ငွေနဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုဝယ်မလဲ။

ပျော်ရွှင်မှုကို ငွေနဲ့မဝယ်နိုင်ဘူးလို့ ကျွန်တော်တို့အားလုံးကြားဖူးကြပါတယ်။ ကမ္ဘာပေါ်က ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေက ယေဘုယျအားဖြင့် စိတ်လှုပ်ရှားမှု နဲ့ ပျော်ရွှင်ကို ခံစားရစေနိုင်ပါတယ် ။ဒါပေမယ့် တကယ့်စိတ်ရင်းထဲကပျော်ရွှင်မှုကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုကြောင့်ရတဲ့ပျော်ရွှင်မှုတွေက ကြာရှည်မခံဘူးလေ။ ပျော်ရွှင်ခြင်းဆိုတာက လူတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လည်းဆိုင်တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အပြင်ပိုင်းလွှမ်းမိုးမှုတွေကို သေချာစဉ်းစားခြင်းမရှိဘဲ ယေဘုယျဆန်ဆန်စဉ်းစားလို့ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရဆိုရင်တော့ ရေရှည်မှာ သင်ဘယ်လိုခံစားသလဲပေါ်မူတည်ပြီးတော့ ငွေက သေချာတဲ့အကျိုးသက်ရောက်မှုတစ်ခုရှိပါတယ် ။ မကြာခဏဆိုသလို ငွေဟာ ပျော်ရွှင်မှုအတွက် ရန်သူတစ်ယောက်လို ခံစားနေရစဉ်မှာ အောက်ပါအချက်လေးချက်ကိုတွေးကြည့်လိုက်ရင် သင့်ကိုပျော်ရွှင်စေမှာပါ။ ၁) အခြားသူတွေကို သင်က ငွေတွေပေးနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်လုပ်နိုင်တဲ့အကောင်းဆုံးအရာတစ်ခုကတော့ သင့်မှာရှိတဲ့ငွေတွေကို ပေးနိုင်ခြင်းပါပဲ။ ဟုတ်ပါတယ်၊ အဲဒါက အပြန်အလှန်အကျိုးရှိတာပဲလေ။ ပထမဆုံး ငွေတွေတိုးပွားအောင်ရှာနိုင်တာထက် ငွေတွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပေးကမ်းနိုင်ခြင်းက ပိုပြီး ပျော်ရွှင်စေပါတယ်။ တစ်စုံတစ်ယောက်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်နိုင်ခြင်းက သင့်အတွက် ပျော်ရွှင်မှု၊ ကြည်နူးမှုကိုခံစားရစေနိုင်တယ်လေ။ ဘယ်လောက်အခြေအနေလောက်ထိ သင်ပေးနိုင်မလဲဆိုတာ သင့်ဟာသင်ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကို နေ့လည်စာကျွေးတာမျိုးကတော့ ရိုးရှင်းပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့သူကို ပေးကမ်းလိုက်ခြင်းက သင့်အတွက် ပိုပြီးပျော်စရာကောင်းသလို သူတို့အတွက်လည်း ပျော်ရွှင်စေနိုင်ပါတယ်။ ပြီးတော့ သင့်အတွက် ပိုပြီး အကောင်းဘက်ရောက်တဲ့အတွေးအခေါ်တွေဖြစ်ပေါ်လာစေပါတယ်။ သင့်ဘဝလည်း ဒီထက်ပိုပြီး ပျော်ရွှင်တက်ကြွလာတဲ့အတွက် ဒီထက်ပိုပြီး ငွေဝင်လာအောင်ကြိုးစားရှာဖွေဖို့ ခွန်အားတွေရနိုင်တာပေါ့။ အဲဒီတော့ ငွေတွေ ပေးကမ်းခြင်းက သင့်ထံကို နောက်ထပ်နောက်ထပ်သော ငွေတွေ တိုးပွားလာစေနိုင်ပါတယ်နော်။ ၂) သင့်ရဲ့အခြေခံလိုအပ်ချက်တွေအတွက် သင်ကိုယ်တိုင်စီမံနိုင်ပါတယ်။ ဇိမ်ခံပစ္စည်းတွေကို ဝယ်နိုင်ခြင်းက သင့်ရဲ့ပျော်ရွှင်မှုကို တိုးစေနိုင်ပါတယ်။ သင့်ဘဝရဲ့အဆင့်အတန်းမြင့်လာလေလေ ပျော်ရွှင်မှုအဆင့်ကလည်း တိုးလာပါတယ်။ သင့်ရဲ့အစားအစာတွေဝယ်ယူခြင်းပေါ်မှာ ဈေးနှုန်းအပြောင်းအလဲဖြစ်ခြင်းကတောင် သင့်ရဲ့ပျော်ရွှင်မှုကို အတိုးအလျော့လုပ်နိုင်ပါတယ်။ သင့်ရဲ့အခြေခံကိုယ်ပိုင်လိုအပ်ချက်တွေကို စီမံနိုင်ခြင်းက သင့်မှာ အာဏာလွှမ်းမိုးမှုရှိတယ်လို့ ခံစားရစေနိုင်ပါတယ်။ အဲဒါက သင့်ကိုပျော်ရွှင်စေနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်ကျေနပ်မှုကိုလည်း ခံစားရစေနိုင်ပါတယ်။ အရွယ်ရောက်လာလို့ ကျောင်းကနေ ကောလိပ်ကို အဆင့်ကူးပြောင်းရသလို တွေးလို့ရပါတယ်။ လူတော်တော်များများအတွက် သူတို့ရဲ့အသိုက်အမြုံကိုခွဲခွာပြီး သူတို့ရဲ့အတောင်တွေကိုဖြန့်ကျက်လို့ ပျံသန်းနိုင်တဲ့အခွင့်အရေးရှိပါတယ်။ မိဘတွေက စားစရာတွေ၊ နေစရာတွေ တစ်ကြိမ်တော့စီမံပေးပေမယ့် အခုတော့ ကိုယ့်ဟာကိုယ် ကာကွယ်စောင့်ရှောက်နိုင်ရမှာပေါ့။ အဲဒီ့အချိန်တွေက ကြောက်လန့်စရာကောင်းနေတယ်၊ ဖိအားတွေများနေတယ်ဆိုရင်တောင်မှ သင့်ရဲ့ပထမဆုံးကားတစ်စီးကို သင်ဝယ်နိုင်တဲ့အချိန် ဒါမှမဟုတ် သင့်ရဲ့ပထမဆုံးတိုက်ခန်းတစ်ခန်းကို ဝယ်နိုင်တဲ့အချိန်မှာ သင့်ရဲ့စစ်မှန်တဲ့ခံစားမှုက ပျော်ရွှင်ရမှာပါ။ အဲဒါက ဖြုန်းတီးမှုမဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ကိုယ်ပိုင်အခြေခံလိုအပ်ချက်ကိုကိုယ်ဟာကိုယ်ဖြည့်ဆည်းနိုင်တဲ့ယုံကြည်မှုနဲ့ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုနဲ့ ထိုက်တန်သလောက်တော့ ဝယ်ဖို့ ဂရုစိုက်ရပါမယ်။ ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်တဲ့ခံစားမှုကို ဘယ်သူကမှ ကြိုက်မှာမဟုတ်ပါဘူး။ ငွေရှိခြင်းကတော့ သင့်ကိုအဲဒီ့ခံစားမှုမျိုးမခံစားရအောင် ကူညီပေးနိင်ပါတယ်။ ငွေရှိတဲ့အတွက် သင်လိုအပ်တာကို ဝယ်နိုင်တာက သင့်အတွက်ပျော်ရွှင်မှုပါပဲ။ ၃) အကြွေးရှိခြင်းမှ လွတ်မြောက်နိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ပျက်စီးစေတဲ့အကြောင်းအရာတွေထဲက တစ်ခုကတော့ အကြွေးတွေရဲ့ထိုးနှက်ခြင်းကြောင့်ပါပဲ။ အကြွေးကဒ်များ၊ ကားအသစ်များ၊ အပျော်ခရီးထွက်ခြင်း၊ ဆေးကုသစရိတ်၊ ဘဝအတွက်အရေးကြီးတဲ့ ကိစ္စရပ်များ၊ အလုပ်မရှိခြင်း၊ ဈေးဝယ်ထွက်ခြင်း နဲ့အခြားသော ကုန်ကျစရိတ်တွေက သင့်ကိုအကြွေးသံသရာထဲလည်နေစေပါတယ်။ သင်က အကြွေးစယူမိတာနဲ့ အတိုးတွေက ထပ်လာပါတယ်။ ဒီကြောက်စရာကောင်းတဲ့သံသရာထဲက ပြန်ထွက်နိုင်ဖို့က အလွန်အမင်းခက်ခဲလှပါတယ်။ ငွေကို အလွန်အမင်းသုံးဖြုန်းခြင်းကြောင့် အကြွးတွေများလာနိုင်ပါတယ်။ ငွေကို ဉာဏ်ရှိစွာသုံးခြင်းက သင့်ကိုအကြွေးထူခြင်းကနေ လွတ်မြောက်စေနိုင်သလို သင့်အတွက် ငွေကြေးဆိုင်ရာအဆင်ပြေစေမယ့် အနာဂတ်ဖြစ်လာအောင် ဖန်တီးနိုင်ပါတယ်။ အထက်ပါ အကြွေးကြောင့် ဆိုးဝါးတဲ့အခြေအနေတွေက သင့်လက်ထဲမှာ ငွေရှိနေတဲ့အခါ မဖြစ်နိုင်တော့ဘူးလေ။ အဲဒါက ပျော်စရာပဲမဟုတ်လား။ ငွေရှိခြင်းက အဲလိုနေရာမှာ ဘယ်လောက်အကျိုးရှိလိုက်မလဲ။ ငွေရှိတဲ့အတွက် အကြွေးကြောင့် ပူပန်ရတာတွေ၊ ကြောက်လန့်နေရတာတွေမဖြစ်နိုင်တော့ဘူးပေါ့။ ၄) အဓိပါ္ပယ်ရှိတဲ့အလုပ်တွေ လုပ်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြန်တွေးကြည့်ရင် ငွေကိုအသုံးပြုပြီးတော့ သင့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အဓိပါ္ပယ်ရှိတဲ့အလုပ်တွေကို သင့်ဘဝမှာ ပြုလုပ်နိုင်ပါတယ်။ သင့်အတွက် ပျော်ရွှင်မှုအပြည့်အဝခံစားဖို့ ယူဆောင်ပေးနိုင်မယ့် အဓိက ရည်မှန်းချက်ကိုဖြစ်မြောက်စေနိုင်ပါတယ်။ အထက်ပါဖြစ်စဉ်တွေအရာ သင့်ရဲ့ကလေးကို ကောလိပ်ကိုရောက်အောင် သင်ပို့ပေးနိုင်တဲ့အခါ သင်ဘယ်လိုခံစားရမလဲ။ သင့်ကိုယ်ပိုင်ပရဟိတအဖွဲ့တစ်ခု စတင်နိုင်တဲ့အခါ သင်ဘယ်လိုခံစားရမလဲ။ အထူးသဖြင့် သင့်ရဲ့နောက်ထပ် နှစ်ပတ်လည်ပွဲတစ်ခုပြုလုပ်နိုင်ရင် ဒါမှမဟုတ် သင့်ရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခု ဖန်တီးနိုင်တဲအခါဆိုရင် သင်မကြိုက်ဘူးလား။ ငွေရဲ့စွမ်းအားက သင့်ရဲ့ရည်မှန်းချက်ကိုရောက်အောင် သင့်ရဲ့ဘဝကိုပိုပြီးအဓိပါ္ပယ်ရှိလာအောင် ကူညီပေးနိုင်ပါတယ်။အရာဝတ္ထုတွေကိုပဲဝယ်နိုင်တဲ့ဆိုတဲ့ သင့်ရဲ့သဘောထားကို ပြောင်းလဲပစ်ဖို့ကြိုးစားခြင်းက ငွေကနေ ပိုပြီး အဓိပါ္ပယ်ရှိတဲ့ဘဝကိုရှာဖွေနိုင်ပါတယ်။ သင့်ရဲ့စိတ်ထဲမှာ ဘဝအတွက်ပိုပြီးကြီးမားတဲ့ရည်မှန်းတွေကိုချမှတ်သောအခါ ငွေရှိခြင်းကပိုပြီးလွယ်ကူလာစေပါတယ်။ အဲဒါကြောင့် နောက်တခါ တစ်စုံတစ်ယောက်က ငွေက ပျော်ရွှင်မှုကိုမဝယ်နိုင်ဘူးလို့ ပြောတာ သင်ကြားမိတဲ့အခါ အထက်ပါအချက်တွေကို ပြန်တွေးလိုက်ပါ။ ငွေနဲ့ပတ်သက်ပြီး ပိုကောင်းတဲ့အမြင်တွေရှိလာတဲ့အခါ သင့်ဘဝကိုပျော်ရွှင်မှုတွေပိုတိုးလာစေမယ် သင့်ဘဝရဲ့စွမ်းရည်တွေလည်း တိုးတက်လာနိုင်ပါတယ်နော်။ https://www.lifehack.org/535275/four-real-ways-money-can-buy-happiness မှ ဘာသာပြန်ပြီးဖော်ပြပေးထားခြင်းဖြစ်ပါတယ်။#BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။