အကြွေးလည်ပင်းနစ်နေတဲ့အခါ လုပ်သင့်တဲ့နည်းလမ်းများ

အကြွေးယူတာက လွယ်ပါတယ်။ ဒါပေမယ့် လွယ်လွယ်ယူလိုက်လို့ အကြွေးတွေထပ်ပုံလာပြီး အကြွေးတွေရယ်၊ အတိုးတွေရယ်ပေါင်းလိုက်တဲ့အခါ ဆပ်လို့မကြေနိုင်တော့ပါဘူး။ အကြွေးတွေတောင်လိုပုံလာတဲ့အခါ အကြွေးရှိနေတဲ့လူတစ်ယောက်အတွက် ထူပူလာနိုင်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲဒီ့အခါမှာတော့ အကြွေးကို ကြေအောင်ဆပ်တာထက် လွတ်ရာကိုရှောင်ပြေးတယ်ဆိုတာမျိုးတွေ၊ ကတိမတည်နိုင်တော့တာမျိုးတွေ၊ လိမ်ညာဖို့ရည်ရွယ်ချက်မရှိပေမယ့် လိမ်ညာမိတာမျိုးတွေဖြစ်လာပြီး လူမှုပတ်ဝန်းကျင်မှာ နာမည်ပျက် ၊ သိက္ခာကျတာမျိုးဖြစ်လာရပါတော့တယ်။ အဲဒါကြောင့် အကြွေးလည်ပင်းနစ်နေတဲ့အခါ လုပ်သင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ယူသင့်မှယူပါ။
အကြွေးယူတဲ့အခါ လွယ်လွယ်လေးယူတတ်ကြပေမယ့် ကိုယ့်ကိုကိုယ်တော့ ပြန်ပြီး သုံးသပ်ဖို့ မေ့နေတတ်ကြပါတယ်။ တကယ်အရေးပေါ်ယူရမယ့်အခြေအနေမျိုးမှာတော့ မတတ်သာလို့ ယူသင့်ရင်ယူရတာ ကိစ္စမရှိပေမယ့် အရေးကြီးအကြောင်းအရာမရှိဘဲ လွယ်လွယ်ယူလို့ရလို့ ယူလိုက်တာက အချိန်ကြာလာတဲ့အခါ သင့်အတွက် အကြွေးတွေများလာတာပဲအဖတ်တင်မှာပါ။ အဲဒါကြောင့် အကြွေးမယူခင် သေချာစဉ်းစားပြီးမှ ယူပါ။ မဖြစ်မနေ ယူကိုယူရမယ့်အခြေအနေမျိုးမှ ယူပါ။ မယူလည်း အဆင်ပြေတဲ့အခြေအနေမျိုးဆိုရင်တော့ မယူတာအကောင်းဆုံးပါပဲ။
၂) စာရင်းလုပ်ပါ။
အကြွေးယူတာနဲ့ပတ်သက်ရင် အကြွေးတစ်ခါယူတိုင်း ကိုယ့်ကိုကိုယ်တခါဆန်းစစ်ပါ။ “ဒီငွေကို ငါတကယ်အသုံးပြုဖို့လိုအပ်တာလား” “မဖြစ်မနေယူရမှာမို့လား…..” “မယူဘဲ အဆင်ပြေနိုင်လား” ဆိုတာမျိုး ပြန်သုံးသပ်ပြီးမှယူသင့်တဲ့အပြင် ကိုယ့်ရဲ့ဝင်ငွေနဲ့ ကိုယ်ယူထားတဲ့အကြွေးနဲ့က မျှတမှုရှိရဲ့လား။ ပြောချင်တာ က ဝင်ငွေက နည်းနေပြီး အကြွေးကများနေသလား ဒါမှမဟုတ် ဝင်ငွေက နည်းနေပြီး အတိုးချည်းပေးရမှာတင်များနေသလား၊ ဒါဆိုရင် သင်အရင်းဆပ်ဖို့မသေချာဘဲဖြစ်နေပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးဆိုရင် အကြွေးထပ်မယူသင့်တော့တဲ့အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေကို စိုးရိမ်စရာအခြေအနေလို့ ပြောနိုင်ပါတယ်။ အဲဒါကြောင့် သင့်ယူထားတဲ့အကြွေးအားလုံးကို အတိုးနဲ့အရင်းပမာဏ စာရင်းလုပ်ပါ။
၃) ဝင်ငွေ၊ ထွက်ငွေနဲ့ ဆပ်ရမယ့်ပမာဏကို ချိန်ဆပါ။
သင့်ရဲ့ဝင်ငွေထဲက အသုံးစရိတ်ကိုဖယ်ပြီး ကျန်တဲ့ငွေပမာဏက သင့်အကြွေးဆပ်ဖို့လုံလောက်ရဲ့လား ချိန်ဆပါ။ မလုံလောက်တော့ဘူးဆိုရင် သင့်အတွက် အကြွေးထပ်ယူဖို့ စဉ်းစားချင့်ချိန်သင့်တဲ့အခြေအနေဖြစ်နေပါပြီ။ သင့်ရဲ့အသုံးစရိတ်ကို အတတ်နိုင်ဆုံးလျှော့ချပြီး အကြွေးကို ဖဲ့ဆပ်နိုင်ဖို့ သင်ကြိုးစားသင့်ပါတယ်။
၄) ဝင်ငွေထပ်တိုးအောင် လုပ်ပါ။
နောက်ထပ်အဆင်ပြေမယ့်နည်းကတော့ အကြွေးထပ်မယူရအောင် သင့်ရဲ့ပုံမှန်ဝင်ငွေကနေပြီး နောက်ထပ်ဝင်ငွေတစ်ခုထပ်တိုးအောင် ကြိုးစားဖို့ပါပဲ။ ဝင်ငွေထပ်တိုးလာမှသာလျှင် သင့်ရဲ့ပုံလာတဲ့အကြွေးကို အတိုးနဲ့အရင်းကိုဖဲ့ဆပ်နိုင်မှာဖြစ်ပါတယ်။
၅) အတိုးနဲ့အရင်းကိုဖဲ့ဆပ်ပါ။
အကြွေးကို လုံးခနဲမဆပ်နိုင်ဘူးဆိုရင် နောက်ထပ်လုပ်နိုင်တဲ့အချက်ကတော့ အတိုးနဲ့အရင်းကို ဖဲ့ဆပ်ဖို့ပါပဲ။ အရင်းပမာဏ ဘယ်လောက်ပဲနည်းပါစေ၊ အတတ်နိုင်ဆုံးအတိုးဆပ်ရင်း အရင်းပါအောင်ဖဲ့ဆပ်ပါ။ အဲဒါမှ တစ်လတစ်လအတိုးရော၊ အရင်းကောပမာဏနည်းသွားမှာဖြစ်ပါတယ်။ စိတ်ရှည်ပြီး မှန်ကန်စွာကြိုးစားဆပ်မယ်ဆိုရင် အချိန်တော့ကြာပေမယ့် အကြွေးတွေကျေအောင်ဆပ်နိုင်သွားပါလိမ့်မယ်။
၆) အတိုးများတဲ့အကြွေးတွေထပ်မယူပါနဲ့။
များသောအားဖြင့် အကြွေးနစ်တဲ့သူအများစုရဲ့ မဟာအမှားကတော့ လက်ရှိအကြွေးကိုမဆပ်နိုင်တဲ့အခါ အတိုးဘယ်လောက်များပါစေ…..ရသမျှ အကြွေးရှင်အသစ်ဆီက ထပ်ပြီးချေးငှားလိုက်ပြီး ရလာတဲ့ငွေနဲ့ လက်ရှိအကြွေးကိုထိုးဆပ်တတ်တာပဲဖြစ်ပါတယ်။
အတိုးချည်းဆပ်ဖို့အတွက် နောက်ထပ် အကြွေးရှင်အသစ်ဆီက ငွေထပ်ချေးယူပြီး အတိုးဆပ်မယ်လို့များ စဉ်းစားမိတယ်ဆိုရင်တော့ သင့်ဘဝက အကြွေးသံသရာထဲမှာ နစ်သထက်နစ်ဖို့ပဲရှိပါတော့တယ်။
အဲဒါကြောင့် ပုံနေတဲ့အကြွေးကိုဆပ်ဖို့အတွက် အကြွေးသစ်ထပ်မချေးပါနဲ့။ ဝင်ငွေနှစ်ဆတိုးအောင်ကြိုးစားရင်ကြိုးစား ဒါမှမဟုတ် အသုံးစရိတ်ကို လျှော့ချ ထိုနည်းလမ်းနှစ်မျိုးထဲက ပိုထွက်လာတဲ့ကိုယ့်ရဲ့ငွေနဲ့သာလျှင် တင်နေတဲ့အကြွေးကို ဆပ်ဖို့ ကြိုးစားပါလို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။