အားနာတတ်တဲ့စိတ်ကိုဘယ်လိုပြင်မလဲ။

အားနာတတ်ခြင်းက အင်မတန် ဆိုးဝါးစေပါတယ်နော်။ တခါတလေဆို ကိုယ့်အတွက်တောင် ကိုယ်မငဲ့မိတော့ဘဲ အားနာနာနဲ့မို့ လုပ်ပေးလိုက်ရတာတွေကြောင့် ကိုယ့်အကျိုးအများကြီးထိခိုက်စေပါတယ်။ အဲဒါကြောင့် အားနာတဲ့အကျင့်ဟာမကောင်းပါဘူး။ အထူးသဖြင့် အားနာတတ်မှန်းသိလို့ သိသိကြီးနဲ့ တမင်အားနာမှုကိုအခွင့်ကောင်းယူပြီး အပြောချိုချိုလေးနဲ့အကူညီတောင်းယောင်ဆောင်တတ်တဲ့သူမျိုးတွေနဲ့ကြုံရရင် ပိုဆိုးပါသေးတယ်။ လူအမျိုးမျိုးစိတ်အထွေထွေပေမယ့် အချို့ကတော့ အားနာတတ်သူအပေါ် အနိုင်ကျင့်တတ်ကြတာမို့ အားနာခြင်းအကျင့်ကို အတတ်နိုင်ဆုံး ပြုပြင်ဖို့ကြိုးစားသင့်ပါတယ်။ မင်မင်ကိုယ်တိုင်လည်း အားနာတတ်သူမို့ ဒီအဆင့်တွေကို ကျင့်သုံးပြီး အားနာတတ်တဲ့အကျင့်ကို ပြုပြင်ခဲ့ရပါတယ်။ အဲဒါကြောင့် အားနာတဲ့အကျင့်ကိုဘယ်လိုဖျောက်မလဲ ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) ကိုယ်အားနာမိတဲ့ကိစ္စကို သုံးသပ်ပါ။
အရင်ဆုံး ကိုယ့်ကို ကိစ္စတစ်ခုအကူအညီတောင်းတာဖြစ်ဖြစ်၊ လုပ်ပေးရမှာဖြစ်ဖြစ်ပေါ့ ကိုယ်ကအားနာပြီဆိုပါတော့ ကိုယ့်အားနာမိတဲ့ကိစ္စကို ပြန်သုံးသပ်တဲ့အကျင့်လုပ်ပါ။ ဘယ်လိုပြန်သုံးသပ်ရမလဲဆိုရင်….. “ဟုတ်ပြီ….ဒီကိစ္စကို ငါလုပ်ပေးလိုက်မယ်ဆိုရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲ။ ငါကရော …..ဘာဖြစ်လာနိုင်သလဲ၊ ငါ့မှာ ဒီကိစ္စထက် အရေးကြီးတဲ့ကိစ္စရှိနေသလား။” စသဖြင့် တွေးတော သုံးသပ်ကြည့်လိုက်ပါ။ အဲဒီ့မှာ အဖြေထွက်လာပါလိမ့်မယ်။

၂) ကိုယ့်ကိုထိခိုက်စေနိုင်တဲ့ကိစ္စလား။
ဒါကအရေးကြီးပါတယ်။ ကိုယ်သုံးသပ်လိုက်လို့ အဖြေက ကိုယ့်ကိုထိခိုက်စေနိုင်တဲ့ကိစ္စဆိုရင် ဘယ်လိုထိခိုက်စေမှာလဲ။ ဥပမာ။ ငွေကြေးကိစ္စအရှုပ်အရှင်းဖြစ်လာနိုင်လား ၊ အငြင်းပွားစရာဖြစ်နိုင်လား၊ ဒါမှမဟုတ် ကိုယ့်အချိန်သီးသန့်ပေးလိုက်ရလို့ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို ဖျက်လိုက်ရမှာလား။ စသဖြင့် ကိုယ့်ကို တနည်းနည်းနဲ့ ထိခိုက်စေမယ့်ဆိုရင် အသေးအဖွဲလောက်ကကိစ္စမရှိဘူးလို့ထင်ရပေမယ့် တခါတလေအသေးအဖွဲကနေအကြီးကြီးဖြစ်လာနိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်။ မိတ်ဆွေတွေပဲ၊ ယုံကြည်ရတာပဲ၊ မဖြစ်နိုင်ပါဘူးလို့…..တွေးလိုက်မိတာနဲ့ သင့်ဘက်ကခံနိုင်ချေများတယ်ဆိုတာ သတိရပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကို ထိခိုက်စေမယ့်ကိစ္စဆိုရင် နိုး....လို့ ငြင်းသင့်ငြင်းပါ။ မဟုတ်ရင်တော့ သင့်ပဲ နောက်ဆံငင်နေရပါလိမ့်မယ်။

၃) ဘယ်သူ့ကိုမှမထိခိုက်နိုင်ဘူးလား။
ဒီမေးခွန်းက စဉ်းစားစရာပါပဲ။ အားနာနာနဲ့ကူညီလိုက်လို့ ဘယ်သူကိုမှမထိခိုက်နိုင်ဘူး၊ တဖက်လူမှာလည်းအဆင်ပြေသွားတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ကူညီရတာ စိတ်လည်းရှင်း၊ ပြဿနာလည်းမရှိတဲ့အတွက် ဘယ်သူ့ကိုမှမထိခိုက်နိုင်ဘူးဆိုရင် ကူညီသင့်ပါတယ်။ ဒါပေမယ့် သင့်ကိုယ်တိုင်စဉ်းစားသုံးသပ်ဝေခွဲပြီး သင်တကယ်လုပ်ချင်မှသာ လုပ်သင့်ပါတယ်နော်။ အခြားသူက “ဒါလေးကူညီလိုက်လို့ မင်းဘာမှမဖြစ်ပါဘူးကွာ…..” ဆိုတာမျိုးကိုတော့ ယုံလို့မရနိုင်ပါဘူး။ အဓိကက ကိုယ်တိုင်စဉ်းစားသုံးသပ်ရမှာပါ။

၄) ကိုယ်မလုပ်ချင်တဲ့ကိစ္စမျိုးကို ပြတ်သားစွာငြင်းပါ။
အထက်ကပြောသလိုပေါ့…… ကိုယ့်ကိုတနည်းနည်းနဲ့ထိခိုက်စေမယ်ဆိုရင် လုံးဝပြတ်သားစွာငြင်းပါ။ အဲဒီလိုတော့မဟုတ်ဘူး….ဘယ်သူ့ကိုမှ မထိခိုက်စေဘူး။ ဒါပေမယ့် အဲဒီ့ကိစ္စကို သင်မလုပ်ချင်ဘူးဆိုရင်လည်း ပြတ်သားစွာ ငြင်းလိုက်ပါ။ အဲဒါက သင့်အတွက် ပိုပြီး စိတ်ရှင်းစေပါတယ်။ မဟုတ်ရင်ကိုယ်စိတ်မပါဘဲ ကူညီပေးလိုက်ပြီးမှ နောက်ဆံတငင်ငင်နဲ့ဖြစ်နေမှာစိုးလို့ပါ။ အဲဒီ့ခံစားချက်က ပိုဆိုးပါတယ်။

၅) သင့်စိတ်က အရေးကြီးတယ်ဆိုတာမမေ့ပါနဲ့။
ဒါက အမှန်ပါ။ သင့်စိတ်ထဲ အဆင်ပြေဖို့အရေးကြီးတယ်ဆိုတာကို သင်မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ ကိုယ့်စိတ်ထဲမှာ နေသာဖို့သာ အရေးပိုကြီးပါတယ်။ သင့်ကိုထိခိုက်မယ်မှန်းသိရက်နဲ့ အားနာလို့ကူညီလိုက်ခြင်းက သင့်အတွက် ပြဿနာတွေဖြစ်လာတဲ့အခါ ခေါင်းရှုပ်၊ စိတ်ရှုပ်ရသလို၊ သင်မလုပ်ချင်ဘဲ ကူညီပေးလိုက်ခြင်းက သင့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် အားနာနာနဲ့ လိုက်လျောတော့မယ်ဆိုရင် ကိုယ့်စိတ်ချမ်းသာမှုကလည်း ပိုအရေးကြီးတယ်ဆိုတာ သတိပြန်ပေးပါ။ ကိုယ်စိတ်မချမ်းသာမယ့်ကိစ္စဆို ပြတ်သားစွာ ငြင်းလိုက်တာအကောင်းဆုံးပါပဲ။
၆) သင်ငြင်းလို့ တဖက်လူမထိခိုက်နိုင်ပါဘူး။
သင့်မျက်စိရှေ့မှာတင် လူတစ်ယောက်ကို ဆေးရုံပို့ကိုပို့မှဖြစ်မယ်ဆိုရင် အားနာနာနဲ့လုပ်ရမယ့်ကိစ္စမဟုတ်သလို၊ မလုပ်ချင်ဘူးလို့ ငြင်းရမယ့်ကိစ္စမဟုတ်တော့ပါဘူးနော်။ ဒါက သေရေးရှင်ရေးမို့ ကူညီကိုကူညီသင့်တာပါ။ အားနာတာကကျတော့ ထိုဖြစ်ရပ်လိုမဟုတ်ပါဘူး။ သင့်ကို ကူညီနိုင်မလားရယ်လို့ အကူညီတောင်းတာဖြစ်တဲ့အတွက် သင်တကယ်လို့များ အဆင်မပြေဘူးလို့ ငြင်းလိုက်ရင် ထိုလူကလည်း သူ့ကိုကူညီမယ့်အခြားလူတစ်ယောက်ကို ထပ်ရှာမှာပါပဲ။ မယုံမရှိပါနဲ့။ သူ့နည်းသူဟန်နဲ့အဆင်ပြေအောင်လုပ်နိုင်ပါတယ်။ သင်ငြင်းလိုက်လို့ အခြားလူမထိခိုက်ပါဘူးဆိုတဲ့စိတ်လေးနဲ့ သတိပေးပါ။ များသောအားဖြင့် အားနာတတ်ခြင်းက ကိုယ့်ကိုပြဿနာဖြစ်စေနိုင်တာပဲများတာကြောင့် အထက်ကနည်းလမ်းအဆင့်ဆင့်စဉ်းစားပြီး နောက်ဆုံးကတော့ကိုယ့်ကိုထိခိုက်စေမယ်ဆိုရင် ပြတ်သားစွာငြင်းဆန်ဖို့လိုပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။