ကိုယ့်ဘဝအတွက် ရှေ့ဆက်လို့ မသင့်တော်တဲ့ ချစ်သူကို ဖြတ်ဖို့ခက်နေလား

တစ်ချို့လူတွေမှာ သူ့တို့ဘဝအတွက်ဘယ်လိုမှရှေ့ဆက်လက်တွဲလို့မဖြစ်နိုင်တဲ့ ချစ်သူမျိုးတွေရှိကြပါတယ်။ ဘဝအတွက် ဘယ်လိုမှ ညှိုနှိုင်းပြီးရှေ့ဆက်လို့မရမှန်းလဲ သိကြပေမယ့် ဘယ်လိုမှ မဖြတ်နိုင်ဘဲ စိတ်ပိုင်းမဖြတ်နိုင်တဲ့သူမျိုးတွေ တွေ့ဖူးပါတယ်။ အဲလိုဖြစ်နေတဲ့သူတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲဆိုတာလေးတွေးပြီး လက်တွဲဖြုတ်လိုက်ပါလို့ပဲ အကြံပေးချင်ပါတယ်နော်။ ဖြစ်လာနိုင်တာလေးတွေဖတ်ကြည့်ပြီး ဆင်ခြင်နိုင်ကြပါစေနော်။


၁) သေချာစဉ်းစားပါ။
ကိုယ်နဲ့သူကြားမှာ အချစ်တစ်ခုကလွဲပြီး ကျန်တာညှိုနှိုင်းလို့မရနိုင်တာသေချာပြီလား။ ဘဝအတွက် လျှောက်လှမ်းကြတဲ့အခါ အချစ်တစ်ခုတည်းလက်ကိုင်ပြုပြီး ရှေ့ဆက်လျှောက်လို့မရတာလည်း သေချာသလောက်ပါပဲ။ အချစ်ဆိုတာက သူ့အပေါ် ငြိုငြင်မှု၊ စိတ်ပျက်မှု၊ မလေးစားမှု၊ အထင်မကြီးမှုတွေ ရောထွေးလာတဲ့အခါ လေတိုက်ရင်လွှင့်သွားတဲ့ မြူမှုန်လေးတွေလိုဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် ညှိုနှိုင်းလို့ရမရ သေချာစဉ်းစားပြီး ရဲရဲဆုံးဖြတ်ချက်ချဖို့လိုပါတယ်။
၂) ဆုံးဖြတ်ချက်ကို ပြတ်သားစွာချပါ။
မိန်းကလေးဘက်ကပဲဖြစ်ဖြစ်၊ ယောကျာ်လေးဘက်ကပဲဖြစ်ဖြစ် တစ်ဘဝလုံးလက်တွဲသွားရမှာမို့ သေချာဆုံးဖြတ်တာအကောင်းဆုံးပါ။ ချစ်တာလေးတစ်ခုထဲကို ဆုပ်ကိုင်ပြီး သူနဲ့ကိုယ်ဘဝနှစ်ခုကို ပေါင်းစပ်ဖို့စဉ်းစားတာဟာ မိုက်မဲခြင်းပါပဲ။ စိတ်ကူးနဲ့ပေါင်းစပ်ကြည့်လိုက်ပါ၊ သာယာနိုင်ပါ့မလား၊ အတွေးအခေါ်တွေကို ညှိုယူနိုင်ပါ့မလား။ မဟုတ်ဘူးဆိုရင်တော့ ဆက်ပြီး လက်တွဲနေတာကို နှစ်ယောက်စလုံးအတွက် အချိန်တွေလည်း ကုန်သလို၊ ပိုပြီးလဲ နစ်မွန်းနိုင်ပါတယ်။ အဲဒါကြောင့် မဖြစ်နိုင်ရင် ပြတ်သားစွာဆုံးဖြတ်လိုက်တာအကောင်းဆုံးပါ။ မဖြစ်နိုင်မှန်းသိရက် ဆက်လက်တွဲပြီး နောက်ဆုံး လက်မထပ်ဖြစ်တဲ့အခြေအနေမျိုးကြုံလာလို့ လက်ထပ်လိုက်ပြီးမှ အဆင်မပြေတဲ့အိမ်ထောင်ရေးတွေအများကြီးတွေ့ဖူးပါတယ်။ အဲဒါကြောင့် ချစ်သူရည်းစားဘဝမှာ အကဲခတ်ပါ၊ ဆုံးဖြတ်စရာရှိတာ ရဲရဲဆုံးဖြတ်တာအကောင်းဆုံးပါ။
၃) ဘဝအတွက်အဟန့်အတားဖြစ်စေနိုင်ပါတယ်။
သူ့ဘဝအတွက် ကောင်းသောလမ်းကိုရွေးဖို့လိုသလို ကိုယ့်ဘဝအတွက်လည်း ကောင်းသောလမ်းကိုရွေးဖို့လိုပါတယ်။ ရှေ့ဆက်မရနိုင်မှန်းသိသိကြီးနဲ့ ဇာတ်မြောနေတာက သူ့ကိုထိခိုက်သလို ကိုယ့်ကိုလည်း ထိခိုက်ပါတယ်။ ကိုယ့်ဘဝအတွက် ကြိုးစားသင့်တာတွေ၊ စီစဉ်သင့်တာတွေကို မလုပ်နိုင်လောက်အောင် မှိုင်းမိနေသလို ခံစားနေရပါလိမ့်မယ်။ ကိုယ့်ရဲ့နေ့ရက်တွေက သူကိုတော့ချစ်ပေမယ့် ရှေ့ဆက်ဖို့ တိုင်ပင်ဆွေးနွေးလိုက်တိုင်း တိုက်ပွဲတစ်ခုဆင်နွှဲနေရတာနဲ့တင် ကိုယ့်မှာ အပူတိုးလာတာပဲအဖတ်တင်မှာပါ။
၄) ဆိုးကျိုးတွေများပါတယ်။
သူနဲ့ကိုယ် လက်တွဲတဲ့အခါ ဖြစ်လာမယ့်ဆိုးကျိုးတွေကို ကြိုတွေးပါ။ ကြိုတွေးပြီး ကိုယ့်ဘဝကိုယ်အနစ်မခံဖို့ ချက်ချင်းဆုံးဖြတ်ပါ။ အသည်းကွဲတယ်ဆိုတာ အချိန်တန်ပြေပျောက်သွားတာပါပဲ….အရင့်အရင်ချစ်သူတွေတုန်းကလဲ အသည်းအသန်ခံစားလိုက်၊ ကြေကွဲလိုက်နဲ့ အချိန်တန်တော့လည်း ပြီးသွားတာပဲမဟုတ်လား။ အခုက သွေးပူနေတုန်းမို့လို့ပါလို့ တွေးပါ။ အသည်းကွဲတာအချိန်က ကုစားလိမ့်မယ်။ ဘဝအတွက် တိုးတက်သင့်သလောက်မတိုးတက်ပဲ တစ်နေတာက သင့်ဘဝကို နောက်ကျစေပါတယ်။ ဘာနဲ့မှပြန်ကုစားလို့မရပါဘူး။ အဲဒါကို အခါခါတွေးပါ။
၅) လက်ထပ်ပြီးမှ နောင်တရခြင်းက ဆိုးရွားစေပါတယ်။
အချစ်ကြောင့် အရာရာကို မျက်လုံးမှိတ်ပြီး လက်ထပ်လိုက်ပြီဆိုပါစို့။ အချိန်တစ်ခုထိပဲ သာယာနိုင်မှာပါ။
ဥပမာ၊ သူ့ရဲ့မိသားစုအသိုင်းအဝန်းက ကိုယ့်ရဲ့စရိုက်နဲ့လုံးဝမအပ်စပ်ဘူးဆိုပါတော့။ လက်ထပ်ပြီးတဲ့အခါ ဘယ်လိုဖြစ်ဖြစ် သင်လက်မခံနိုင်တဲ့သူရဲ့မိသားစုနဲ့ သင်ပတ်သက်ကိုပတ်သက်ရမှာပါပဲ။ ကင်းကင်းနေမှာပါလို့ ပြောနိုင်ပေမယ့် အချိန်တန်သူ့မိသားစုရဲ့အပြောတွေ၊ ဝင်စွက်ဖက်မှုတွေကို ခံလာရတဲ့အခါမှာ သင်ပဲအာရုံနောက်လာရမှာပါ။ အဲဒီ့အချိန်ကျမှ သင်က ပိုက်ထားလို့မရ၊ အန်ထုတ်လို့မရတဲ့အခြေအနေတွေကြုံလာနိုင်ပါတယ်။ လောကမှာ မချစ်သင့်သူကို မချစ်တတ်ခြင်းကလဲ ဘဝအတွက်အရေးကြီပါတယ်နော်။ ဥပမာ။ သင့်ချစ်သူက သင့်ကိုတော့ချစ်ပါရဲ့။ သူ့ဘဝမှာ ဘာကိုမှ အောင်မြင်ဖြစ်မြောက်အောင်မလုပ်ချင်သူဆိုပါတော့။ သင်က လက်ထပ်ပြီးတဲ့နောက်မှာ သူ့ကိုမကြိုးစားချင်ရကောင်းလားလို့ အားမရဖြစ်လာတယ်ဆို သင်ဘယ်လိုလုပ်မလဲ။ သူ့ကိုသင်ပြုပြင်ယူမယ်လို့များမတွေးလိုက်လေနဲ့။ ကိုယ်တိုင်ပြုပြင်ယူချင်စိတ်မရှိသူကို ဘယ်သူကမှ ဝင်ပြီး ပြုပြင်ပေးလို့မရပါဘူးနော်။ အဲဒါကြောင့် လက်ထပ်ပြီးမှ နောင်တမရစေဖို့ မြန်မြန်စိတ်ဖြတ်လိုက်တာက သင့်အတွက်ပိုကောင်းပါတယ်။ အဲဒီ့ထက်ဆိုးရွားစေတာက သားသမီးရလာရင် ပြုပြင်မှာပဲလို့တွေးတာပါ။ ပိုဆိုးစေပါတယ်နော်။ သားသမီးရလာတဲ့အခါ သားသမီးမျက်နှာကြောင့် တစ်ဘဝလုံး ကိုယ်စိတ်ပျက်နေတဲ့သူကိုပဲ လက်တွဲနေရတဲ့ဘဝက လုံးဝအဆင်ပြေတဲ့အိမ်ထောင်ရေးမဖြစ်နိုင်ပါဘူး။ အဆင်မပြေတဲ့အိမ်ထောင်ရေးဖြစ်လာမှ မိသားစုပြိုကွဲရတဲ့အဖြစ်မျိုးဖြစ်လာရင် သားသမီးတွေပဲ နစ်နာရမှာပါ။
လူအမျိုးမျိုးကွဲပြားသလို နောက်ထပ်သောဆိုးကျိုးတွေလည်း မတူကွဲပြားစွာရှိအုံးမှာပါပဲနော်။ သေချာတာကတော့ ဆိုးကျိုးသာများတယ်ဆိုတာပါပဲ။ အဲဒါကြောင့် ကိုယ့်ဘဝအတွက်ရှေ့ဆက်လို့မဖြစ်နိုင်တဲ့သူကို လက်တွဲဖြုတ်လိုက်တာကသာ ကိုယ့်ဘဝအတွက်အကောင်းဆုံးပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။