အကောင်းမြင်စိတ်ထားခြင်းရဲ့အကျိုးကျေးဇူးများ

အကောင်းမြင်စိတ်ရှိခြင်းက လူတစ်ယောက်အပေါ်အများကြီးအကျိုးရှိစေပါတယ်။ လူကို စိတ်ကအုပ်ချုပ်တယ်၊ စိတ်ကို ပညာဉာဏ်က အုပ်ချုပ်ပါတယ်တဲ့။ မှန်ပါတယ်နော်….လူတစ်ယောက်က ဘယ်လောက်ပဲ ပြည့်စုံချမ်းသာနေပါစေ စိတ်မပျော်ရင် ဘာမှမတတ်နိုင်ပါဘူး။ လူတစ်ယောက်က ဘယ်လောက်ပဲ မပြည့်စုံ၊ အခက်အခဲအကြပ်အတည်းနဲ့ရင်ဆိုင်နေရပါစေ စိတ်ပျော်နေတယ်ဆိုရင် တကမ္ဘာလုံးပြီးပြည့်စုံနေသလို ခံစားနေရမှာပါပဲ။ အဲဒါကြောင့်လူကို စိတ်ကအုပ်ချုပ်ပါတယ်။ ဒါပေမယ့် စိတ်အလိုတိုင်းချည်း လိုက်နေပြီး ထိန်းချုပ်နိုင်တဲ့အသိဉာဏ်နဲ့ မထိန်းကွပ်ရင်တော့ ထိုလူကပျက်စီးခြင်းကိုရောက်ရမှာပါ။ ဥပမာ။ စိတ်ဆင်းရဲလွန်းလို့ တိုက်ပေါ်က ခုန်ချလိုက်မယ်ဆိုတဲ့စိတ်ကို အသိဉာဏ်နဲ့မထိန်းနိုင်ရင် တကယ်တိုက်ပေါ်ကခုန်ချမိသွားနိုင်ပါတယ်။ ပျော်လွန်းလို့အရက်သောက်မယ်၊ စိတ်ညစ်လွန်းလို့အရက်သောက်မယ်ဆိုတဲ့စိတ်ကို အလွန်အကျွံ့အရက်သောက်ခြင်းက မကောင်းဘူးဆိုတဲ့အသိဉာဏ်လေးနဲ့မထိန်းချုပ်နိုင် နောက်ဆုံးအရက်ကြောင့် ဆိုးကျိုးတွေအများကြီးဖြစ်လာမှာပေါ့။ အဲဒီလို စိတ်ခံစားချက်အတိုင်းဖြစ်ချင်ဖြစ် စိတ်ကိုလွှတ်ချလိုက်မယ့်အစား စိတ်ကို အကောင်းမြင်တဲ့စိတ်ဖြစ်အောင် အသိဉာဏ်လေးနဲ့ပြန်လည်ဆွဲခေါ်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် အကောင်းမြင်စိတ်ဟာ လူတစ်ယောက်အတွက် အဆိုးတွေကြုံလာမယ့်အခြေအနေကနေတောင် အများကြီးကောင်းကျိုးတွေရလာစေပါတယ်။ အကောင်းမြင်စိတ်ထားခြင်းရဲ့အကျိုးကျေးဇူးတွေကိုဖတ်ကြည့်လိုက်ပါနော်။


၁) စိတ်ချမ်းသာခြင်း
အကောင်းမြင်စိတ်ရှိခြင်းရဲ့ပထမဆုံးကောင်းကျိုးကတော့ စိတ်ချမ်သာသွားတာပါပဲ။ စိတ်ထိခိုက်ခြင်း၊ ဝမ်းနည်းခြင်းက သင့်ကိုအရင်ဆုံး စိတ်ဖိစီးမှုဖြစ်စေသလို၊ ဒေါသထွက်ခြင်းကလည်း သင့်ကို အရင်ဆုံးသွေးတိုးစေမယ်၊ နှလုံးခုန်နှုန်းတွေတိုးလာမယ်၊ ခေါင်းကိုက်မယ် စတဲ့ဆိုးကျိုးတွေဖြစ်ပေါ်စေမှာပါ။ အဲဒါကြောင့် တခုခုအကြောင်းရာပေါ်လာတိုင်း မကောင်းတဲ့ဘက်ကတွေးမယ့်အစား ကောင်းတဲ့ဘက်ကနေ ပြန်လှည့်တွေးကြည့်လိုက်ပါ။ အဲဒါက သင့်ကိုစိတ်ချမ်းသာစေမှာဖြစ်ပါတယ်။

၂) အခွင့်အရေးတွေကိုမြင်နိုင်ခြင်း
တခုခုကြုံလာတဲ့အခါ မကောင်းမြင်တဲ့လူက “ဟင်း….ငါမလုပ်နိုင်ပါဘူး” လို့ မြင်တဲ့အတွက် ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတဲ့ အခွင့်အရေးကိုမမြင်နိုင်တော့ပါဘူး။ အကောင်းမြင်တဲ့လူကတော့ “အင်းလေ….ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ။ ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်မလဲဆိုတဲ့နည်းလမ်းကိုရှာပြီး အကောင်းဆုံးလုပ်ကြည့်ရမှာပေါ့” လို့ အကြမ်းဖျင်း တွေးမိမှာဖြစ်ပါတယ်။ အဲဒီ့အခါ ဖြစ်အောင်လုပ်နိုင်မယ့်နည်းလမ်းမျိုးကိုရှာရင်း အခွင့်အရေးတွေတွေ့လာနိုင်ပါတယ်။ အခွင့်အရေးတွေပိုပြီးမြင်လာလေလေ ဖြစ်မြောက်အောင်မြင်အောင်လုပ်ဆောင်နိုင်လေလေပါပဲ။

၃) စိတ်ဖိစီးမှုလျှော့ချစေခြင်း
အထက်ကပြောသလို စိတ်ထိခိုက်စရာတခုခုကြုံလာတဲ့အခါ မကောင်းမြင်တဲ့သူက အရင်ဆုံးစိတ်ဖိစီးရမှာဖြစ်ပြီး အကောင်းမြင်တဲ့သူကတော့ စိတ်ဖိစီးမှုလျှော့ပါတယ်။ ဖြစ်အောင်လုပ်နိုင်ပါတယ်၊ နည်းလမ်းရှာတာပေါ့လေ၊ စတဲ့အတွေးတွေကြောင့် စိတ်ဖိစီးမှုလည်း မများနိုင်ပါဘူး။

၄)အောင်မြင်ဖို့ပိုပြီးနီးစပ်နိုင်ခြင်း
ဖြစ်အောင်လုပ်နိုင်တယ်လို့တွေးရာကနေ ဖြစ်အောင်လုပ်နိုင်မယ့်နည်းလမ်းကိုရှာပါတယ်။ နည်းလမ်းရှာရင်း အခွင့်အရေးပေါင်းများစွာကို မြင်လာတတ်ပါတယ်။ အခွင့်အရေးတွေများများရလာလေ အောင်မြင်ဖို့က နီးစပ်လေလေပေါ့။ ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို အကောင်းမြင်စိတ်ရှိတဲ့သူတွေက ပိုပြီးရောက်အောင်သွားနိုင်ပါတယ်။ အဲဒါကြောင့် အောင်မြင်မှုနဲ့ပိုပြီးနီးစပ်လာပါတယ်။

၅) အခက်အခဲနဲ့ကြုံရင်တောင် စိတ်အားတက်ကြွစေခြင်း
ဘယ်နေရာမှာမဆို အခက်အခဲကတော့ ရှိတာချည်းပါပဲ။ ဒါပေမယ့် အကောင်းမြင်စိတ်ရှိတဲ့သူတွေက အခက်အခဲနဲ့ကြုံရင်တောင် ဖြစ်အောင်လုပ်နိုင်မယ့်နည်းလမ်းကိုသာရှာတတ်သူတွေမို့ ပိုပြီး စိတ်အားတက်ကြွလာပါသေးတယ်။ ပိုပြီးလည်း အောင်မြင်အောင်ကြိုးစားဖို့အခွင့်အရေးရလေလေ ပိုပြီး စိတ်အားတက်လာလေလေ ပိုကြိုးစားချင်စိတ်ဖြစ်လေပါပဲ။ အဲဒါကြောင့် အခက်အခဲနဲ့ကြုံလာရင်တောင် ဘယ်လောက်ကြီးတဲ့အခက်အခဲဖြစ်ပါစေ ကျော်လွှားနိုင်ပါတယ်။
အကောင်းမြင်စိတ်က ဘယ်လောက်အကျိုးများသလဲဆိုတာ သိလောက်ပါပြီနော်။ လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးအပေါ် အကောင်းမြင်စိတ်က လွှမ်းမိုးမှုရှိတာဖြစ်ပါတယ်။ ကျန်းမာရေးအရရော၊ ဘဝရဲ့ရည်မှန်းချက်တွေပန်းတိုင်တွေအပေါ်မှာရော အကောင်းဘက်က အကျိုးများလာစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။