သင် နေ့တိုင်းမဖြစ်မနေ လုပ်သင့်တဲ့ အရာ(၆)မျိုး

သင့်အတွက် သင်နေ့တိုင်းမဖြစ်မနေလုပ်သင့်တဲ့အရာတွေရှိပါတယ်။ အထူးသဖြင့် သင့်စိတ်ထဲက ကြည်လင်မှု၊ တည်ငြိမ်မှုအေးချမ်းမှုတွေရဖို့နဲ့ သင့်ကိုယ်သင်ပြန်ပြီး အမှန်အတိုင်းမြင်လာစေဖို့ လုပ်သင့်တဲ့အရာတွေက ပိုအရေးကြီးပါတယ်။ အောက်ပါအချက်တွေကို သင်နေ့တိုင်းလုပ်ကြည့်ခြင်းအားဖြင့် သင့်စိတ်ထဲ တည်ငြိမ်အေးချမ်းမှုရစေမယ့်အပြင် သင့်ကိုသင်လည်း အမှန်အတိုင်းမြင်လာစေပါလိမ့်မယ်။


၁) တစ်နေ့မှာ အနည်းဆုံး ၃ကြိမ်ခန့်တော့ ပြုံးရွှင်နိုင်အောင်ကြိုးစားပါ။
ဒါက သင့်ရဲ့စိတ်ကြည်လင်မှုအတွက် အထောက်အကူပြုပါတယ်။ သင်ပြုံးချင်တဲ့စိတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်နဲ့ ရင်းနှီးတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရင် ဘာရယ်မဟုတ် သင်ပြုံးပြလိုက်မိရင်တောင်မှ သင့်စိတ်ထဲ ကြည်လင်မှုတော့ ရသွားတာပါပဲ။ အဲဒါကြောင့် ငွေကုန်ကြေးကျလည်းမများသလို၊ ဘာမှလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ ပြုံးခြင်းကို တစ်နေ့မှာ အနည်းဆုံး ၃ယောက်လောက်ကို ပြုံးပြကြည့်ပါ။ သင့်စိတ်ကြည်လင်လာပါလိမ့်မယ်။

၂) တစ်နေ့တစ်ခါတော့ သင့်မိသားစုတွေကို ချစ်တဲ့အကြောင်းပြောပါ။
သင့်မိသားစုကို ချစ်တယ်ဆိုတဲ့အကြောင်းကို တခုတ်တရပြောပေးပါ။ အဲဒါက မလိုအပ်ဘူးလို့ထင်ရပေမယ့် သင်တို့ကြားမှာ ဒါက အမှတ်တရဖြစ်စေပါတယ်။ သင်ကသူတို့ကို အမြဲချစ်ပါတယ်လို့ သတိပေးနေသလိုလည်းဖြစ်စေပါတယ်။ အဲဒါက သင့်စိတ်ကိုလည်း ကြည်နူးစေပါတယ်။ အဲဒါကြောင့် သင့်မိသားစုကို ချစ်တဲ့အကြောင့် ပြောဖြစ်အောင် ပြောပေးပါ။

၃) မနေ့ကထက် ဒီနေ့ပိုကောင်းအောင်ကြိုးစားပါ။
ဒါကတော့ သင့်ကိုသင်ပိုပြီး ယုံကြည်မှုရှိလာစေဖို့နဲ့ သင့်ကိုယ်သင်ပိုရဲဝင့်လာတယ်လို့ထင်ရစေဖို့ပါပဲ။ ဒီနေ့မှာတော့ ငါဘာတွေကြိုးစားပြီးပြီ ၊ မနက်ဖြန်တော့ ဘာထပ်လုပ်မယ်ဆိုတဲ့စိတ်ဖြစ်နေတဲ့အခါ သင့်ကိုယ်သင်လည်း ယုံကြည်မှုတိုးလာစေပါတယ်။ လုပ်စရာရှိနေတဲ့အခါ စိတ်လည်းတည်ငြိမ်ပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ အခြားသူအကြောင်းတွေးလိုက်၊ အခြားသူကဘယ်လိုထင်မလဲတွေးလိုက်နဲ့ စိတ်က ဆောက်တည်ရာမရဖြစ်နေမယ်ဆိုရင် မလိုလားအပ်ဘဲ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ညစ်မှုတွေဝင်လာနိုင်ပါတယ်။ အဲဒါကြောင့် “ဒီနေ့ဘာကိုကြိုးစားမလဲ၊ မနေ့ကထက် ဒီနေ့ကောင်းအောင်ကြိုးစားရမှာက ဘာတွေလဲ” ဆိုတဲ့ plan ရှိသင့်ပါတယ်။

၄) တစ်နေ့တစ်ကြိမ်တော့ ကိုယ့်ကိုယ်ကိုယ်ဝေဖန်သုံးသပ်ကြည့်ပါ။
မနက်စောစောဖြစ်ဖြစ်၊ ညအိပ်ချိန်မီးမှောင်ချထားတဲ့အချိန်ဖြစ်ဖြစ် တစ်နေ့မှာ တစ်ချိန်တော့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်ဖို့အချိန်ထားပါ။ ဒီနေ့ဘာတွေလုပ်ခဲ့သလဲ၊ ဘယ်နေရာတွေမှာ ဘာပြုပြင်သင့်သလဲ။ ဘာကို ထိန်းသိမ်းသင့်သလဲ။ ဘာကိုထိန်းချုပ်ရမလဲ။ ဘာကိုပိုကြိုးစားရမလဲ စတာတွေက ကိုယ့်ရဲ့တစ်ဘဝလုံးတိုးတက်မှုရှိလာဖို့ တစ်နေ့ချင်းစီတိုးတက်ရန် တွေးကိုတွေးရမှာပါ။ တစ်နေ့ချင်းစီတွေးနေကြံစည်ကြိုးစားနေတာက တစ်နေ့ချင်းကို အကောင်းဆုံးဖြစ်စေပြီး အကောင်းဆုံးနေ့ရက်တွေစုထားတဲ့ ဘဝတစ်ခုဖြစ်လာစေပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်တော့ ဝေဖန်သုံးသပ်ဖို့အချိန်ယူပါ။

၅) တစ်နေ့တစ်ကြိမ်တော့ ကိုယ်ချစ်မြတ်နိုးတဲ့ဝါသနာပါရာလေးတွေလုပ်ပါ။
ကိုယ့်ကိုယ်ကိုယ်အချိန်ပေးတာ၊ ကိုယ်နှစ်သက်ရာလေးတွေ လုပ်တာအချိန်သီးသန့်လေးထားပြီး အဲဒီ့အချိန်မှာ ကိုယ်နှစ်သက်ရာကလွဲပြီးတခြားအရာတွေမလုပ်ဘူးဆိုတဲ့စည်းလေးထားသင့်ပါတယ်။ ထိုအချိန်လေးက တစ်နေ့မှာတစ်နာရီဆို တစ်နာရီဆိုသလောက် သင့်စိတ်ကို ထွက်ပေါက်ပေးမှာဖြစ်ပါတယ်။ အမျိုးမျိုးသော ပူပန်ကြောင့်ကြမှု၊ အလုပ်ကိစ္စ၊ လူမှုရေးအခြားကိစ္စအ၀၀အတွက် သင့်ဦးနှောက်ထဲမှာ သင်မသိလိုက်ဘဲ သင့်စိတ်မှာတင်းကြပ်မှုတွေရှိနေမှာပါ။ အဲဒီ့လို ကိုယ့်အတွက်ကိုယ်အချိန်လေးပေးလိုက်ခြင်းက သင့်စိတ်ပြေပျောက်စေသလို၊ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ဥပမာ။ သီချင်းဆိုတာ၊ စာဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ Me Time သတ်မှတ်တာ

၆) သက်ဆိုင်ရာဘာသာရေးတစ်ခုခု မဖြစ်မနေလုပ်ပါ။
သက်ဆိုင်ရာဘာသာရေးအတွက် တစ်ခုမဟုတ်တစ်ခုတော့ လုပ်သင့်ပါတယ်။ အဲဒါက သင့်စိတ်ကို အေးချမ်းစေမှာဖြစ်သလို၊ သင့်စိတ်ကိုလည်းတည်ငြိမ်စေပါတယ်။ တရားထိုင်တာမျိုး ၊ ယောဂကျင့်တာလိုမျိုးပဲ သင့်ကျန်းမာရေးအတွက်လည်း ကောင်းစေပြီး စိတ်အေးချမ်းမှုရစေသလို သင့်ကိုယ်သင်ယုံကြည်မှုတိုးစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။