အောင်မြင်သူတွေက စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှု ကို ဘယ်လိုတိုက်ဖျက်ကြသလဲ။

အောင်မြင်သူတွေက သူတို့ကိုယ်သူတို့ စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ၂ခုစလုံးကို သတိထားနေတတ်ကြပါတယ်။ သူတို့ရဲ့စိတ်ကိုလည်း အမြဲလို ဆန်းစစ်နေတတ်တဲ့သူတွေဖြစ်တာမို့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်မူတွေကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာ သိသူတွေပါ။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုတိုက်ဖျက်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


၁) ပြောင်းလဲမှုကို မျှော်လင့်ထားပြီး ကြိုတင်ပြင်ဆင်ထားတတ်ကြပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ပြောင်းလဲမှုတွေကို သူတို့ကိုယ်တိုင်ကြိုတင်မျှော်လင့်ထားတတ်ပါတယ်။ အဲဒီ့အတွက်လည်း စိတ်ပိုင်းဆိုင်ရာအရကော ၊ ရုပ်ပိုင်းဆိုင်ရာအရကော ကြိုတင်ပြင်ဆင်ထားတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအရ ဖြစ်လာနိုင်ချေရှိတာကို ကြိုတွေးတယ်၊ ဖြစ်လာခဲ့ရင် ဘာတွေလုပ်သင့်တယ်၊ စိတ်ဓာတ်ကျသွားတာမျိုး၊ စိတ်အားငယ်သွားတာမျိုးမဖြစ်စေရဘဲ နောက်တဆင့်ဘာလုပ်သင့်တယ်ဆိုတာမျိုးကို တွေးပြီး ပြင်ဆင်ထားတာပါ။ တနည်းအားဖြင့်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရဖြစ်လာနိုင်တာကို ကြိုတွေးထားပြီး ရုပ်ပိုင်းဆိုင်ရာအရ သူတို့လုပ်နိုင်တာကိုလည်း ပြင်ဆင်ထားတတ်ပါတယ်။

၂) သင့်ရဲ့လွတ်လပ်မှုကို အာရုံစိုက်ပါ။
ကျွန်တော်တို့ငယ်စဉ်ကတည်းက ကျွန်တော်တို့ရဲ့ဦးနှောက်ထဲမှာ ဘဝရဲ့မညီမျှခြင်းတွေကို တိုက်ဖျက်ဖို့ ဂါထာတစ်ပုဒ်လိုမျိုး ရှိပြီးသားပါ။ စိုးရိမ်ပူပန်မှု၊ မညီမျှမှုတွေနဲ့ မကောင်းတဲ့ကိစ္စတွေအတွက် အဲဒီ့ဂါထာကတော့ ဘာလဲဆိုတော့ အကောင်းမြင်ပေးခြင်းပါပဲ။ ဒါပေမယ့် ဘယ်လောက်ပဲ အကောင်းမြင်စိတ်မွေးပါစေ တခါတရံမှာ ကိုယ်သည်းခံနိုင်တာထက် ပိုပြီးကျော်လွန်သွားတဲ့အခါ လွတ်လပ်စွာတုံ့ပြန်မှု့လုပ်ဖို့ ကျွန်တော်တို့ ရွေးချယ်ရပါလိမ့်မယ်။ ပြောချင်တာက ကိုယ်သည်းမခံနိုင်တဲ့ကိစ္စကို အတင်းအကြပ်ကြီး ခေါင်းငုံခံပြီး မြိုသိပ်ထားဖို့ မလိုပါဘူးဆိုတာပါ။
အတင်းမကန့်သတ်ထားပါနဲ့။ သင့်မှာလည်း သင်လုပ်ပေးနိုင်သလောက်၊ သင်တတ်နိုင်သလောက်ပဲ အစွမ်းအစရှိတယ်ဆိုတာ နားလည်ပါ။ ပြောင်းလဲမှုတွေကို သည်းခံထားနိုင်သလောက် သည်းခံပါ။ သင့်ရဲ့လွတ်လပ်မှုကိုထိပါးလာတဲ့အထိတော့ အတင်းကြီးတောင်ခံထားတဲ့အခါ သင့်အတွက် ဖိစီးမှုတွေဖြစ်လာပါတယ်။ အဲဒါကြောင့် ငြင်းသင့်တာငြင်းပယ်ပါ။ အဲဒါ သင့်ရဲ့အခွင့်အရေးပါပဲ။

၃) ချရေးလိုက်ပါ။
အဆင့် သုံးက ပိုပြီး ခက်ခဲပါတယ်။ ပြောင်းလဲဖို့ သင်တွေးနေတဲ့အတွေးတွေ၊ ကိုယ့်ပတ်ဝန်းကျင်က အခြေအနေတွေအကြောင်းကို စဉ်းစာခြင်းက သင့်အပေါ်ထိုအတွေးတွေက လွှမ်းမိုးလာပါတယ်။ ကောင်းသောအတွေးက ကိစ္စမရှိပေမယ့် မကောင်းသောအတွေးတွေကျတော့ သင့်ကိုဖိစီးမှုဖြစ်လာစေပါတယ်။ ထိုအရာတွေကို သင်ဘယ်လိုတုံ့ပြန်မှုလဲဆိုတာ အဓိကကျလာပါတယ်။ ရုတ်တရက် မခံနိုင်ဘဲ တုံ့ပြန်လိုက်တဲ့တုံ့ပြန်မှုက ဘယ်လိုအကျိုးဆက်ဖြစ်လာသလဲဆိုတာမျိုးကို သင်မမှန်းဆနိုင်ပါဘူး။ ဒိုင်ယာရီလိုပုံစံမျိုး တစ်နေ့တာဖြစ်သမျှကို ချရေးထားလိုက်ခြင်းက သင့်ရဲ့ထိန်းချုပ်ထားသမျှကို ပေါ့ပါးစေပြီး အကျိုးဆက်တွေကိုလည်း သင်ရှင်းလင်းစွာသိမြင်လာနိုင်ပါတယ်။

၄) ကိုယ့်ကိုကိုယ်အဆိုးမြင်တဲ့စကားတွေကို ရပ်တန့်ပစ်လိုက်ပါ။
စိတ်ဖိစီးမှုတွေကို ထိန်းချုပ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ ကိုယ့်ကိုကိုယ်မကောင်းသောအမြင်တွေနဲ့ ပြောဆိုနေသမျှကို ရပ်တန့်ပစ်လိုက်ခြင်းပါပဲ။
ကိုယ့်ကိုကိုယ် “ငါက အသုံးမကျဘူး။ တကယ်လည်း မလုပ်နိုင်ဘူး။ ဖြစ်ပါ့မလား….၊ ဖြစ်မှာမဟုတ်ပါဘူး။ ငါမတတ်နိုင်ဘူး” စတဲ့အတွေးတွေက အတွေးသာဖြစ်ပါတယ်။ တကယ့်အဖြစ်မဟုတ်ပါဘူး။ ဒါပေမယ့်ထိုအတွေးတွေက သင့်ဦးနှောက်နဲ့ သင့်အသိထဲမှာ လွှမ်းမိုးပါများလာတဲ့အခါ သင့်ကိုယ်သင်တကယ့်အစစ်အမှန် အရည်အချင်းမရှိသူလို့ထင်လာပါတယ်။ အဲဒါက သင့်ကိုသင်ယုံကြည်မှုကင်းမဲ့စေပါတယ်။ စွမ်းဆောင်ရည်ကျဆင်းစေပါတယ်။ အဲဒီ့အခါ ပိုပြီးဖိစီးမှုပိုတိုးစေတာပေါ့။ အဲဒါကြောင့် မကောင်းသောအမြင်နဲ့ကိုယ့်ကိုကိုယ်ဆွဲချနေတဲ့စကားမျိုးကို ရပ်တန့်ပစ်ပါ။

၅) သင်အောင်မြင်ခဲ့တာတွေ၊ သင်လုပ်နိုင်ခဲ့တာတွေ ပြန်တွေးပါ။
ဖိစီးမှုတွေအများကြီးနဲ့ ရင်ဆိုင်ရတဲ့အခါ သင်အရင်က အောင်မြင်အောင်လုပ်ဆောင်ခဲ့တာတွေ၊ သင့်ကိုသင်မလုပ်နိုင်ဘူးထင်နေပေမယ့် သင်လုပ်နိုင်ခဲ့တာတွေကို ပြန်တွေးပါ။ ပြန်ပြီး မှတ်သားသတိရပါ။ အဲဒီ့ အခါ သင့်ကိုယ်သင်မဖြစ်နိုင်ဘူးထင်ထားတာတွေကို သင်လုပ်နိုင်ခဲ့တာပဲဆိုတဲ့အတွေးပြန်ဝင်လာပါလိမ့်မယ်။ သင့်ကိုယ်သင်ပြန်ယုံကြည်မှုတိုးလာပါလိမ့်မယ်။ အဲဒါကြောင့် သင့်ရဲ့ဖိစီးပြီး စိုးရိမ်နေတာတွေ ပြေလျော့သက်သာစေနိုင်ပါတယ်။
စိုးရိမ်ပူပန်နေခြင်းက စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတစ်ခုပါပဲ။ ဘယ်အချိန်မဆို အဲဒီ့စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောက ကို သင်ကျော်လွှားနိုင်ရမှာပါပဲ။ ထိုစိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို မကျော်လွှားနိုင်ရင် သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းရည်တွေကို ထိုအရာတွေက ကန့်သတ်ပစ်လိုက်မှာပါ။ အဲဒါကြောင့် ဒီအဆင့် ၅ခုကို လိုက်နာပြီး သင့်ရဲ့စွမ်းရည်ကို သင့်ကိုယ်သင်ပြန်ပြီးထိန်းချုပ်လိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။