အားကိုးရာမရှိတဲ့သူတွေဟာ ပိုပြီးသန်မာလာတတ်ကြတယ်ဆိုတာ မမေ့ပါနဲ့။
အရင်ကတော့ ဘယ်သူကမှ မကူညီတဲ့အခါ၊ ဒါမှမဟုတ် ကူညီဖို့ တာဝန်ရှိရက်နဲ့ တာဝန်ကိုလျစ်လျူရှုမသိယောင်ဆောင်တဲ့လူမျိုးကို ကြုံရတဲ့အခါ လူငယ်စိတ်နဲ့ စိတ်ဆိုးဒေါသထွက်ရပါတယ်။ “အမှန်ဆို......သူတို့ကူညီသင့်တာ၊ မကူညီကြဘူး” ပေါ့။ မိဘဆိုလည်း အလားတူပါပဲ၊ “မိဘတွေက ဒီလိုနေရာတွေမှာ အထောက်အပံ့ပေးသင့်တာ.......မိဘကမကူညီမထောက်ပံ့လို့ ပိုပင်ပန်းရတယ်”ဆိုတဲ့အတွေးမျိုးတွေ ဝင်လာတတ်ပါတယ်။
တစ်ယောက်တည်းလျှောက်ရတဲ့လမ်းဟာ ပိုပြီး ပျင်းရိခြောက်ကပ်ဖွယ်ကောင်းရင်ကောင်းလိမ့်မယ်။ အကောင်းဖက်က ပြန်တွေးကြည်ရင် တစ်ယောက်တည်းမို့ ကိုယ့်စိတ်နဲ့ကိုယ်ကိုယ် ကိုယ်စိတ်ရှိသလို နေနိင်တယ်မဟုတ်လား။ တစ်ယောက်တည်းလျှောက်ရတဲ့လမ်းက ပိုခက်ခဲပေမယ့် အဲဒိ့ခက်ခဲမှုကို ကိုယ်တိုင်ကျော်ဖြတ်နိုင်လို့ ကိုယ့်စွမ်းအင် ၂ဆမတိုးသွားဘူးလား။ တစ်ယောက်တည်းလျှောက်ရတဲ့လမ်းက အထီးကျန်တယ်လို့ထင်နိုင်ပေမယ့်၊ အငြင်းအခုံလုပ်၊ ရန်ဖြစ်ရမယ်လူတွေမရှိတော့ဘူးမဟုတ်လား။ ကိုယ်နဲ့စိတ်တူကိုယ်တူမရှိတဲ့လူနဲ့အတူတူ ဘဝခရီးလမ်းကိုလျှောက်ရတာထက်စာရင် တစ်ယောက်တည်းလျှောက်ရပေမယ့် ပိုပြီး ခရီးတွင်တယ်လို့ပြောတာပါ။
အဲဒါကြောင့် အကောင်းဘက်ကပြန်တွေးလို့ရတာကတော့ ဘယ်သူကမှ မကူညီလေ ကိုယ်က အဆင်ပြေနိုင်မယ့်နည်လမ်းရှာဖွေရင်းနဲ့မှ ပိုပြီး ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားတတ်လာပါတယ်။ အဲဒါကြောင့် ပိုပြီး သန်မာလာသလို အတွေ့အကြုံပိုများလာပါတယ်။ ပိုပြီးသန်မာလာတဲ့အခါ ပိုပြီး ယုံကြည်မှုတိုးလာစေပါတယ်။ အတွေ့အကြုံပိုများလာခြင်းက ကိုယ့်နားမှာ ရှိသင့်တာကဘယ်လိုလူ၊ ကိုယ့်အနားမှာ မရှိသင့်တာကဘယ်လိုလူဆိုတာ ခွဲခြားနားလည်လာပါတယ်။ အိုင်စတိုင်းပြောသလိုပေါ့....”ကိုယ့်ကိုမကူညီတဲ့လူတွေကို ကျေးဇူးတင်တယ်၊ သူတို့မကူညီခဲ့လို့ ကိုယ့်ဟာကိုယ်လုပ်တတ်လာတာလေ” တဲ့ ။ အဲဒီ့အတွက် ရနိုင်တဲ့သင်ခန်းစာကတော့ ကိုယ့်ကိုကူညီပေးတတ်သူကို ပိုပြီးတန်ဖိုးထားပါ။ မကူညီပေးတဲ့သူကိုလည်း မကူညီပေးနိုင်တာကို အပြစ်မမြင်ပါနဲ့။ ကိုယ်တိုင်လည်း တခါတလေ ကူညီချင်ရက်နဲ့ မကူညီနိုင်တဲ့အခြေအနေမျိုးတွေ ကြုံဖူးတယ်မဟုတ်လား။
အဲဒီလိုနဲ့ပဲ ကိုယ့်အနားအမြဲ ကာကွယ်မပေးနိုင်တဲ့လူ၊ မကူညီနိုင်တဲ့လူတွေကို အပြစ်မမြင်တတ်တော့ပါဘူး။
အဲဒါကြောင့် လူတိုင်းမှာ သူ့အခြေအနေနဲ့ သူရှိပြီး ကိုယ့်ကို မကူညီနိုင်ခြင်းဟာလည်း ကူညီချင်ရက်မကူညီနိုင်တာမျိုးဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ........တစ်ယောက်တည်းရှင်သန်ရတော့ အခြားသူထက်ကို ပိုလို့တောင် သန်မာနိုင်သေးတယ်ဆိုတာ မမေ့ပါနဲ့နော်။