မေ့ပစ်တတ်ပါစေ။

တချို့အရာတွေကို မေ့ပစ်ဖို့လိုပါတယ်တဲ့။ မကြာခဏကြားဖူးနေမှာပါ။ မေ့ပစ်ခြင်းဆိုတာက ကိုယ်သတိမရသင့်တဲ့အကြောင်းအရာတွေကို ပြန်မတွေးခြင်းပါပဲ။ ကိုယ်သတိမရသင့်တဲ့အကြောင်းအရာတွေက ပြန်တွေးလိုက်တိုင်း ကိုယ့်ရင်ထဲနာကျင်လာတာ၊ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်လာတာ၊ ဝမ်းနည်းလာတာ၊ အားငယ်လာတာ၊ ချက်တွေဒေါသတွေထွက်လာတာ စတဲ့ခံစားချက်တွေကို ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကို ပြန်မတွေးသင့်ပါဘူး။


ပြန်တွေးလိုက်တဲ့အခါ အထက်ကလိုခံစားချက်တွေပြန်ပြီးခံစားလာရတဲ့အခါမှာ ကိုယ်ပဲ အသစ်လို အစကနေပြန်ခံစားရမှာဖြစ်ပါတယ်။ အဲဒီ့အတွက် နာကျင်မှုဟာလည်း အစက ပြန်နာကျင်စေပါတယ်၊ ဒေါသဆိုလည်း အစကနေ အသစ်တစ်ခုလို ပြန်ပြီး‌ဒေါသတွေထွက်ရပြန်ပါတယ်။ တနည်းအားဖြင့်တော့ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဆိုးဝါးစေတဲ့အကြောင်းအရာတွေပေါ့။
“ပြန်ပြောလို့မကောင်းတဲ့အရာတွေကို ပြန်ကိုမပြောတာအကောင်းဆုံးပါ”တဲ့။ အဲဒါမှ ပြန်သတိမရမှာဖြစ်ပါတယ်။ သတိမရတာကြာလေလေ ကိုယ်လည်းမေ့မေ့ပျောက်ပျောက်ဖြစ်သွားလေပေါ့။
ကိုယ်သတိမရချင်တော့တဲ့အကြောင်းအရာကို သတိပြန်ရလာတိုင်း ကိုယ့်ကိုယ်ကိုယ်သတိပေးတဲ့အနေနဲ့ “ဒီအကြောင်းအရာတွေကိုပြန်မတွေးဘူး။ ဒီအကြောင်းအရာတွေကို ပြန်မတွေးနဲ့။” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်သတိပေးဖို့လိုပါတယ်။

ဘာလို့မေ့ပစ်ဖို့လိုတာလဲဆိုရင် အထက်ကပြောသလို နာကျင်မှုတွေနဲ့မကောင်းတဲ့ခံစားချက်တွေအစကနေပြန်ဖြစ်ပြီး ကိုယ့်စိတ်ကိုထိခိုက်စေလို့ပါပဲ။ အဲဒါကြောင့် ပူလောင်ခြင်းတွေရဲ့အစက သတိရခြင်းပါ။ မေ့ပစ်ခြင်းကတော့ ပျော်ရွှင်မှုတွေကို သင့်ဘဝထဲဝင်လာဖို့ တံခါးဖွင့်ပေးလိုက်တာနဲ့တူပါတယ်။ ကိုယ့်ကိုနာကျင်စေခဲ့တဲ့လူတွေနဲ့ သူတိုံရဲ့အပြုအမူတွေကို မေ့ပစ်လိုက်ခြင်းက သူတို့ကိုခွင့်လွှတ်ပေးလိုက်တာထက် ကိုယ့်ကိုယ်ကိုယ်အတွက် သူတို့ကိုမေ့ပစ်လိုက်တာဆိုပိုမှန်ပါတယ်။ သူတို့ကြောင့် ကိုယ့်ပူလောင်ခြင်းတွေ ကိုယ်မယူတော့ဘူး။ သူတို့ကြောင့်နာကျင်ရခြင်းတွေကိုယ်မယူတော့ဘူး။ မဟုတ်ရင်သူတို့ကတောင် ကိုယ့်ကိုဘယ်လိုတွေနာကျင်အောင်လုပ်ခဲ့သလဲဆိုတာမေ့နေလောက်ပြီး ကိုယ်ကသာပူလောင်နေတဲ့လူဖြစ်နေရပါလိမ့်မယ်။

“I forgive them for me, So I can let go and move on with my life” သူတို့ကို ခွင့်လွှတ်လိုက်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ်အတွက်ခွင့်လွှတ်ပေးလိုက်တာပါ။ အဲဒါမှ ကိုယ်လည်းလွတ်မြောက်ပြီး ဘဝကိုရှေ့ဆက်နိုင်မှာမဟုတ်လား။ အဲဒီ့အတွက် ကိုယ့်ဘဝထဲက အချိုသောအရာတွေကို မေ့ပစ်လိုက်ဖို့လိုပါတယ်။ လက်ခံပြီး အရှိအတိုင်းဘဝကိုရှေ့ဆက်တာအကောင်းဆုံးပါပဲ။
အဲဒါကြောင့် ကိုယ့်ကို အမျိုးမျိုးနာကျင်စေခဲ့သူတွေကို လုံးဝပြန်မတွေးဘဲနဲ့ မေ့ပစ်လိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းပါပဲ။ ဒီနေ့ကစပြီး ကိုယ့်ကိုနာကျင်စေတဲ့အချို့ကိစ္စရပ်တွေကိုပါ မေ့ပစ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်လွတ်လပ်ခွင့်ပေးလိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။