စိတ်ကောင်းရှိဖို့အဓိက

ဒီခေါင်းစဉ်ကိုမြင်လိုက်တာနဲ့ စိတ်ကောင်းရှိခြင်းက ဘယ်လောက်အရေးကြီးသလဲဆိုတာကို မြင်လာမယ်ထင်ပါတယ်။ အခုလက်တလောဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေနဲ့ဆိုရင် ပိုပြီးတော့ ချိန်ထိုးကြည့်လို့ မြင်နိုင်မယ်ထင်ပါတယ်။ ကိုဗစ်ကိုကြောက်လန့်တကြားဖြစ်နေကြတဲ့အချိန်မှာ လူတွေရဲ့စိတ်ထားတွေကို ပိုပြီး သိသာမြင်သာရှိလာမယ်ထင်ပါတယ်နော်။ စိတ်ကောင်းထားတယ်ဆိုတဲ့နေရာမှာ စိတ်ကောင်းရှိခြင်းဟာ တစ်ဦးပေါ်တစ်ဦးမေတ္တာထားခြင်း၊ စေတနာထားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။


အဲဒါကြောင့်သာ ကိုယ်မေတ္တာစေတနာရှိတဲ့လူတွေအပေါ်မှာသာ ကိုယ်က စိတ်ကောင်းထားနိုင်မှာမဟုတ်ပါလား။ အဲဒါကြောင့် စိတ်ကောင်းထားတယ်ဆိုတာ လူတိုင်းအပေါ် မေတ္တာစေတနာလေးထားဖို့ပါပဲ။ ဒေါက်တာဖြိုးသီဟရဲ့ မနေ့ကဆောင်းပါးလေးတစ်ပုဒ်မှာ ခုလက်ရှိဖြစ်နေတဲ့ရောဂါနဲ့ပတ်သက်ပြီးရေးထားတဲ့နေရာမှာ အချင်းချင်းကူညီကြဖို့၊ ကိုယ့်မှာပိုလျှံနေရင် မတတ်နိုင်တဲ့သူတွေကို ပြန်မျှကြဖို့၊ ကိုယ့်အိမ်ကအလုပ်သမားဆိုရင်လည်း နိုင်သလောက်ထောက်ပံ့ဖို့ တိုက်တွန်းထားတာလေးကိုတွေ့ရပါတယ်။ တကယ်တော့ အဲဒါ ကိုယ့်ရဲ့သွေးသားမှမဟုတ်ဘူး၊ သူစိမ်းဖြစ်နေပါစေ၊ စိတ်ကောင်းစေတနာလေးထားလိုက်ပါလို့ တိုက်တွန်းခြင်းပါပဲ။

ခုလို ခက်ခဲကြပ်တည်းတဲ့အခြေအနေမျိုးမှာ လူတိုင်းနီးပါးသာ ဒီလိုစိတ်ထားမျိုးလေးမွေးကြမယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်လာနိုင်တော့ပါဘူး။
အရေးကြုံအခက်အခဲရောက်နေတဲ့အချိန်မှာ လူတိုင်းဟာ ကိုယ့်အသက်အန္တရာယ်ကိုတော့ ကြောက်လန့်တကြားကာကွယ်ချင်ကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီလိုကာကွယ်ခြင်းဟာ ကိုယ့်ကြောင့် အခြားသူတွေမထိခိုက်မိဖို့လိုတယ်ဆိုတာလည်း သတိချပ်သင့်ပါတယ်။ ဝန်ထမ်းတွေအတွက် ဆန်တွေဆီတွေငွေတွေ ထောက်ပံ့တဲ့ လုပ်ငန်းရှင်တွေကို မြင်တဲ့အခါ မုဒိတာပွားမိသလို ၊ အလုအယက်တိုးကြိတ်ဈေးဝယ်နေတဲ့လူတွေကိုမြင်တဲ့အခါ ဆန်တစ်ပြည်အိတ်လေးဆွဲလို့ ညနေစာချက်ဖို့အိမ်ပြန်တဲ့ဓာတ်ပုံလေးကိုမြင်တဲ့အခါမှာဖြစ်တဲ့ခံစားချက်ခြင်းကလည်း တူမယ်မထင်ပါဘူးနော်။
တစ်ကမ္ဘာလုံးထိခိုက်နေတဲ့အချိန် ဆင်းရဲတဲ့နိုင်ငံမှာ အများစုထိခိုက်ကြမှာအသေအချာပါပဲ။ ဒါပေမယ့် ကိုယ်က ကံကောင်းနေသေးရင် ကိုယ်လောက်မှ ကံမကောင်းသေးတဲ့ ကိုယ်ထက်အဆင်မပြေတဲ့သူတွေကို ထည့်စဉ်းစားပေးတဲ့စိတ်ထားလေးလည်း ရှိဖို့လိုပါတယ်။ အဲဒီလို စိတ်ဓာတ်ကသာ လူတစ်ယောက်ကနေ နှစ်ယောက်မထိခိုက်မနစ်နာရအောင်၊ နှစ်ယောက်ကနေ သုံးယောက်၊ သုံးယောက်ကနေ အများစုမထိခိုက်စေဖို့ ခုလိုအချိန်မှာ အချင်းချင်းစိတ်ကောင်းထားဖို့၊ စာနာစိတ်ရှိဖို့လည်း အရေးကြီးပါတယ်။ အဲဒီလိုစာနာစိတ်ထားပေးတဲ့လူမျိုးကို အနိုင်မကျင့်မိဖို့ လိုပြန်ပါတယ်။ ပြောရရင်တော့ အချင်းချင်းစိတ်ကောင်းလေးထားလိုက်ခြင်းက အကောင်းဆုံးပါပဲ။
လူတွေကြောက်လန့်တကြားဈေးဝယ်နေတဲ့အချိန်မှာ ဈေးတင်ရောင်းနေတဲ့ဈေးသည်မျိုးတွေမရှိတော့ဘူးဖြစ်လာမယ်၊ ကိုယ့်အတွက်ကိုယ်ကြည့်ပြီး ကိုယ်တစ်ယောက်တည်း မနိုင်မနင်းသိမ်းကြုံးဝယ်တဲ့သူတွေမရှိတော့ဘူးဖြစ်လာမယ်၊ နှာခေါင်းစည်းတဲ့ mask ကအစ ဝယ်လို့တောင် မရတဲ့အခြေအနေမျိုးမဖြစ်လာနိုင်ပါဘူး။ တတ်နိုင်တဲ့သူမိသားစု အများစုက သိမ်းကြုံးဝယ်နေတဲ့အချိန်မှာ တစ်နေ့လုပ်တစ်နေ့စားရတဲ့ မိသားစုတွေကရော မပူပန်ဘဲနေပါ့မလား။ ဒါပေမယ့် သူတို့လက်ထဲငွေမတတ်နိုင်တဲ့အခါ သူတို့ရော ဘယ်လောက်တောင် ပိုကြောက်လန့်နေမလဲ။ အများကြီးပါပဲ။ ဘယ်လောက်ပဲ စည်းကမ်းတွေချမှတ်ချမှတ် တစ်ဦးပေါ်တစ်ဦးစိတ်ကောင်းစေတနာမထားကြဘူးဆိုရင် တစ်ယောက်ကောင်းစားဖို့ တစ်ယောက်က ထိခိုက်နေရအုံးမှာပါပဲ။

အလားတူပါပဲ ကိုယ်တိုင်က စိတ်ကောင်းထားတတ်မယ်ဆိုရင် ကိုယ်တိုင်က ပြည်ပကပြန်လာတယ်၊ ကိုယ်တစ်ယောက်တည်း ၁၄ရက် မနေနိုင်တဲ့အခါ ကိုယ့်ကြောင့် အခြားသူမထိခိုက်ခင် ကိုယ့်မိသားစုကို အရင်ထိခိုက်မှာပါ။ ကိုယ့်မိသားစုကိုစေတနာထားလိုက်ခြင်းဟာ ကိုယ့်ကြောင့် အခြားသူတွေကို ထိခိုက်မယ့်အရေးကို ကာကွယ်ပြီးသားဖြစ်စေတယ်ဆိုတဲ့ စိတ်ကောင်းထားခြင်းပါပဲ။ အဲဒီလိုမဟုတ်ဘဲ ကိုယ်တိုင်က ရောဂါလက္ခဏာရှိနေတယ်လို့သံသယရှိနေရင် ကိုယ့်ကြောင့် အခြားသူကို မထိခိုက်အောင် ကိုယ့်အသိစိတ်နဲ့ကိုယ်ဆေးကုသလိုက်ခြင်းဟာလည်း စိတ်ကောင်းထားခြင်းတစ်မျိုးပါပဲ။ အဲဒါကြောင့် အရေးကြုံလာတဲ့အခြေအနေမျိုးမှာ လူတွေရဲ့စိတ်ထားအမှန်ကို သိမြင်လာနိုင်တယ်လို့ပြောကြဖြစ်မှာပါ။
ပရဟိတမိခင်ကြီး မာသာထရီဇာပြောခဲ့တဲ့စကားလေးလိုပေါ့ “ Not all of us can do great things. But we can do small things with great love.”
“ကျွန်မတို့ဟာ ကြီးမားတဲ့အရာတွေကို မလုပ်နိုင်ဘူးဆိုရင်တောင် သေးငယ်တဲ့အရာလေးတွေကို ကြီးမားတဲ့မေတ္တာတရားနဲ့ပြုလုပ်နိုင်ပါတယ်” တဲ့။ အမှန်ကန်ဆုံးပါပဲ။ ကျွန်တော်တို့ ဘာမှကြီးကျယ်တဲ့အရာတွေမလုပ်နိုင်ရင်တောင် ကိုယ်တတ်နိုင်တာလေးတွေကို မေတ္တာတရားထားပြီး ပြုလုပ်၊ စိတ်ကောင်းမွေးနိုင်ပါတယ်။ ကိုယ့်ကြောင့် အခြားသူတစ်ယောက်အဆင်ပြေသွားခြင်းဟာလည်း အမြတ်ပါပဲနော်။ အများကြီး လုပ်ဖို့ အရေးမကြီးပါဘူး၊ ကိုယ်လုပ်နိုင်တာလေးကို စေတနာမေတ္တာ၊ စိတ်ကောင်းလေးမွေးပြီး လုပ်နိုင်ဖို့ပဲအရေးကြီးတာပါ။ အဲဒါကြောင့် ခုလိုအချိန်အခါ လူတိုင်းအကြပ်အတည်းဖြစ်နေချိန်မျိုးမှာ တစ်ယောက်ကိုတစ်ယောက်စိတ်ကောင်းထား ကူညီဖေးမပေးကြပါ။ အတ္တစိတ်ကိုလျှော့ကြပါ။

ကိုယ့်တစ်ကိုယ်ကောင်းစိတ်ကြောင့် ကိုယ့်မိသားစု၊ ကိုယ့်မိဘဆွေမျိုး၊ ကိုယ်ပတ်ဝန်းကျင် ရပ်ရွာထိခိုက်မယ့်ဘေးက ကာကွယ်ပေးနိုင်ဖို့ အချင်းချင်းကူညီကြပါ။ ပြည်ပကပြန်လာသူရှိရင်လည်း ကိုယ့်အသိစိတ်လေးနဲ့ကိုယ် ၁၄ရက် သီးသန့်နေထိုင်ခြင်းဖြင့် ကိုယ့်မိသားစုကိုကာကွယ်ကြပါ။ အဲဒါသည်လည်း စိတ်ကောင်းထားခြင်းတစ်မျိုးပါပဲ။
ကိုယ်တောင်ထိခိုက်မှာကြောက်ရင် အခြားသူတွေလည်းကြောက်လန့်ကြမှာပဲဆိုတဲ့ စိတ်ကောင်းလေးမွေးကြပါလို့ တိုက်တွန်းဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။