ကံကောင်းတယ်ဆိုတာ အခြားသူတွေလက်လျော့လိုက်တဲ့အရာတစ်ခုအပေါ် ဇွဲမလျော့ဘဲ ပင်ပန်းတကြီးကြိုးစားခဲ့လို့ပါ။

ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပေါ့။ “ဟာ....သူက အလုပ်ကောင်းကောင်းရတယ်၊ ကံကောင်းလိုက်တာ” “သူက လစာကောင်းတယ် ကံကောင်းလိုက်တာ” “ဟယ်.....နင်ကအရမ်းကံကောင်းတာပဲ လစာများများပေးတဲ့အလုပ်ရတယ်။” “ရာထူးတိုးသွားတာမြန်လိုက်တာ ကံကောင်းလိုက်တာ” စသဖြင့်ပေါ့။ တကယ့်တော့ အဲဒီ့ကံကောင်းလိုက်တာဆိုတဲ့စကားတစ်ခွန်းရဲ့နောက်ကွယ်မှာ ကျွန်တော်တို့မသိတဲ့ ကြိုးစားအားထုတ်မှုတွေရှိပါတယ်။ ဘယ်သူကိုမှ အထူးတလည်ကံတွေကောင်းပြိး ဥုံဖွရယ်လို့ ဖြစ်လာတာမရှိပါဘူး။ ရှိတယ်ထားအုံး.......မကြာခဏ ကံကောင်းနိုင်မှာမဟုတ်ပါဘူး။ ကံအများဆုံးကောင်းနိုင်လည်း ကံကောင်းလို့ရရင် တစ်ခါပေါ့။


“ကံကိုယုံ၍စူးပုံကိုနင်း.....” တော့ မဆူးတော့ဘူးတဲ့လား။ ကံကိုယုံရင် စုံလုံးကန်းမယ်ဆိုတဲ့စကားလည်းရှိတယ်လေ။ စာမေးပွဲမှာ စာတစ်လုံးမှ မကျက်တဲ့လူက စာမေးပွဲခန်းထဲမှာ စာတစ်လုံးမှမရေးချလာဘဲ ကံကောင်းပြီးအောင်နိုင်ပါ့မလား။ အဲဒီ့သဘောတရားပါပဲ။ တကယ်တော့ ကံဆိုတာက သင်ကြိုးစားထားတဲ့အခြေအနေနဲ့ အခွင့်အရေးထိပ်တိုက်ဆုံတွေ့သွားတဲ့အခါမှသာ ဖြစ်လာနိုင်တဲ့အရာပါ။ အဲဒါကြောင့် ကံကောင်းတယ်ဆိုတာက သင်တစိုက်မတ်မတ်ကြိုးစားနေပြီး ထိုကြိုးစားမှုကို ချပြဖို့ အခွင့်အရေးက ကိုယ့်ရှေ့မှောက်ရောက်လာတဲ့အခါမှာ အမိအရဖမ်းဆုပ်ပြီး ကိုယ့်ကြိုးစားမှုကို ချပြနိုင်သွားတာပါပဲ။
အဲဒီ့အတွက် ကံကောင်းတယ်ဆိုတဲ့နောက်မှာ ဘယ်သူမှမသိဘဲ တစိုက်မတ်မတ်ကြိုးစားခြင်းတွေရှိပါတယ်။ အခွင့်အရေးလာတဲ့အခါ ချပြလိုက်တာပါပဲ။
သင့်ထက်ဝင်ငွေ နှစ်ဆများတယ်ဆိုတဲ့လူတစ်ယောက်မှာ သင့်ထက်ပိုများတဲ့အလုပ်ချိန်ရှိမှာအသေအချာပါပဲ။ ဒါမှမဟုတ်ရင်လည်း သင့်ထက်ပိုများတဲ့ အလုပ်ခွင်တာဝန်တွေနဲ့ ဖိအားတွေရှိမှာပါပဲ။ လစာ သုံးသိန်းပဲရတယ်ဆိုတဲ့လူနဲ့ လစာ ဆယ်သိန်းရတယ်ဆိုတဲ့လူကြားမှာ ကံကောင်းခြင်းတွေချည်းပဲရှိနေတာမဟုတ်ပါဘူး။ ကြိုးစားခြင်းတွေရှိနေလို့ပါ။ သင့်ထက်ခက်ခဲတဲ့အခက်အခဲအချို့ကိုကျော်ဖြတ်ပြီးမှ သင့်ထက်ပိုသာတဲ့အခွင့်အရေးကို ပိုင်ထားတာဖြစ်ပါတယ်။ သင်က အဂ်လိပ်စကားပြောက ခက်လိုက်တာ မသင်ချင်ဘူး.....လို့တွေးနေတဲ့အချိန်မှာ သူကတော့ အလုပ်ချိန်အပြီးမှာ သင်တန်းတက်လိုက်၊ ကိုယ့်ဟာကိုယ် self study လုပ်လိုက်နဲ့ ကျွမ်းကျင်အောင်လေ့ကျင့်နေလို့ သင့်ထက်သာတဲ့အခွင့်အ‌ရေးကိုဖမ်းဆုပ်နိုင်သွားတာလည်းဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် ကံကောင်းတယ်ဆိုတာ အခြားသူတွေလက်လျော့လိုက်တဲ့အရာတစ်ခုအပေါ် ဇွဲမလျော့ဘဲ ပင်ပန်းတကြီးကြိုးစားခဲ့လို့ပါ။ အဲဒီ့အတွက်အခြားသူထက်ပိုတော်လာတယ်၊ ပိုတော်လာတော့ပိုအခွင့်အရေးများလာတယ်၊
အဲဒီ့အခါ ပိုရွေးချယ်စရာ အခွင့်အရေးပိုများလာတာကြောင့် ကိုယ့်ရဲ့ကြိုးစားမှုနဲ့သက်ဆိုင်တဲ့အခွင့်အရေးကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး ပိုတိုးတက်သွားတာပါပဲ။ ပိုကံကောင်းသွားတာမဟုတ်ပါဘူး။ ကံကောင်းတယ်လို့လူတွေထင်နေကြတဲ့နောက်ကွယ်မှာရှိတဲ့လျှို့ဝှက်ချက်က တစိုက်မတ်မတ်ကြိုးစားနေခြင်းသာဖြစ်ပါတယ်။
ဥပမာ သင်ကပန်းချီဆရာဖြစ်ချင်တယ်ဆိုပါစို့ ပန်းချီပြပွဲတစ်ခုလည်း လုပ်ချင်တယ်၊ ငွေမတတ်နိုင်လို့ ပန်းချီပြပွဲမလုပ်နိုင်သေးဘူးဆိုပါတော့။ အဲဒါဆို သင်က ပန်းချီပြပွဲမှ မလုပ်နိုင်သေးတာ ပန်းချီလည်းဆွဲစရာမလိုသေးပါဘူးလို့တွေးနေလို့မဖြစ်နိုင်ပါဘူး။ ပုံမှန်လို ပန်းချီဆွဲနေမယ်၊ သင့်ရဲ့အမြင်ကို ပန်းချီထဲမှာထည့်ပြီး အမျိုးမျိုးသောလက်ရာတွေဆွဲနေမယ်။ တစ်ယောက်ယောက်က ပန်းချီပြပွဲလုပ်မယ်ဆိုပြီး သင့်ပန်းချီကားတွေကို ထည့်သုံးမယ်ဆိုရင်တောင် သင့်မှာ ဆွဲထားပြီးသားပန်းချီကားရှိနေမယ်ဆိုရင် တခါတည်း အံခွင်ဝင်ကျမဖြစ်သွားနိုင်ဘူးလား။ ဒီသဘောပါပဲ။ ပန်းချီပုံမှန်ဆွဲနေခြင်းက သင့်ရဲ့တစိုက်မတ်မတ် ကြိုးစားအားထုတ်ခြင်းဖြစ်ပြီး ပန်းချီပြပွဲအတွက် သင့်ပန်းချီတွေလာတောင်းခြင်းက အခွင့်အရေးပါ။ အခွင့်အရေးဘယ်လောက်ရရ သင့်မှာ တစိုက်မတ်မတ်ကြိုးစားထားတဲ့ရလဒ်မရှိရင် သင်ကံမကောင်းနိုင်ပါဘူး။
အဲဒါကြောင့် အခြားသူတွေကံကောင်းလိုက်တာလို့ တွေးမိရင် “ငါကရော ကံကောင်းဖို့အတွက် ဘာတွေတစိုက်မတ်မတ်ကြိုးစားနေသလဲ” လို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။

“Good luck is when opportunity meets preparation, while bad luck is when lack of preparation meets reality.” – Eliyahu Goldratt
ကံကောင်းတယ်ဆိုတာ ကြိုတင်ပြင်ဆင်မှုနဲ့ အခွင့်အရေးကြုံကြိုက်သွားတာပါပဲ။ ကံဆိုးတယ်ဆိုတာကကျတော့ လက်တွေ့အခွင့်အရေးနဲ့ကြုံကြိုက်တဲ့အခါ ကြိုတင်ပြင်ဆင်မှုမရှိခြင်းပါပဲ။ အဲဒါကြောင့် တစိုက်မတ်မတ်ကြိုးစားခြင်းမရှိဘဲ ကံကောင်းခြင်းကိုထိုင်‌စောင့်နေလို့မဖြစ်နိုင်ပါဘူး။ အခြားသူများကံကောင်းနေတာကိုမြင်တဲ့အခါ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ္ တစိုက်မတ်မတ်ကြိုးစားမှုတိုးဖို့ သတိပေးသင့်ပါတယ်။ တစိုက်မတ်မတ်ကြိုးစားနေတဲ့လူအတွက် အခွင့်အရေးကတစ်ခါမဟုတ်တစ်ခါတော့ ရလာမှာမို့ တစ်ကြိမ်မက ကံကောင်းမှာအသေချာပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။