူကို အားနာတတ်ခြင်းကလည်း ကိုယ့်အလုပ်ပျက်စေသလို၊ အချိန်လည်း အလကားဖြစ်စေပါတယ်။ တခါတလေ ကိုယ့်ရဲ့အချိန်ကိုလေးစားခြင်းအားဖြင့် ငြင်းဆန်သင့်တဲ့ကိစ္စကို ငြင်းဆန်သင့်ပါတယ်။ တခါတလေမှာလည်း အခြားသူကို အားနာပြီး မငြင်းဆန်နိုင်ခြင်းက ကိုယ့်ရဲ့အချိန်ကို အခြားသူတစ်ယောက်အတွက်နဲ့ အလကားအချိန်ပုပ်စေပါတယ်။

၈) ဆင်ခြေများခြင်း
ဒါပြီးမှ လုပ်မယ်၊ ခဏလောက်နားလိုက်အုံးမယ်၊ အေးဆေးလုပ်မယ်….စသဖြင့် အချိန်ဆွဲတတ်ခြင်းကလည်း အချိန်အလကားဖြစ်စေတာပါပဲ။ တခဏအတွင်းပြီးရမယ့် ကိစ္စမျိုးကို မကြာသင့်ဘဲ အချိန်ကြာနေတတ်ပါတယ်။ ဒီအချိန်ကျမှ…..ဟိုအချိန်ကျမှ လုပ်မယ်ဆိုတာမျိုးတွေက တကယ်တမ်းကိုယ်လုပ်စရာရှိတာတွေလည်းမပြီး၊ အချိန်လည်း ကုန်သွားတတ်ပါတယ်။
အထက်ကအချက်လေးတွေ ကိုယ့်မှာရှိနေတယ်ဆိုရင် အမြန်ဆုံးပြုပြင်သင့်ပါတယ်။ စာဖတ်သူတွေမှာလည်း ကိုယ်မသိလိုက်ဘဲ ဘယ်လိုမျိုးအချိန်ဖြုန်းမိတတ်သလဲဆိုတာမျိုး ပြောပေးသွားကြပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။