ခရီးသွားတုန်း ဘာပညာတွေ သင်ယူကြမလဲ။

ခရီးသွားခြင်းက လူရောစိတ်ပါ လန်းဆန်းစေနိုင်သလို အခြားသောကောင်းကျိုးတွေလည်း အများကြီး ရနိုင်ပါတယ်။ အဲဒါအပြင် ခရီးသွားခြင်းကြောင့်ယူတတ်မယ်ဆိုရင် ဘဝသင်ခန်းစာတွေလည်း အများကြီး ရနိုင်ပါသေးတယ်။ ခရီးသွားခြင်းကြောင့် သင်ယူနိုင်တဲ့အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ဒေသန္တရ ဗဟုသုတရခြင်း
ကိုယ်ရောက်ရှိနေတဲ့ဒေသရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစစကို မြင်တွေ့နိုင်တဲ့အတွက် အသိပညာအသစ်တွေရရှိနိုင်ပါတယ်။

၂) သမိုင်းကြောင်းတွေကိုလည်း ပြန်လည်သိရှိနိုင်ခြင်း
သမိုင်းကြောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရှိတဲ့ နေရာမျိုးကို သွားလာခြင်းကြောင့် သမိုင်းဝင်အချက်အလက်တွေ ပြန်လည်မှတ်မိလာနိုင်သလို၊ မသိရသေးရင်လည်း မှတ်သားသိရှိနိုင်ပါတယ်။ ဗဟုသုတအသစ်တွေ တိုးပွားစေနိုင်ပါတယ်

၃) အမြင်သစ်၊ အတွေးသစ်တွေ ရရှိနိုင်ခြင်း
ခရီးမထွက်ခင်က အလုပ်ပုံကြားမှာ ပိတ်မိနေတာမျိုး၊ အိမ်ကိစ္စ၊ လူမှုရေးကိစ္စ၊ ငွေကြေးအပူအပင်တွေကြောင့် ဦးနှောက်တွေ လေးလံထိုင်းမှိုင်းနေနိုင်ပါတယ်။ အကြံသစ်တွေလည်း ထွက်ပေါ်လာနိုင်မှာမဟုတ်ပါဘူး။ အဲလိုအခြေအနေမျိုးမှာ ခရီးထွက်လိုက်ခြင်းကြောင့် ပိတ်ဆို့နေတဲ့အကြံဉာဏ်တွေ ပွင့်လာသလို ခံစားရပါလိမ့်မယ်။ သင့်ကိုသင် စိတ်ဖိစီးမှုတွေကြောင့် ယုံကြည်မှုပျောက်ဆုံးနေမယ်ဆိုရင် ပတ်ဝန်းကျင်အသစ်ကြောင့် စိတ်သစ်လူသစ်နဲ့တောင် ပြန်လည်လန်းဆန်းနိုင်လာပါတယ်။ အကြံသစ်တွေလည်း ပြန်လည်ပေါ်ပေါက်လာနိုင်လို့ သင့်အတွက် အကျိုးထူးစေမှာပါ။

၄) သာသာစကားအသစ်တွေ သင်ယူသိရှိနိုင်ခြင်း
မတူညီတဲ့ နေရာဒေသရဲ့ ပတ်ဝန်းကျင်မှာ တွေ့ရသမျှ သင့်အတွက် အထူးအဆန်းတွေဖြစ်နေမှာဖြစ်သလို၊ ထိုဒေသက ဘာသာစကားမျိုးကလည်း သင့်အတွက် သင်ယူစရာတစ်ခုဖြစ်နေမှာပါ။ ထမင်းစားရေသောက်လောက် လိုက်ပြောတတ်အောင် သင်ယူရာကနေ သင့်အတွက် စိတ်ဝင်စားစရာကောင်းစေပါတယ်။ ဘာပဲပြောပြော ဘာသာစကားအသစ်ကို သင်ယူခြင်းကြောင့် ဘာသာစကားတစ်မျိုးထပ်တိုးပြီး တတ်မြောက်နိုင်သလို၊ သင့်ရဲ့ဦးနှောက်က မှတ်ဉာဏ်လည်း တိုးစေမှာပါ။

၅) လူမှုဆက်ဆံရေး အဆင်ပြေအောင် ပေါင်းသင်းတတ်လာခြင်း
နေရာအသစ်မှာ လူအသစ်တွေ အဆင်ပြေအောင် ပေါင်းသင်းတတ်ခြင်းကလည်း ပညာတစ်မျိုးပါပဲ။ ဘယ်နေရာရောက်ရောက် လူတိုင်းနဲ့အဆင်ပြေတော့ မိတ်ဆွေအသစ်တွေတောင် တိုးပွားလာနိုင်ပါသေးတယ်။ ကိုယ်ရောက်နေတဲ့ဒေသက လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်သွားပါလိမ့်မယ်။

၆) လူမှုဘ၀ အတွေ့အကြုံအသစ်ရခြင်း
ကိုယ်သွားရောက်လည်ပတ်တဲ့နေရာရဲ့ လူနေမှုအဆင့်အတန်းကနေ ဘဝအတွက် ပညာတွေ သင်ယူနိုင်ပါတယ်။ သင်ခန်းစာတွေ ရနိုင်ပါတယ်။ ဘဝရဲ့အခက်အခဲကို ရင်ဆိုင်နေကြပုံတွေ၊ ဘဝကို အရှုံးမပေးပုံတွေ၊ ဘဝမှာ လွယ်လွယ်နဲ့လဲပြိုသွားသူတွေ စသည်ဖြင့် ဘဝသင်ခန်းစာတွေ မျိုးစုံယူတတ်ရင် ရနိုင်ပါတယ်။ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ ဘဝကို ပိုပြီး တန်ဖိုးထားတတ်လာမှာပါ။

၇) မတူညီသော ရှုထောင့်များဘက်မှ ဖြည့်တွေးပေးတတ်လာခြင်း
ဘဝအစုံကို မြင်ရတွေ့ရ သင်ခန်းစာရတဲ့အခါ သူ့ဘက် ကိုယ့်ဘက် မျှတွေးတတ်တဲ့အကျင့်လေးဖြစ်လာပါတယ်။ အဲဒါက ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ပညာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်နေချိန်က သူများအတွက် မတွေးပေးမိတာလေးတွေကိုလည်း ပြန်မြင်လာမှာပါ။

၈) ဖန်တီးနိုင်စွမ်းမြင့်မားလာခြင်း
နေရာအသစ်မှာ လန်းဆန်းမှု၊ တက်ကြွမှုတွေကြောင့် ကိုယ်စိတ်နှစ်ပါး လန်းဆန်းတက်ကြွလာနိုင်မှာပါ။ အဲဒါကြောင့် အသစ်တွေ တွေးတော၊ ဖန်တီးနိုင်စွမ်း မြင့်မားလာပါတယ်။

၉) ကိုယ့်အားကိုယ်ကိုးတတ်လာခြင်း
တစ်ယောက်တည်းခရီးထွက်ခြင်းက ဘယ်အရာမဆို သင့်ကိုယ်တိုင်ပြုလုပ်ရခြင်းကြောင့် သင့်ကိုသင်ပိုပြီး ရဲဝင့်လာသလို ခံစားရစေနိုင်ပါတယ်။ ပိုပြီးရဲဝင့်လာခြင်းကြောင့် ကိုယ့်ကိုကိုယ်လည်း ပိုပြီး ယုံကြည်မှုတိုးနိုင်တာပေါ့။ အထူးသဖြင့် ကိုယ့်အားကိုယ်ကိုးတတ်ခြင်းက အမြတ်ပါပဲ။

၁၀) ကျန်းမာဖို့ သင်ယူနိုင်လာခြင်း
ခရီးသွားခြင်းက ကိုယ်ရောစိတ်ပါ ကျန်းမာစေနိုင်သလို၊ မိမိကိုယ်ကို ကျန်းမာရေး ကောင်းမွန်အောင် ဂရုစိုက်သင့်တယ်ဆိုတာကို သတိပေးပြီးသားဖြစ်သွားစေပါတယ်။ ဘာလို့လည်း ဆိုတော့ ခရီးသွားခြင်းကို နှစ်ခြိုက်လာတဲ့အခါ နောက်ထပ်ခရီးတွေ အများကြီးသွားနိုင်ဖို့ အတွက် ကိုယ့်ကိုကိုယ် ကျန်းမာရေးဂရုစိုက်သင့်ကြောင့် သိလာပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွှတ်အောင် ဂရုစိုက်နေထိုင်တတ်လာပါတယ်။ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ သင်ယူလေ့လာစရာတွေကို အထူးသတိထားပြီး လေ့လာသင်ယူမိလာပါတယ်။

ခရီးသွားခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးတွေ အများကြီးကျန်ပါသေးတယ်။ သင်ယူနိုင်တဲ့ပညာတွေကလည်း ကိုယ်တိုင်ခရီးသွားကြည့်လိုက်မှ ပိုပြီး သိမှတ်စရာများမှန်း ပိုသိလာရမှာပါ။ အဲဒါကြောင့် စိတ်ပူပန်မှုတွေ၊ အလုပ်တာဝန်တွေဖိစီးမှုတွေကြားကနေ ခဏတစ်ဖြုတ်တော့ ခရီးထွက်ဖို့ ကြိုးစားကြည့်လိုက်ကြပါအုံး။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။