ဘဝရဲ့ ဘက်စုံမှ ဖိအားများနေသူများဖတ်ရှုရန်

ဘဝက ဖိအားများတယ်ဆိုတာကို လက်ခံကြမလား။ ဖြစ်ချင်စိတ်တွေ ပိုများတဲ့အခါ ဘဝက ပိုပြီး ဖိအားများလာတာပေါ့။ လူ့ဘဝက မွေးလာကတည်းက ငိုပြီးမွေးလာကြတဲ့သူချည်းမို့ ဘဝက ဖိအားများတယ်ဆိုတာမဆန်းပါဘူးနော်။ အဲဒီကမှ သူများဝတ် ဝတ်ချင်စိတ်၊ သူများလို လူတန်းစေ့နေချင်စိတ် ၊ သူများစား စားချင်စိတ်၊ သူများ ပိုင် ကိုယ်လည်းပိုင်ချင်စိတ် စတဲ့စိတ်ဓာတ်တွေက လူတွေကို ပိုပြီး ဘဝမှာ ဖိအားများလာစေတာပါ။ အဲဒါတွေကြောင့် စားဝတ်နေရေးကြောင့်အလုပ်ခွင်ဝင်ရတာ၊ လူတန်းစေ့နေနိုင်ဖို့ ပိုကြိုးစားလာရတာ၊ ပညာရေးမှာလည်း သူများထက် တော်နိုင်အောင် ကြိုးစားရတာ၊ ကြိုးစားပမ်းစားရှာနေတဲ့ကြားထဲကနေ မလုံလောက်တဲ့အခါ ထပ်ပြီး ပူပန်ရတာ၊ သူများတန်းတူ ပညာတွေသင်နေရက်နဲ့ မတိုးတက်တဲ့အခါ ထပ်ပြီး ပူပန်ရတာ၊ စတဲ့ များပြားလှတဲ့ ဖိအားတွေကို လူတိုင်းနီးပါး နေ့စဉ်ရင်ဆိုင်နေရပါတယ်။


ပုံမှန်လေး နေသွားရုံ၊ စားနိုင်ရုံနဲ့ တင်းတိမ်နိုင်ရင်တောင် ဖိအားလေးတွေကတော့ ရှိနေအုံးမှာပါပဲ။ လူဆိုတဲ့သဘောကိုက ရလေ….လိုလေ…အိုတစ္ဆေမဟုတ်လား။ အဲဒီ့တော့ ဖိအားတွေကို မလိုချင်လည်း ခံစားနေရအုံးမှာပါပဲ။ ဖိအားတွေကို မလိုချင်လည်း လက်ခံရလေ….စိတ်ဖိစီးရလေလေပါ။ စိတ်ဖိစီးမှု အသေးလေးတွေက ပျောက်ကင်းအောင် ကုသနိုင်ပေမယ့်
“ ငါ့ဘဝကြီးက သူများလို လူတန်းစေ့မနေနိုင်ဘူး…..” ဆိုတဲ့အတွေးတွေ “စာတွေမရသေးဘူး….” “အလုပ်တွေမပြီးသေးဘူး…..” “အလုပ်ကလည်း စိတ်ညစ်စရာကောင်းလိုက်တာ….” “ ဒီလအတွက် အသုံးစရိတ် လောက်ပါ့မလား….” “ကျန်းမာရေးမကောင်းလို့ ငွေကုန်လိုက်တာ၊” စတဲ့ အမျိုးမျိုးသော ဖိအားတွေ ဖိစီးပါများလာတဲ့အခါ ရေရှည်မှာ ဒါကိုပဲ အမြဲတွေးတောနေပြီး ဖြေရှင်းဖို့မကြိုးစားတဲ့အခါ စိတ်ဖိစီးမှုတွေကနေ ရောဂါတွေဖြစ်လာနိုင်ပါတယ်။ ထိုကနေတဆင့် စိတ်ဓာတ်ကျခြင်း ဆိုတဲ့ စိတ်ရောဂါဝင်လာပြီး နောက်ဆုံး အသက်သေဆုံးရတဲ့အထိတောင် ဆိုးဝါးသွားနိုင်ပါတယ်။
လူတွေမှာ ဖိအားအဖြစ်အများဆုံးက ကျန်းမာရေးကိစ္စတွေ၊ ငွေကြေးကိစ္စတွေနဲ့ အလုပ်ကိစ္စတွေကြောင့်လို့ စစ်တမ်းတွေမှာ ဖော်ပြကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖိအားတွေရှိလည်း အံတုနိုင်ဖို့ ကြိုးစားရမှာက ရှင်သန်ခြင်းရဲ့အလုပ်တစ်ခုပါပဲ။
အဲဒါကြောင့် အတတ်နိုင်ဆုံး ဖိအားတွေကို သက်သာစေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁) မလိုလားအပ်တဲ့ ဖိစီးမှုတွေကို ရှောင်နိုင်အောင် ကြိုးစားပါ။
သင်မလုပ်ချင်တဲ့တစ်ခုခုကို အားနာမှုနဲ့လုပ်ရတဲ့အခါ သင့်အတွက် အခြားအလုပ်တွေလုပ်ဖို့ အချိန်ကုန် ၊ ငွေကုန်၊ လူပင်ပန်း၊ စိတ်ဖိစီးတယ်ဆိုရင် ပြတ်သားစွာ ငြင်းနိုင်အောင် ကြိုးစားပါ။ ကိုယ့်အတွက် တကယ်လိုအပ်နေတဲ့အရာ၊ တကယ်လုပ်သင့်တဲ့အရာကိုသာ ပြီးဆုံးအောင် လုပ်ပါ။ တကယ်အရေးမကြီးတဲ့အရာတွေကို လုပ်ပြီး အရေးကြီးတဲ့အရာတွေကို နောက်ဆံငင်နေတာမျိုး မဖြစ်ပါစေနဲ့။ အဲဒါက မလိုလားအပ်တဲ့ ဖိစီးမှုတွေပါ။ အချိန်ကို သေချာစီမံခန့်ခွဲတတ်ပါစေ။ အချိန်အလကားဖြစ်အောင် ဖြုန်းတီးခြင်းက ပြီးသင့်တဲ့ အလုပ်တွေမပြီးစေဘဲ ပိုပြီးဖိအားများလာစေတတ်ပါတယ်။

၂) သင်မပြောင်းလဲနိုင်တာတွေကို လက်ခံပါ။
ရာသီဥတုက ပူလိုက်တာ ဆိုတာမျိုး၊ မီးကလည်း ပျက်လိုက်တာဆိုတာမျိုးတွေ၊ ကားပိတ်လိုက်တာမျိုးတွေအတွက် စိတ်ဖိစီးခံမနေပါနဲ့။ ဒါတွေက ကိုယ်လဲမပြုပြင်နိုင်၊ ကိုယ်လဲမထိန်းချုပ်နိုင်တာမို့ မတတ်နိုင်ဘူးလို့သာတွေးလိုက်ပါ။ ဘဝနဲ့ဆိုင်တဲ့ ပြဿနာတွေ သင်ပြောင်းလဲနိုင်တာဆို ချက်ချင်းပြောင်းလဲပစ်လိုက်ပါ။ ပြောင်းမလဲနိုင်ရင် အဲဒီ့အတိုင်းလက်ခံဖို့ သင့်စိတ်ကိုပြင်ဆင်လိုက်ပါ။ အဲဒါက စိတ်ဖိစီးမှုကို သက်သာစေသလို သင့်ကိုလည်း စိတ်ညစ်မှုလျော့ပါးစေပါတယ်။ ဥပမာ သင့်မိဘနှစ်ပါးက ကွာရှင်းကြမယ်ဆိုရင် သင်ကမကွာရှင်းစေချင်ဘူးဆိုပါတော့ ။ ဒါပေမယ့် သင်မထိန်းချုပ်နိုင်ဘူး…..ကွာရှင်းပြီးရင်လည်း အမေ့အိမ်တလှည့် ၊ အဖေ့အိမ်တလှည့် သွားတွေ့လိုက်ရုံပေါ့။ ကိုယ်ရင်ထဲမှာ သူတို့ကို ချစ်နေနိုင်တာသည် ကိုယ်ထိန်းချုပ်နိုင်တဲ့အလုပ်။ ကိုယ်နိုင်တာကိုလုပ်ပါ။ မလုပ်နိုင်တာကို လက်ခံပေးပါ။ အဲဒါက ပေါ့ပါးခြင်းပါပဲ။

၃) ပျော်စရာအချိန်နဲ့ သင်စိတ်အပန်းဖြေဖို့ အချိန်ပေးပါ။
ရယ်စရာရုပ်ရှင်တွေကြည့်ဖို့၊ ပန်းခြံမှာ လမ်းလျှောက်ထွက်ဖို့၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ စတဲ့အချိန်တွေကလည်း လူ့ဘဝမှာလည်း လိုအပ်တာပါပဲ။ သင့်တစ်နေ့တာကို ဖိစီးမှုတွေနဲ့ ဖြတ်သန်းချိန်လိုအပ်သလို၊ ထိုဖိစီးမှုတွေကို ပြေလျော့ဖို့လည်း အချိန်ပြန်ပေးသင့်ပါတယ်။ (သူငယ်ချင်းတွေနဲ့ နေ့တိုင်းလိုဘီယာဆိုင်ထိုင်ဖို့ပြောတာမဟုတ်ပါဘူး) ရယ်စရာမောစရာတွေ ပြန်ကြည့်တာမျိုး၊ ဟာသကားကြည့်တာမျိုး။ လေညင်းခံ လမ်းထွက်လျှောက်တာမျိုး၊ လေ့ကျင့်ခန်းလုပ်တာမျိုး စတာတွေပေါ့။

၄) အကောင်းဘက်က မြင်ကြည့်ပါ။
သင့်ဘဝမှာ အဆိုးတွေ၊ ဖိစီးမှုတွေ ကြုံရတဲ့အခါ ထိုအခြေအနေတွေကို အကောင်းဘက်ကနေ တစ်မျိုးလှည့်တွေးကြည့်ပါ။ အကျင့်လုပ်ပြီးတွေးကြည့်ပါ၊ ရယ်စရာလုပ်ပစ်ကြည့်ပါ။ တဖြေးဖြေး အကောင်းဘက်တွေးတာ အကျင့်ပါသွားပါလိမ့်မယ်။ အဆိုးတွေ ကြုံရတဲ့အခါ ဘာမှမလုပ်နိုင်ဘူးလို့ ခံစားရတဲ့အခါ အရင်က အခက်အခဲတွေ၊ အဆိုးတွေကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာမျိုးကို ပြန်ပြီး တွေးတောပါ။ ပြန်စဉ်းစားဆင်ခြင်ကြည့်ပါ။ တခါတုန်းက ဒုက္ခဆိုတာ….ခုချိန်မှာ ရယ်စရာဖြစ်နေတတ်တာမျိုးလေ။
၅) ကျန်းမာရေးကို ဂရုစိုက်ပေးပါ။
စိတ်ဖိစီးတဲ့အခါ ကျန်းမာရေးကို ဂရုမစိုက်နိုင်ဖြစ်တတ်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့အခါ တဖန်ပြန်ပြီး စိတ်ဖိစီးရပြန်တာပါပဲ။ အဲဒါကြောင့် ကျန်းမာရေးကိုလိုက်စားပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့အချိန်ထားပါ။ အများကြီးမလုပ်နိုင်လဲ တစ်နေ့မှာ မနက်စောစောဖြစ်စေ ၊ ညနေစောင်းဖြစ်စေ နာရီဝက်၊ တစ်နာရီခန့်တော့ လမ်းလျှောက်ပေးပါ။ လေ့ကျင့်ခန်းလုပ်လိုက်တဲ့အချိန်မှာ ဖိစီးမှုတွေ ပြေလျော့သွားပါတယ်။
သကြားနဲ့ ကဖင်းဓာတ်ပါတဲ့အစားအသောက်တွေကို လျော့စားဖို့ ကြိုးစားပါ။ ဆေးလိပ်၊ အရက်၊ ကွမ်း၊ ဆေးဝါးတွေကို ဖြတ်ပါ။ အဲဒါတွေက ကျန်းမာရေးကို တတိတိတိုက်စားစေပါတယ်။
၆) ကျန်းမာရေးနဲ့ညီညွှတ်တာတွေစားပေးပါ။
အထူးသဖြင့် စိတ်ဖိစီးမှုကို သက်သာစေနိုင်မယ့် အစားအစာတွေကို စားပေးပါ။ ဘလူးဘယ်ရီသီး၊ အဆီများတဲ့ငါး(ဆော်လမွန်)၊ ထောပတ်သီး၊ ကန်စွန်းဥ၊ လိမ္မော်သီး၊ အစိမ်းရောင် အသီးအရွက်များ ၊ အနက်ရောင်ချောကလက်၊ အခွံမာသီးနဲ့ အစေ့အဆံများ စတဲ့အစားအစာတွေက စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။

ခုဖော်ပြထားတဲ့အတိုင်း ကျင့်ကြံနေထိုင်မယ်ဆိုရင် ဖိအားများတဲ့လူ့ဘဝကြီးမှာ ဖိအားအနည်းဆုံးဖြစ်အောင် နေနိုင်ပါလိမ့်မယ်။ အားလုံးပဲ ဖိအားတွေလျော့ပါးနိုင်ကြပါစေ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။