ကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ယေဘုယျအပြုအမူပြဿနာများနဲ့ ဖြေရှင်းနည်းများ (၂)

သင့်မှာ အငြင်းသန်ပြီး၊ ခေါင်းမာတတ်တဲ့ကလေးမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဘယ်လိုဖြေရှင်းမလဲ။ ထိုအပြုအမူမျိုးက ကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ယေဘုယျအပြုအမူပြဿနာမျိုးပဲဖြစ်ပါတယ်။ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အပြုအမူဆိုင်ရာပြဿနာတွေနဲ့ ထိုပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ချို့ကိုသိထားခြင်းက ဖြေရှင်းနိုင်လွယ်စေပါတယ်။ ကလေးတွေမှာ အများအားဖြင့် အတွေ့များတဲ့ အပြုအမူဆိုင်ရာပြဿနာတွေကတော့ လိမ်ညာတတ်ခြင်း၊ ပြန်ပြောခြင်း၊ screen ကြည့်ချိန်များခြင်း၊ အစားအစာစားခြင်းဆိုင်ရာပြဿနာများ၊ မလေးမစားလုပ်ခြင်း၊ အော်ငိုခြင်း၊ ပြောစကားနားမထောင်ခြင်း၊ ကြမ်းတမ်းရိုင်းစိုင်းခြင်း၊ အိပ်စက်ချိန်နဲ့ပတ်သက်ပြီး ခက်ခဲခြင်း စတဲ့ပြဿနာမျိုးတွေရှိနိုင်ပါတယ်။


၆) အော်ငိုခြင်း
လိုချင်တာမရတဲ့အခါ အသံဗြဲကြီးနဲ့အော်ငိုတတ်ခြင်းက မကောင်းတဲ့အကျင့်တစ်ခုဖြစ်ပါတယ်။ မိဘတွေက ထိုကဲ့သို့အော်ငိုမှာစိုးတာကြောင့် အလိုလိုက်မိတဲ့အခါ ကလေးရဲ့ထိုအကျင့်ဆိုးက ပိုပြီးစွဲလမ်းသွားတတ်ပါတယ်။ လိုချင်တာရှိရင် အရင်ဆုံးအော်ငိုပစ်လိုက်ရင်ရတယ်လို့ ကလေးစိတ်ထဲမှာ စွဲသွားတာကြောင့်ပါ။ အဲဒါကြောင့် ထိုအကျင့်မစွဲလမ်းခင် ပြုပြင်သင့်ပါတယ်။
ပထမဆုံး သင့်ကလေးက အဲလိုပြုမူတဲ့အခါ သင်လျစ်လျူရှုသင့်ပါတယ်။ ငိုယိုပြီး ဂျီကျတောင်းဆိုခြင်းက သင့်အတွက်ဘာမှထိရောက်မှုမရှိမှန်း ကလေးသိအောင် ပြရမှာဖြစ်ပါတယ်။ ကလေးငိုလို့ပြီးပြီဆိုမှ သင်က အကောင်းဘက်က ဂရုစိုက်မှုမျိုးကို ပြသရပါမယ်။ ထိုအချိန်မှာ ပြောပြရမှာက အော်ဟစ်ငိုယိုခြင်းက မကောင်းဘူး၊ အဲဒါအပြင်အဲလိုအော်ဟစ်ငိုယိုနေလို့ ကလေးလိုချင်တာ မရနိုင်ဘူး၊ အဲလိုအပြုအမူမျိုးကို လက်မခံတဲ့အတွက် အလိုလိုက်မှာမဟုတ်ဘူးလို့ ကလေးနားလည်အောင်ပြောပြရမှာပါ။ တစ်ခါနဲ့အဆင်မပြေသေးဘဲ ထိုအကျင့်တိုင်း ကလေးကလုပ်တိုင်း သင်ကလည်း အဲလိုပြုမူနေရမှာဖြစ်ပါတယ်။ အခါများလာတဲ့အခါ ကလေးရဲ့စိတ်ထဲမှာ လိုချင်တာကိုရဖို့အော်ဟစ်ငိုယိုခြင်းက မထိရောက်ဘူးဆိုတာကို သိသွားပါလိမ့်မယ်။ အဲဒါအပြင့် အဲလိုအော်ဟစ်ငိုယိုတဲ့အတွက် “သားက အဲလိုမျိုး လိုချင်တာမရလို့ အော်ဟစ်ငိုယိုနေမယ်ဆိုရင်တော့ ဝမ်းနည်းပါတယ်၊ မေမေကစားကွင်းလိုက်မပို့နိုင်တော့ဘူး” အဲလိုမျိုးပြောပြီး လိုချင်တာမရတိုင်းအော်ငိုခြင်းကို လက်မခံကြောင်းပြသင့်ပါတယ်။
၇) ကြမ်းတမ်းရိုင်းစိုင်းခြင်း
ငယ်ရွယ်တဲ့ကလေးတွေက ရုပ်ပိုင်းဆိုင်ရာအရ ကြမ်းတမ်းတဲ့အပြုအမူတွေကိုပါ ပြုလုပ်တတ်ကြပါတယ်။ ၄နှစ်နဲ့အထက် ကလေးတွေဆိုရင် စကားအပြောအဆို ရိုင်းခြင်း၊ အခြားသူကို ကြမ်းတမ်းစွာပြုမူခြင်း ၊ အခြားသူများရဲ့ခံစားချက်ကို အလေးမထားခြင်းတို့ ပြုလုပ်တတ်လာကြပါတယ်။ အဲဒါမျိုးမှာတော့ သင့်ကလေးကို သူတို့ရဲ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ သင်ပေးရမှာဖြစ်ပါတယ်။ သင့်ကလေးကို ကိုယ့်ကိုကိုယ်ထိန်းချုပ်တတ်ဖို့ သင်ပေးသင့်တဲ့အရာတွေကတော့ အများကြီးပဲဖြစ်ပါတယ်။ အရိုးရှင်းဆုံးနည်းလမ်းကတော့ ကလေးကို တစ်ခုခုမပြုမူခင်၊ မပြောခင်မှာ အကျိုးဆက်ကို တွေးဖို့ သင်ပေးရပါမယ်။ ဥပမာ “သားစိတ်တိုနေပေမယ့် သားစိတ်ကိုထိန်းပြီး ပြောလိုက်နိုင်တာ အရမ်းတော်တာပဲ” ဒါမှမဟုတ်ရင် “သားစိတ်တိုနေတဲ့အခါ အပြင်ထွက်ပြီး ခဏတဖြုတ်လမ်းလျှောက်ထွက်လိုက်တာက သားစိတ်ပြေသွားနိုင်တယ်” လို့ သင်ပေးတာမျိုးပေါ့။ ဒေါသကိုထိန်းချုပ်နိုင်တဲ့နည်းလမ်းနဲ့ မိမိကိုယ်ကိုစည်းကမ်းသတ်မှတ်ပြီး လိုက်နာတတ်အောင် သင်ပေးပါ။ ကလေးက သူ့ရဲ့ခံစားချက်ကို ထိန်းချုပ်နိုင်လာတဲ့အခါ သူ့ရဲ့အပြုအမူကိုလည်း ထိန်းချုပ်နိုင်လာပါတယ်။
၈) အိပ်စက်ချိန်ခက်ခဲခြင်းပြဿနာ
ကလေးက အိပ်ချိန်ရောက်တာတောင်မှ မအိပ်ချင်သေးတာမျိုး ဒါမှမဟုတ် အိပ်ရာဝင်ဖို့ ငြင်းဆန်တာမျိုးက ပုံမှန်ပြဿနာပါပဲ။ အဲဒါကို သင်က မှန်ကန်စွာပြုပြင်ပေးဖို့လိုပါတယ်။ အဲလိုမှမဟုတ်ဘဲ လျစ်လျူရှုထားမိရင်တော့ အိပ်ရေးမဝခြင်းက ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ အပြုအမူပိုင်းဆိုင်ရာတွေမှာ ပြဿနာပိုရှိလာနိုင်ပါတယ်။
အဲဒါကြောင့် ကလေးကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့အိပ်စက်ချိန် ဇယားမျိုးသတ်မှတ်ပေးထားသင့်ပါတယ်။ အဓိကက ကလေးကိုကျန်းမာရေးနဲ့ကိုက်ညီတဲ့အိပ်ချိန်သတ်မှတ်ပေးထားပြီး ကလေးအိပ်ပျော်နိုင်စေဖို့ သင်ကကူညီပေးရမှာပါ။ ပုံမှန်အိပ်ချိန်၊ အိပ်ရာထချိန်သတ်မှတ်ပေးထားပါ။ အကျင့်ဖြစ်သွားရင်အဆင်ပြေသွားပါတယ်။ အိပ်မရခြင်းကို ဘာကြောင့်လဲဆိုတာ ကလေးနဲ့ဆွေးနွေးပါ။ဥပမာ၊ နှာစေး၊ နှာပိတ်နေတာကြောင့်လား၊ ဘာကြောင့်လဲ။ အိပ်ရာပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်ပြီး မီးမှိန်မှိန်လေးသာဖွင့်ထားပါ။ မအိပ်ခင် ၂နာရီနဲ့ ၃နာရီကြားတွင် အိပ်ပျော်ခြင်းကိုအားပေးတဲ့အစားအစာတွေကျွေးပေးပါ။ဥပမာ။ ဗံဒါစေ့၊ ငှက်ပျော်သီး၊ နွားနို့စသည်ဖြင့်။
၉)စိတ်လိုက်မာန်ပါလုပ်ခြင်း
သင့်ကလေးက သင်္ချာအိမ်စာတွက်နေရင်း စိတ်ရှုပ်လာတဲ့အခါ အိမ်စာစာအုပ်ကို လွှင့်ပစ်လိုက်တာမျိုး လုပ်နေတယ်ဆိုရင် စိတ်ထင်ရာလုပ်တတ်တဲ့ပြဿနာဖြစ်ပါတယ်။ကလေးတွေက သူတို့ရဲ့ခံစားချက်ကို ဘယ်လိုကိုင်တွယ်ထိန်းချုပ်ရမလဲ မသိတဲ့အတွက်ဖြစ်ပါတယ်။ အပြည်စုံဆုံးဖြစ်ချင်တဲ့စိတ်က မဖြစ်လာတဲ့အခါ ထိုအရာကိုသူတို့ပေါက်ကွဲလာတတ်ပါတယ်။ ထိုကဲ့သို့ စိတ်လိုက်မာန်ပါလုပ်တတ်ခြင်းက မူကြိုတက်စအရွယ်တွေမှာအဖြစ်များပါတယ်။ အခြားအတတ်ပညာအသစ်တွေ သင်ယူရတဲ့အခါမှာတော့ ထိုအကျင့်လျော့နည်းလာပါတယ်။
တကယ်လို့ ကလေးကအခြားသူတစ်ယောက်ယောက်ကို နာကျင်အောင်လုပ်မိတယ်ဆိုရင် သင်ကချက်ချင်း ကူညီပြီး ဖြေရှင်းပေးသင့်ပါတယ်။ ကလေးရဲ့အသက်အရွယ်အလိုက် ထိုအကျင့်ကပျောက်သွားတတ်ပါတယ်။ တကယ်လို့မပျောက်သွားခဲ့ဘူး စိတ်ထင်ရာ စိတ်လိုက်မာန်ပါလိုက်လုပ်နေတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ပြသင့်ပါတယ်။
၁၀) ဂျီကျသောင်းကျန်းခြင်း
ဂျီကျသောင်းကျန်းခြင်းကို မူကြိုအရွယ်နဲ့ ၂နှစ်ကျော်အရွယ်လေးတွေမှာတွေ့ရတတ်ပါတယ်။ ပုံမှန်ပြဿနာပဲဖြစ်ပြီး အသက်အရွယ်ရလာတဲ့အခါ သူ့ဟာသူပြောင်းလဲသွားပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လျစ်လျူရှုထားခြင်းပဲဖြစ်ပါတယ်။ အဲဒါမှသာ ဂျီကျသောင်းကျန်းခြင်းက မထိရောက်ကြောင်း ကလေးက နားလည်လာမှာပါ။ ဖြစ်ချင်တာ ၊ လုပ်ချင်တာ၊ တခုခုမရရင် လူးလိမ့်ပြီး ကြမ်းပြင်မှာ ငိုတာ၊ သောင်းကျန်းတာမျိုးလုပ်တတ်ပါတယ်။ သူတို့လိုချင်တာကို တောင်းဆိုဖို့ ဒီထက်ပိုကောင်းတဲ့နည်းလမ်းရှိကြောင်း သင်ပြပေးရမှာဖြစ်ပါတယ်။
ကလေးတွေရဲ့ အပြုအမူပြဿနာတွေက ကလေးတွေကိုယ့်ကိုကိုယ်ထိန်းချုပ်တတ်လာစေဖို့ သင်ပြပေးဖို့ အချိန်ကျပြီလို့ ပြောပြနေတာဖြစ်ပါတယ်။ ကလေးက ထိုအပြုအမူတွေပြုလုပ်တဲ့အခါ သင်ကစိတ်လိုက်မာန်ပါ ရိုက်နှက်ဆုံးမမယ့်အစား “ဒါက ကလေးရဲ့ပုံမှန်ဖွံ့ဖြိုးမှု ပြဿနာလေးတွေပဲဖြစ်တယ်” လို့ သင့်စိတ်ထဲမှာမှတ်ယူထားပါ။ ကလေးငယ်ဘဝက ပြောတဲ့အသုံးအနှုန်းစကားတွေက ကလေးရဲ့အသက် ၈နှစ်လောက်မှာစပြီး ပြောင်းလဲလာပါတယ်။
ဒါပေမယ့် သင့်ကလေးရဲ့အပြုအမူတွေက တိုးတက်မလာဘူး၊ သင့်ရဲ့စည်းကမ်းတွေက ထိုယေဘူယျပြဿနာတွေအပေါ်သက်ရောက်မှုမရှိဘူး၊ ကလေးရဲ့အပြုအမူတွေက ကလေးရဲ့ပညာရေးကိုပါအနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ကိုတိုင်ပင်သင့်ပါတယ်။
https://www.verywellfamily.com/common-child-behavior-problems-and-their-solutions-1094944

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။