ဘာကြောင့် ဘဝမှာ သင်မပျော်တာလဲ။

ဒီခေါင်းစဉ်လေးက တိုပါတယ်။ ဒါပေမယ့် မပျော်ရွှင်ရတဲ့အကြောင်းအရာတွေကတော့ အများကြီးပဲ ရှိနေနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ဘဝကြီးက အဓိပါ္ပယ်မရှိဘူးလို့ ခံစားရာကနေ စတာပါပဲ။ အခိုက်အတန့် ကိစ္စလေးတစ်ခုခုကြောင့် မပျော်ရွှင်ဘူးဆိုတာက ခဏတစ်ဖြုတ် ဒါမှမဟုတ် အချိန်တစ်ခုအရောက်မှာ ပြောင်းလဲသွားနိုင်ပါတယ်။ ဘဝတစ်ခုလုံးက အဓိပ္ပါယ်မရှိသလိုခံစားနေရပြီး မပျော်တာကတော့ သင့်ရဲ့ဘဝတစ်ခုလုံးနဲ့သက်ဆိုင်ပြီး ဘဝတစ်ခုလုံး ပျင်းခြောက်နေတဲ့သစ်ပင်တစ်ပင်လိုခံစားနေရတာကတော့ ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ မပျော်ရွှင်ခြင်းပါပဲ။ အဲဒါဆိုရင် ဘာလုပ်သင့်ပါသလဲ။ ဒါပေမယ့် သင့်ဘဝကြီးတစ်ခုလုံးက မနက်နေမထွက်ခင်အလုပ်သွားတယ်၊ ရသမျှလစာ အကုန်သုံးလိုက်တယ်၊ နောက်နေ့စားဖို့ အလုပ်ထပ်လုပ်တယ်၊ အလုပ်ကပြန်လာတော့ တီဗွီကြည့်လိုက်၊ အိပ်လိုက်၊ စားလိုက်၊ မနက်အလုပ်ပြန်သွားလိုက် စသဖြင့် ပုံမှန် သံပတ်ပေးထားတဲ့အရုပ်တစ်ခုလို ဘဝကြီးက လည်ပတ်နေတယ်လို့ ခံစားဖူးပါသလား။


အက်မင်ကတော့ ခံစားဖူးပါတယ်။ စာဖတ်သူတို့ကော ထိုကဲ့သို ခံစားဖူးပါသလား။ အဲလိုမျိုး ခံစားချက်ကို ခံစားရတဲ့အခါ ကိုယ့်ကိုကိုယ်ပြန်တွေးကြည့်လိုက်တဲ့မိပါတယ်။ ဘာလုပ်သင့်သလဲ….ဒီလိုပဲ ဆက်နေသွားမှာလား၊ ထမင်းစားဖို့၊ သောက်ဖို့ ၊ ရသမျှ ဖြုန်းတီးပစ်ဖို့၊ လုပ်ချင်တာတွေ လုပ်ပစ်လိုက်ဖို့ ငွေကို အသည်းအသန်ကြီးရှာနေတာက အဓိပါ္ပယ်ရှိရဲ့လား။ ကိုယ့်ကိုကိုယ်မေးမိတဲ့အခါ အဖြေက တော်တော်ကြောက်စရာကောင်းပါတယ်။ အဲလိုမှ မနေရင် ဘယ်လိုနေသင့်သလဲ…ဆိုပြီး ကိုယ့်ကိုကိုယ်ထပ်မေးကြည့်ပြန်ပါတယ်။ အဲလိုပဲဆက်နေရင် ကြာလာရင် တန်ဖိုးရှိလှ၊ ရခဲလှပါတယ်ဆိုတဲ့ ကိုယ့်ဘဝကြီးကိုတောင် သေဆုံးပစ်လိုက်ဖို့ ဝန်လေးတော့မှာမဟုတ်ပါဘူးနော်။
အဲဒီ့တော့ ဘဝက အဓိပ္ပါယ်မရှိဘူးလို့ ခံစားရလို့ ဘဝမှာ မပျော်တာကိုသိလာမိပါတယ်။ အဲဒါဆို ဘယ်လိုပျော်အောင်လုပ်သင့်သလဲ။ ဘဝက အဓိပ္ပါယ်ရှိတယ်လို့ ခံစားရအောင် လုပ်ရမှာပေါ့။ သင်ရှင်သန်နေရတဲ့ဘဝက အဓိပ္ပါယ်အရမ်းရှိနေတယ်ဆိုရင် ခုပဲ….သေလို့ရပါပြီလို့ ယမမင်းကလာခေါ်တောင် သင်လိုက်ချင်မှာ မဟုတ်ပါဘူး။ အဲဒီ့တော့ အဖြေထွက်လာပြီ။ ဘဝကို အဓိပ္ပါယ်ရှိစွာ ရှင်သန်ကြရအောင်။ ဘယ်လိုအဓိပ္ပါယ်ရှိစွာရှင်သန်မလဲဆိုတာ ထပ်တွေးရပြန်ပါတယ်။ သင့်ကိုသင်ပြန်မေးရမှာပါ….ဘယ်အရာတွေက သင့်ကို ပီတိဖြစ်စေသလဲ၊ ဘယ်အရာတွေကို သင့်ကို အဓိပ္ပါယ်ရှိတယ်လို့ ခံစားရစေသလဲ။ (အရက်သောက်လိုက်ရင် အရမ်းစည်းစိမ်ရှိတယ်၊ ခံစားရတဲ့ feeling ကမိုက်တယ် လို့တော့ မပြောပါနဲ့နော်။ အဲဒါက ဘဝရဲ့အဓိပါ္ပယ်မဟုတ်ပါဘူး။ အဲဒါက တခဏသာယာခြင်းပါ။ ရေရှည်မှာ ဘဝကို တတိတိတိုက်စားမယ့်အက်ဆစ်ပါ။ အဲဒါက ပျော်စရာမဟုတ်ပါဘူး) ခုပြောတာက ဘဝမှာ သင့်ကိုသင်လည်း အဓိပ္ပါယ်ရှိတယ်လို့ ခံစားရမယ်၊ အခြားသူများလည်း သင့်ကြောင့်အကျိုးရှိသွားမယ်၊ အခြားသူများလည်း သင့်ကြောင့် မပြည့်စုံတာ ပြည့်စုံသွားမယ်၊ ဒါမှမဟုတ် အခြားသူများလည်း သင့်ကြောင့် ကောင်းတာတစ်ခုခုရသွားမယ်ဆိုရင် ဘဝက ရှင်သန်ရတာ အဓိပ္ပါယ်ရှိလာတာပါပဲ။ တန်ဖိုးတွေအများကြီး ပေးပြီး လဲယူစရာမလိုပါဘူး။ သင်ကိုယ်တိုင်လုပ်ယူမှရတာမျိုးပါ။
ရှင်းရှင်းလေးပါ ဘဝက အဓိပါ္ပယ်မရှိဘူးလို့ ခံစားရကတည်းက အဓိပါ္ပယ်မရှိဘူးထင်တာတွေ အကုန်မလုပ်တော့တာအကောင်းဆုံးပါ။ ဘဝကို တတိတိတိုက်စားမယ့် မကောင်းသော အရာတွေနဲ့ ဘဝကို ပျော်ရွှင်အောင် လုပ်ပါလို့လည်း တိုက်တွန်းတာမဟုတ်ပါဘူးနော်။ ကိုယ့်သက်တမ်းတစ်လျှောက်မှာ ဖြစ်သင့်တာတွေဦးစားပေးသင့်သလောက်ပေးခဲ့ပြီးပြီဆိုရင် ဖြစ်ချင်တာတွေကိုခုကစပြီးလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့။ အဲဒါက သင့်ဘဝကို ပြန်စိုပြေလာစေနိုင်ပါတယ်။ သင်က ပန်းချီတွေ ဆွဲချင်၊ သင်က ခရီးတွေထွက်ပြီး သဘာဝအလှအပကို ခံစားချင်တယ်၊ သင်က စာတွေရေးချင်တယ်၊ သင်က သီချင်းတွေဆိုချင်တယ်၊ စသည်ဖြင့် သင့်အတွက်နဲ့ သင့်ဘဝတစ်သားတည်းဖြစ်နေမယ့်အလုပ်မျိုးတွေ လုပ်ပါ။ အဲဒီ့တော့ သင့်အတွက် ရည်မှန်းချက်အသစ်တွေ ချမှတ်ပါ။ သင်တကယ်ဖြစ်ချင်တာမျိုးတွေပေါ့။ သင်က စာရင်းကိုင်မှာ ဆရာတစ်ဆူဖြစ်ချင်တယ်၊ ခုရည်မှန်းချက်ချ… အစီအစဉ်တွေဆွဲ။ တကယ်ဖြစ်အောင်လုပ်။ ထိုရည်မှန်းချက်လေး တဖြေးဖြေး အရိပ်အယောင်ပေါ်လာလေလေ သင်ပျော်လာလေလေဖြစ်မှာပါ။
အဲလိုပဲ သင်က စာတွေရေးချင်တယ်။ ခုပဲ ရေးမယ်၊ မရေးတတ်ဘူးဆိုရင် တခြားဆရာကြီးတွေ ဘယ်လိုရေးလဲ….လေ့လာ၊ ခုပဲ စာဖတ်ဖို့ အချိန်သတ်မှတ်၊ တကယ်ထလုပ်၊ မရေးတတ်ရင် ရေးတတ်အောင်အရေးကျင့်။ ရေးရင်းနဲ့မှ တကယ်ရေးတတ်လာအောင် ကြိုးစား။ သင်ရေးထားတာလေးတွေ လူများများဖတ်ဖြစ်လာရင် သင်ပီတိဖြစ်လာပါလိမ့်မယ်။
ကိုယ့်ထက် နိမ့်ကျ ၊ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးဖို့ အတတ်နိုင်ဆုံးကြိုးစား၊ ကိုယ်တစ်ယောက်တည်းအားနဲ့မနိုင်ရင် ကိုယ့်နဲ့စိတ်ဓာတ်တူသူတွေကို တိုက်တွန်း ၊ အတူတူ ကူညီပေးနိုင်အောင် ကြိုးစား၊ ကိုယ်တစ်ယောက်တည်းအားနဲ့ မထိရောက်ရင် အခြားသူများနဲ့ စုပေါင်းလုပ်ဖို့ ကြိုးစားပါ။ တကယ်အကူအညီလိုအပ်နေသူတွေထံကို သင်ကြိုးစားထားတာလေးတွေ ရောက်သွားတဲ့အခါ သူတို့ကလည်း တကယ်အဆင်ပြေသွားသလို၊ သင်လည်း ပီတီဖြစ်လာရပါလိမ့်မယ်။ သင့်ဘဝက အရင်ကထက် ပိုပြီးနေပျော်စရာကောင်းလာပါလိမ့်မယ်။
အဲဒါတင်မကဘူး သင့်ပတ်ဝန်းကျင်မှာ ဘာတွေလိုအပ်နေသလဲ။ သင်နိုင်သလောက် ကူညီဖို့ ၊ ရိုင်းပင်းဖို့ ကြိုးစား၊ ဥပမာ။ ကားလမ်းကူးဖို့ အခက်အခဲဖြစ်နေတဲ့ မျက်မမြင်တစ်ယောက်ကို ကားလမ်းကူးပေးလိုက်တာမျိုး၊ လမ်းဘေးမှာ အသက်ကြီးပေမယ့် ဈေးရောင်းနေရတဲ့အဖိုးအို၊ အဖွားအိုကို သင်က မုန့်တစ်ခုခု ဝယ်ကျွေးလိုက်တာမျိုး၊ သူတို့ အလေးအပင်မလာရင် ကိုယ်က ကူညီလိုက်တာမျိုး စသည်ဖြင့် တစ်ခုခုပေါ့။ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရတဲ့အလုပ်မှန်သမျှက ငွေမရပေမယ့် ပီတိရပါတယ်။ အဲဒီ့ပီတိက သင့်ကိုပျော်ရွှင်စေခြင်းပါပဲ။
အပင်လေးတစ်ပင်စိုက်ရသလိုပါပဲ။ အပင်လေးကို တဖြေးဖြေးရေလောင်းပေါင်းသင်လုပ်ပေးရင်းနဲ့မှ အညွှန့်တွေတက်၊ အပင်လေးကြီးလာ၊ အရွက်တွေဝေ၊ အသီးတွေသီး၊ အပွင့်တွေပွင့်လာရင် သင်လည်း ပီတိဖြစ်ရသလို သင်လည်း ပျော်ရွှင်လာပါလိမ့်မယ်နော်။
အဲဒါကြောင့် သင့်ဘဝက အဓိပါ္ပယ်မရှိဘူးလို့ ခံစားနေရတယ်ဆိုရင် သင့်ဘဝမှာ မပျော်ရွှင်ဘူးဆိုရင်၊ ခုပဲ အဓိပါ္ပယ်ရှိခြင်းနဲ့ပြည့်ဝတဲ့ အသေးဆုံး၊ အလုပ်လေးတွေကို စလုပ်လိုက်ပါ။ သင့်ဘဝအဓိပ္ပါယ်ရှိခြင်းနဲ့အတူ ၊ ပျော်ရွှင်လာပါလိမ့်မယ်။ အသေးဆုံးက စလုပ်ပါ၊ အကြီးဆုံးထိ ဖြစ်လာဖို့ မျှော်မှန်းပါ။ ပီတိနဲ့ မျှော်လင့်ချက်ပေါင်းစပ်လိုက်တဲ့အခါ သင့်ဘဝက ပျော်ရွှင်စရာကောင်းလာမှာပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။