အားမနာသင့်သောအရာများ

အတ္တကြီးပြီး တဖက်လူကို အခွင့်အရေးယူတတ်တဲ့သူမျိုးနဲ့တွေ့တဲ့အခါ အားနာခြင်းက အသုံးချစရာဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် အားနာသင့်တဲ့နေရာအားနာသင့်ပေမယ့် အားမနာသင့်တဲ့အရာတွေလည်း ရှိပါတယ်။ အားမနာသင့်တဲ့အရာတွေကို အားနာမိတဲ့အခါမှာ သင့်ဘဝကြီးတစ်ခုလုံးထိခိုက်သွားတဲ့အထိ ဆိုးဝါးစွာဖြစ်နိုင်ပါတယ်။ အားနာခြင်းက ဘယ်လောက်ထိ နစ်နာစေသလဲဆိုတာကို ဖော်ပြပြီးခဲ့ပြီမို့ အားမနာသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ငွေကြေးဆိုင်ရာကိစ္စများ
အားမနာသင့်တဲ့အထဲမှာ ထိပ်ဆုံးက ပါတဲ့အရာကတော့ ငွေကြေးဆိုင်ရာကိစ္စတွေပါပဲ။ ဒီနေ့ခေတ်မှာ ခေတ်စားနေတဲ့ ဖေ့ဘုတ်ပေါ်မှာ မဲစုခြင်းကဲ့သို့ ကိစ္စအတော်များများကနေ လူအတော်များများလည်း အလိမ်ခံရတာ မြင်ရတွေ့ရနေကြဖြစ်မှာပါ။ ထိုအလိမ်ခံရတဲ့အထဲမှာမှာ အချို့ဆိုရင် မိတ်ဆွေသူငယ်ချင်းမို့ ငွေကြေးချေးငှားယူတဲ့ကိစ္စမျိုးတွေမှာ ကိုယ်တိုင်မယူသော်ငြား အာမခံလိုက်မိတာမျိုးတွေလည်း မကြာခဏတွေ့နေရပါတယ်။ အာမခံပေးရာကနေ အာမခံသူက ငွေစိုက်လိုက်ရတာမျိုးတွေလည်း မကြာခဏတွေ့ရမြင်နေရပါတယ်။ အဲဒီ့အခါ အချင်းချင်း မိတ်ပျက်ဆွေပျက်ဖြစ်ရသလို၊ ခံလိုက်ရတဲ့သူအနေနဲ့လည်း ငွေပမာဏများရင်များသလို ထိခိုက်နစ်နာမှုရှိပါတယ်။ အဲဒါကြောင့် ငွေကြေးဆိုင်ရာကိစ္စများနဲ့ ပတ်သက်ပြီး လုံး၀ အားမနာသင့်ဘဲ ခပ်ပြတ်ပြတ်သာ ငြင်းဆန်ခြင်းက ငြင်းလိုက်တဲ့ခဏမှာသာ အမုန်းခံရမှာဖြစ်ပြီး နောက်ဆက်တွဲအာရုံနောက်ရခြင်းကင်းဝေးသွားပါလိမ့်မယ်။

၂) ကိုယ့်အပေါ်ပြန်မငဲ့သူများ
တခါတလေ ကိုယ်က စေတနာထားပြီး အဆင်ပြေစေဖို့ ကူညီပေးလိုက်တာမျိုးရှိပါတယ်။ ဒါပေမယ့်ကိုယ်ကူညီလိုက်တဲ့သူက ကူညီမှု့ကို တန်ဖိုးထားတဲ့သူမျိုးလား၊ အမှားကို သင်ခန်းစာမယူဘဲ ဒုက္ခရောက်လာတိုင်း အခြားသူတွေကို ဒုက္ခလိုက်ပေးဖို့သာ တွေးတတ်တဲ့သူမျိုးလားဆိုတာ ခွဲခြားနားလည်ဖို့လိုပါသေးတယ်။ ကူညီပေးလိုက်တာကို အခွင့်အရေးတခုလို ရပါတယ်……လွယ်ပါတယ်…..လို့ တွေးပြီး မကြာခဏ ကိုယ့်ကို လာဒုက္ခပေးတတ်တဲ့သူမျိုးကျတော့ ကိုယ့်ကိုပြန်မငဲ့တဲ့သူမျိုးလို့ ခေါ်ပါတယ်။ အဲဒီလိုလူမျိုးကို ဘယ်လောက်ပဲ စေတနာထားပြီး အကြိမ်ကြိမ် ကူညီပေးလိုက်ပါစေ။ ထိုသူမျိုးက လုံးဝသိတတ်မှာမဟုတ်ပါဘူး။ ကျေးဇူးတင်ရကောင်းမှန်းလည်း မသိသလို၊ သူ့ကိုယ်သူပြုပြင်ရကောင်းမှန်းလည်း မသိတဲ့သူမျိုးဖြစ်ပါတယ်။ အဲဒီလိုလူမျိုးကို အခါခါ ကူညီမိရင် ကိုယ်တောင် ဒုက္ခရောက်သွားနိုင်ပါတယ်။ သူတို့က သင့်ကိုပြန်ငဲ့မယ့်သူမျိုးမဟုတ်ပါဘူး။ သူ့အကျိုးသာသိမယ့်သူဖြစ်ပါတယ်။ အဲဒီလို လူမျိုးကို အကြိမ်အကန့်အသတ်နဲ့ ကိုယ်တတ်နိုင်သလောက်ကူညီကြည့်ပါ။ ဒါပေမယ့် ဒုံရင်းပဲဆိုရင်တော့ ပြတ်သားစွာ ငြင်းသင့်ငြင်းရမှာဖြစ်ပါတယ်။

၃) လူမှုရေးအရှုပ်အထွေးကိစ္စများ
သင့်အပေါင်းအသင်းထဲမှာ ပွေတတ်၊ ရှု့ပ်တတ်တဲ့ သူမျိုးပါလာခဲ့ရင် သတိထားပြီး ရှောင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုသူမျိုးက တနေ့မှာ ကိုယ့်ကိုပါ နာမည်ဖျက်မယ့်သူဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဘဝမှာ ကိုယ့်ကျင့်တရားနဲ့ပတ်သက်တဲ့ အမဲစက်ဖြစ်သွားခဲ့ရင် ဘယ်တော့မှ မပျောက်နိုင်တော့ပါဘူး။ သူတို့လိုလူမျိုးရဲ့ပြဿနာထဲ ကြားဝင်မိရင်လည်း ကိုယ်ပါ ပဲလှော်ကြားဆားညှပ်နိုင်ပါတယ်။ အဲဒါကြောင့် လူမှုရေးအရှုပ်အထွေးကိစ္စမျိုးဖြစ်နိုင်တဲ့သူမျိုးကူညီတောင်းလာခဲ့ရင် ပြတ်သားစွာ ငြင်းပစ်သင့်ပါတယ်။

၄) ကိုယ်ကျင့်တရားမကောင်းသူများ
ကိုယ်ကျင့်တရားကို တန်ဖိုးမထားဘဲ အလွယ်တကူဖောက်ဖျက်တတ်သူတွေက သူတို့ကိုယ်တိုင်သာ ဖောက်ဖျက်နိုင်တာမဟုတ်ဘဲ သင့်ကိုပါ ထိခိုက်နစ်နာစေပါတယ်။ သင့်ပါ သူတို့လိုမျိုး အထင်ခံရနိုင်ပါတယ်။ အဲဒီလို လူအချင်းချင်း စောင့်ထိန်းရမှာကို မစောင့်ထိန်းတတ်တဲ့သူမျိုးက မိတ်ဆွေရယ် သူငယ်ချင်းရယ်လို ညှာမှာမဟုတ်ပါဘူး။ အကျိုးအမြတ် အရမ်းကြည့်တတ်တဲ့သူတွေက သင့်ထံက ခေါင်းပုံဖြတ်ဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။ အဲဒါကြောင့် အားမနာဘဲ ပြတ်သားစွာ ငြင်းသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။