လူငယ်ဘဝကိုဘာကြောင့် ကောင်းကောင်းအသုံးချသင့်တာလဲ။

ငယ်တုန်းရွယ်တုန်းအချိန်ဆိုတာ ကျန်းမာရေးဆိုလည်း အသက်ကြီးသူများထက် ပိုကျန်းမာသေး၊ စိတ်ကလည်း ခိုင်မာသေး၊ လုပ်စရာရှိရင် စိတ်ရှိတိုင်း ထလုပ်လိုက်ရုံပဲမို့ ငယ်တုန်းအချိန်ဆိုတာ ဘဝရဲ့ရွှေရောင်လွှမ်းတဲ့နေ့ရက်များလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီ့အရွယ်မှာ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ဖို့ အားခဲပြီး အစီအစဉ်လုပ်၊ တကယ်လုပ်ဆောင်ထားသင့်တာပေါ့။ တစ်နေ့အသက်အရွယ်ရလာလို့ ဘာမှ မလုပ်နိုင်ချိန်ကျမှ ငယ်တုန်းက မလုပ်လိုက်ရလေခြင်းရယ်လို့ နောင်တရနေရမယ်မဟုတ်လား။ အဲဒါကြောင့်ငယ်တုန်းမှာ အပြတ်ကဲသင့်တဲ့အကြောင်းလေးတွေ ပြောပြပေးပါမယ်။


၁) ကျန်းမာရေးအရ သွက်လက်ထက်မြက်နေပါတယ်။
ကျန်းမာရေးက အထက်က ပြောသလိုပါပဲ။ ကိုယ်လည်း ကျန်းမာမယ်၊ စိတ်က သွားချင်စိတ်ပေါ်တာနဲ့ ထသွားလိုက်ရုံပါပဲ။ အသက်ရလာတဲ့အချိန်မှာသာဆို ငွေတွေပေါလို့ သွားချင်တယ်ဆိုရင်တောင် သင့်ကျန်းမာရေးကောင်းချင်မှ ကောင်းမှာပါ။ အဲဒါကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပါဘူးနော်။ ဒီတော့ ငယ်တုန်း ကျန်းမာတုန်း သွားလာနိုင်တာကြောင့် ဒီအရွယ်မှာ အပြတ်ကဲထားသင့်တာပေါ့။
၂) စိတ်ကလည်း အရမ်းတက်ကြွလွယ်ပါတယ်။
လူငယ်ဆိုတော့ စိတ်က ထက်ပါတယ်။ ဆုံးဖြတ်ချက်ပြတ်သားပြီး လုပ်ရာမှာကို လျှင်မြန်စွာ ဆုံးဖြတ်၊ ချက်ချင်းထလုပ်လို့ စိတ်က တက်ကြွလွယ်နေတဲ့အချိန်ပါ။ အဲလိုအချိန်မှာ ကိုယ်ဖြစ်ချင်တာတွေ တန်းစီပြီး အစီအစဉ်ချလို့ လုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ့အချိန်က ကိုယ်လုပ်ရင် အောင်မြင်မယ်ချည်းထင်နေတတ်တဲ့အရွယ်မို့ပါ။ တခုခုဆို ကျရှုံးလာရင် ပြန်လည် စတင်ဖို့ အချိန်ကောင်းလည်းဖြစ်ပါသေးတယ်။
၃) ငွေကြေးပူပင်စရာမလိုသေးပါဘူး။
ငွေကြေးအရကြည့်မယ်ဆိုရင်လည်း ကိုယ့်တစ်ယောက်စာ လုံလောက်ဖူလုံအောင် သုံးဖို့သာ လိုတာပါ။ ရှေ့လူနောက်လူ ချင့်ချိန်တွက်ဆနေစရာသိပ်မလိုသေးပါဘူး။ အဲလိုအချိန်မျိုးမှာ ငွေကို သိပ်ပြီးနှမြောနေစရာမလိုတဲ့အတွက် ခရီးသွားချင်တာမျိုး၊ ပန်းချီဆွဲချင်တာမျိုး၊ သီချင်းခွေထုတ်ချင်လို့ အသံသွင်းချင်တာမျိုး စတာတွေအတွက် ငွေဖယ်ထားပြီး ကိုယ်လုပ်ချင်ရာ လုပ်လို့ အကောင်းဆုံးအချိန်ပါပဲ။ ကိုယ်ကြိုးစားရင်ကြိုးစားသလောက် အောင်မြင်နိုင်တဲအချိန်ပါပဲ။
၄) လွတ်လပ်နေပါသေးတယ်။
အချိန်တန်အရွယ်ရောက်ရင် မိသားစုနဲ့ဖြစ်လာတာမို့ မိသားစုကို အစစ ငဲ့နေရအုံးမှာပါ။ ခုက ဘယ်နေရာသွားသွား တစ်ယောက်တည်း ဒိုးလည်း အေးတာပါပဲ။ ဘယ်သွားသွား….ကျောပိုးအိတ်ကောက်လွယ်၊ ငွေအလုံအလောက်ထည့်သွားရင် စားချင်ရာ သွားချင်ရာ အေးဆေးရပါတယ်။ စိတ်ရှိတိုင်းနေလို့ရသေးလို့ ဘယ်သူ့ကိုမှ နောက်ဆံငင်နေစရာမလိုပါဘူး။
၅) စူးစမ်းလေ့လာသင်ယူလွယ်ပါတယ်။
တစ်ခုခုကို သင်ယူပြီး တတ်မြောက်ဖို့ကလည်း လွယ်ပါတယ်။ (ဒါပေမယ့် ဘဝအတွက် အဆိပ်အတောက်ဖြစ်နေတာမျိုးတွေဆိုလည်း သင်ယူလွယ်တာပါပဲ၊ အဓိကက အမှားအမှန်ခွဲခြားနိုင်ဖို့လိုပါတယ်) အသက်ရွယ်ရလာတဲ့အခါ သင်ယူဖို့ မလွယ်သလို၊ မှတ်ဉာဏ်ကလည်း ထင်သလောက် မထက်တော့ပါဘူး ။ အဲဒါကြောင့် ငယ်တုန်း ပညာအသစ်သင်တန်းအသစ်တွေ ထပ်တက်မယ်ဆိုလည်း သင်ယူလို့လွယ်ပါသေးတယ်။ အဲဒါကြောင့် ငယ်တုန်းမှာ ကောင်းတဲ့အကျင့်စရိုက်အသစ်တွေ ထပ်ပြီးလေ့လာသင်ယူလို့ လွယ်လွယ်တတ်မြောက်နိုင်ပါတယ်။ သင်ယူလွယ်ပါတယ်။
၆) ကောင်းသော အကျင့်စရိုက်များ၊ အယူအဆများကို ဖြန့်ဝေပေးဖို့လွယ်ကူပါတယ်။
ငယ်တုန်းမို့ ကောင်းတာများများ သင်ယူနိုင်ရင် ကျန်သူများကို များများဖြန့်ဝေဖို့ တာဝန်ယူနိုင်ပါတယ်။ လူကြီးတွေကျတော့ သိနေပေမယ့် ဖြန့်ဝေဖို့ရာ စိတ်သွားသလောက် ကိုယ်မပါနိုင်တော့ပါဘူး။ အဲဒါကြောင့် ငယ်တုန်း ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ကောင်းစားဖို့အရေး ပိုပြီး အာရုံစိုက်နိုင်ပါတယ်။ တစ်ခုသတိထားရမှာက မကောင်းသော အကျင့်စရိုက်၊ အယူအဆတွေဖြစ်နေရင်လည်း ဖြန့်ဝေဖို့ လွယ်ပါတယ်။ အဲဒါကြောင့် လူငယ်တွေ အတုယူမမှားဖို့တော့လိုပါတယ်။ ကောင်းသော အလုပ်မျိုးစုံကို စိတ်ရှိတိုင်း ကိုယ်ပါ လိုက်ပါကူညီလုပ်ဆောင်နိုင်ပါတယ်။
အဲဒါကြောင့် လူငယ်ဘဝမှာ ကိုယ့်ဘဝအတွက် ကောင်းမယ့်အရာတွေ၊ ပတ်ဝန်းကျင်ကို ဖြန့်ဝေပေးတာမျိုးပဲဖြစ်ဖြစ် စိတ်လွတ်ကိုယ်လွတ်လုပ်နိုင်သလို၊ ကိုယ်ဖြစ်ချင်တာတွေကိုလည်း စိတ်သွားတိုင်းကိုယ်ပါ လုပ်နိုင်ပါတယ်။ အဲဒါကြောင့် ငယ်တုန်းမှာ အတုယူမမှားစေဘဲ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက် စိတ်လွတ်ကိုယ်လွတ် လုပ်ဆောင်နိုင်သလို၊ ကိုယ်ဖြစ်ချင်တာတွေလည်း အလွတ်ကဲနိုင်ပါတယ်။ နောင်တစ်ချိန်မှ ဆိုရင်တော့ လွတ်လပ်မှုတွေ မရနိုင်တော့သလို လုပ်ချင်စိတ်သာရှိပြီး လူကမလိုက်နိုင်လို့နောင်တသာရနိုင်ပါလိမ့်မယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။