အလုပ်တစ်ဖက်နဲ့မေမေတို့အတွက် ဖြေတွေးရမယ့်အတွေးများ

အလုပ်တစ်ဖက်နဲ့အမေတွေက အခြားသူတွေထက်ကို ပိုပြီးဖိအားများပါတယ်။ ကလေးရဲ့ဝေယျာဝစ္စ ၊ အိမ်မှုကိစ္စတွေအပြင်၊ အလုပ်ကိစ္စနဲ့ဖိအားတွေအားလုံးဆုံတဲ့အခါ အလုပ်တစ်ဖက်နဲ့မေမေတွေဟာ အမြဲဖိအားတွေဒဏ်ကိုခံရလေ့ရှိပါတယ်။ အဲဒီ့အခါ တစ်ဖက်ဖက်ကို တာဝန်မကျေနိုင်တဲ့အခါ ဖိအားတွေခံရတဲ့အပြင် ကိုယ့်တာဝန်မကျေဘူးဆိုတဲ့ အပြစ်မကင်းသလို ခံစားချက်မျိုးကိုလည်း ခံစားရပြန်ပါတယ်။ အဲဒါအပြင် အမျိုးသားတွေဟာ ဖိစီးမှုဒဏ်ကို မခံနိုင်ကြဘဲ သူတို့ရဲ့ဦးနှောက်ထဲမှာကို ဖိစီးမှုတွေကို သိမ်းမထားတတ်ကြတာမို့ ဖိအားရှိလည်း မေ့ပစ်ဖို့လွယ်တတ်ကြတယ်လို့ ဖတ်မှတ်ခဲ့ဖူးပါတယ်။


အမျိုးသမီးတွေကတော့ အမျိုးသားတွေထက်ကို ဖိအားများ၊ တာဝန်များတဲ့သူတွေဖြစ်တဲ့အပြင် ဖိစီးမှုတွေကို ဦးနှောက်ထဲသိမ်းထားတတ်သူတွေမို့ ပိုပြီး စိတ်ဖိစီးတတ်ကြပါတယ်။ အဲဒါကြောင့် အလုပ်တစ်ဖက်နဲ့မေမေတွေကို ဖေဖေတွေက ဝိုင်းကူပေးဖို့လိုသလို၊ အခြားသူတွေကလည်း နားလည်ပေးဖို့လိုပါတယ်.။ အလုပ်တစ်ဖက်နဲ့မေမေတွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်ဖြေတွေးရမယ့်အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်‌နော်။

၁) ဘယ်နေရာမှာမှ ပြီးပြည့်စုံတယ်ဆိုတာမရှိနိုင်ပါဘူး။ မေမေတို့ ကိုယ့်ကိုယ်ကိုယ်အပြစ်မကင်းသလို၊ တာဝန်တွေမကျေသလိုခံစားနေရတဲ့အခါမျိုးမှာ “လောကမှာ ဘယ်သူကမှ ပြီးပြည့်စုံအောင် perfect ဖြစ်တဲ့လူမရှိဘူး” လို့ပြန်တွေးကြည့်ပေးပါ။ တကယ်လည်း ဘယ်သူကမှ တာဝန်အားလုံးကို တပြိုင်တည်းကျေပွန်အောင် စွမ်းဆောင်နိုင်ပါ့မလဲ၊ တစ်ဖက်မှာ တာဝန်ကျေဖို့ကြိုးစားတဲ့အခါ တဖက်မှာလစ်ဟင်းချက်တော့ရှိမှာပါပဲ။ အဲဒါကြောင့် တခါတလေ ပိုအရေးကြီးတာကို ဦးစားပေးလိုက်ခြင်းအတွက် တဖက်ကလစ်ဟင်းသွားခြင်းက မေမေတို့အပြစ်မဟုတ်ပါဘူးနော်။

၂) အချိန်ကန့်သတ်ထားပါ။
တာဝန်အသီးသီးကို သက်ဆိုင်ရာအချိန်လေးတွေ သတ်မှတ်ထားပေးလိုက်ပါ။ ဥပမာ။ အလုပ်ချိန်အတွင်းအလုပ်ချိန်ကို သေချာအာရုံစိုက်လုပ်မယ်ဆိုရင် အလုပ်ချိန်ပြီးတာနဲ့ ကလေးကိုအချိန်ပေးဖို့အရေးကြီးနေလား၊ ချက်ပြုတ်ဖို့လား အချိန်ကိုကန့်သတ်လိုက်ပါ။ နောက်ဆုံး အိပ်ချိန်ကိုလည်း အိပ်ချိန်အတိအကျသတ်မှတ်ထားလိုက်တဲ့အခါ အချိန်ကို သေချာစီမံသလိုဖြစ်ပြီး အတတ်နိုင်ဆုံး မျှတအောင်အချိန်ပေးနိုင်တာပေါ့။

၃) အာရုံတွေကို ပစ္စုန်မှာသာထားပါ။
တခါတလေ ကိုယ်ရဲ့မကျေနိုင်တဲ့တာဝန်တွေကို ပြန်တွေးပြီး စိတ်မကောင်းတာမျိုးဖြစ်လာရင် မေ့ပစ်လိုက်ပါ။ လက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်လို့တွေးပါ။ အဲဒါက အချိန်ကုန်သက်သာစေပြီး အကျိုးလည်းရှိစေပါတယ်။ တသသပြန်တွေးနေတာက သင့်စိတ်ခံစားချက်ကိုလည်း မကောင်းစေတော့ဘဲ လက်ရှိအချိန်လည်း ပိုကုန်စေပါတယ်။

၄) ကိယ့်ကိုယ်ကိုယ်အသိအမှတ်ပြုပါ။
ကိုယ့်ရဲ့အားနည်းချက်တွေနဲ့ တာဝန်မကျေနိုင်တာတွေကိုချည်းတွေးပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့။ ကိုယ်လုပ်နိုင်တာလေးတွေကိုပဲ အသိအမှတ်ပြုကြည့်ပါ။ မေမေတို့အများကြီး စွမ်းဆောင်နိုင်တာကို သိလာါပလိမ့်မယ်။ ကိုယ့်လုပ်နုိင်ခဲ့တာလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ်ပြန်တွေးအားပေးပါ။

၅) ပန်းတိုင်အကြီးကြီးတွေထက် တဆင့်ချင်းကိုသာအာရုံစိုက်ပါ။
ပန်းတိုင်ရည်မှန်းချက်အကြီးကြီးတွေကို မဖြစ်မြောက်တာကို ပူဆွေးနေမယ့်အစား လက်ရှိသတ်မှတ်ထားတဲ့ တဆင့်ချင်းကိုသာ သေချာအာရုံစိုက်လိုက်ပါ။ အဲဒီ့အခါ ပန်းတိုင်ပိစိလေးတွေကနေ ခြေလှမ်းတလှမ်းခြင်းနဲ့ ပန်းတိုင်ရည်မှန်းချက်အကြီးကြီးတွေ ဖြစ်လာနိုင်ပါတယ်။

၆) အောင်မြင်မှုအသေးလေးတွေအပေါ်မှာ ဝမ်းသာဂုဏ်ယူပါ။
ကိုယ့်ပန်းတိုင်ဆီရောက်အောင်သွားနိုင်ခဲ့တဲ့ ခြေလှမ်းသေးသေးလေးတွေကို အသိအမှတ်ပြုပြီး ဝမ်းသာဂုဏ်ယူပါ။ အဲဒါက နေ့တိုင်းသင့်ကိုပျော်ရွှင်စေပြီး ပန်းတိုင်လည်း တစ်ရက်ပြီးတစ်ရက်ရောက်ဖို့ပိုနီးလာသလို ခံစားလာရပါလိမ့်မယ်။ သင့်စိတ်ခံစားချက်လည်း ပိုပြီးကောင်းမွန်လာနိုင်ပါတယ်။

တခါတလေ ပန်းတိုင်အကြီးကြီးတွေကိုပဲ မြင်ယောင်နေခြင်းက ခြေလှမ်းအသေးလေးတွေကို နှောင့်နှေးစေပါတယ်။ ကိုယ့်ရဲ့တစ်နေ့စီကို သေချာအကျိုးရှိစွာ အသုံးချပြီး တာဝန်တွေကို ကျေအောင်နေထိုင်သွားတာက အချိန်တစ်ခုအရောက်မှာတော့ မေမေတို့မျှော်လင့်ထားတဲ့ ပန်းတိုင်ကို ရောက်လာနိုင်မှာပါ။ အဲဒါကြောင့် အတတ်နိုင်ဆုံး လစ်ဟာချက်တွေကို အများကြီးတွေးပြီးဝမ်းမနည်းဘဲလက်ရှိအချိန်မှာ လုပ်နိုင်တာကိုသာ သေချာအကောင်းဆုံးအာရုံစိုက်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်မေမေတို့ရေ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။