ယောက်ျားကောင်းဆိုတာ……

မိန်းမကောင်းဆိုတာလေးကို ရေးပြီးတဲ့နောက်မှာ ယောက်ျားလေးတွေအတွက် ရေးချင်စိတ်လေးပေါ်လာမိပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်မှာ လိုချင်တပ်မက်မှုတွေ၊ အလိုလောဘတွေနောက်ကိုလိုက်နေရင်းမှ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ ပျက်စီးတတ်လာကြတာမို့ပါ။ လောကမှာရှိတဲ့ မိန်းမတွေကချည်းကောင်းနေလို့မရသလို၊ ယောကျ်ားတွေကချည်းကောင်းနေလို့လည်း မရပါဘူး။ အားလုံးကသာ ကောင်းမွန်တဲ့သူတွေဖြစ်နေကြရင် လောကမှာ နာကျင်မှု၊ ဝမ်းနည်းမှု၊ သိမ်ငယ်မှု၊ အတ္တကြီးမှုတွေနည်းသထက်နည်းလာနိုင်မယ်လို့ထင်မိပါတယ်။ အဲဒါကြောင့် ယောက်ျားကောင်းတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။


၁) ကိုယ်ကျင့်တရားနဲ့ အကျင့်စာရိတ္တ
မိန်းမကောင်းတစ်ယောက်မို့ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တကောင်းရမှာဖြစ်ပြီး
ယောကျ်ားကောင်းတစ်ယောက်ကတော့ ယောကျ်ားကောင်းမောင်းမတစ်ထောင်ဆိုတဲ့စကားကို အက်မင်ကတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့
ယောက်ျားကောင်းတစ်ယောက်ဖြစ်မှ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်လာမှာပါ။
အိမ်ထောင်ဦးစီးကောင်းတစ်ယောက်သည် မိသားစုအတွက် စံပြကောင်းတစ်ယောက်ဖြစ်နေမှသာ တစ်မိသားစုလုံးက အိမ်ထောင်ဦးစီးကောင်းထံက သင်ယူမှာပါ။ ယောကျ်ားကောင်းမောင်းမတစ်ထောင်ဆိုတဲ့စကားကြောင့် မိန်းမလုပ်သူသာ သစ္စာရှိရပြီး ယောကျာ်းလုပ်သူကတော့ လုပ်ချင်ရာလုပ်မယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။
ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ်သစ္စာရှိရခြင်း၊ မိသားစုအပေါ် ကောင်းမွန်တဲ့အကျင့်စရိုက်နဲ့ စံပြဖြစ်အောင်နေထိုင်ပြဖို့လည်း လိုပါတယ်။
အဲလိုပဲ လူပျိုလူလွတ်ယောကျ်ားတစ်ယောက်ဟာလည်း ကိုယ့်ကျင့်တရားနဲ့ပြည့်ဝမှာသာ သူတစ်ပါးသားသမီးကို ဖျက်လိုဖျက်ဆီးလုပ်လိုစိတ်မရှိမှာဖြစ်ပါတယ်။ အကျင့်စာရိတ္တနဲ့ ကိုယ့်ကျင့်တရားက ဆက်စပ်နေသလိုပဲ ကိုယ့်ကျင့်တရားကောင်းတဲ့နောက်တော့ ယောကျာ်းကောင်းတစ်ယောက်က အကျင့်စာရိတ္တကို လွယ်လွယ်ချိုးဖျက်ဖို့ ကြိုးစားတော့မှာမဟုတ်ပါဘူး။ ငါ့အတွက်….၊ ငါ့မိသားစုအတွက် ဆိုတဲ့အတ္တစိတ်မျိုးမထားရဲဘဲ အကျင့်စာရိတ္တကို ခိုင်မာအောင်ထိန်းထားနိုင်တာမှသာ
ယောကျာ်းကောင်းဖြစ်ပါတယ်။
၂) တာဝန်သိစိတ်၊ တာဝန်ယူချင်စိတ်
ယောကျ်ားတစ်ယောက်က အချိန်တန်ရင် မိသားစုမှာ ဦးစီးဦးဆောင်ရတဲ့သူတစ်ယောက်ဖြစ်လာမှာပါ။ အဲလိုမိသားစုအတွက် ဦးဆောင်ရမယ့်သူမှာ တာဝန်သိစိတ်ရှိဖို့ကလည်း အရေးကြီးပါတယ်။ ပတ်ဝန်းကျင်မှာကြားဖူးကြမှာပါ၊ အမျိုးသမီးလေးတွေ အရွယ်မတိုင်ခင် ကိုယ်ဝန်ဖျက်ချတာမျိုး၊ ကလေးကိုစွန့်ပစ်သွားတာမျိုးတွေပါ။ ဘာကြောင့်ပါလဲ……အကြောင်းရင်းက တာဝန်ယူချင်စိတ်မရှိလို့ပါ။ တာဝန်သိစိတ်ဆိုတာက ကိုယ်တာဝန်ယူနိုင်ရဲ့လား၊ ပြန်လည်ဆန်းစစ်တဲ့စိတ်ပါ။ ကိုယ်တာဝန်မယူနိုင်တဲ့အခါ ကိုယ့်ရဲ့အကျင့်စာရိတ္တကို ခိုင်မာစေလိုက်ခြင်းက ယောကျ်ားကောင်းပါ။ ကိုယ်အလိုအတ္တစိတ်တစ်ခုတည်းနဲ့ တာဝန်ယူနိုင်တယ်လို့ လွယ်လွယ်တွေးပြီး ဖြစ်လာတဲ့အကျိုးဆက်ကိုကျမှ တာဝန်မယူချင်တော့တဲ့အတွက်ကြောင့် ထိုကဲ့သို့သော ကလေးဖျက်ချရခြင်း၊ ကလေးစွန့်ပစ်ရခြင်း၊ အတ္တစိတ်တစ်ခုကြောင့် တာဝန်မဖြစ်မနေယူလိုက်ရပေမယ့် မိသားစုအပေါ်တာဝန်မကျေနိုင်ခြင်း၊ အိမ်ထောင်ရေးမသာယာခြင်း၊ အိမ်တွင်းအကြမ်းဖက်မှု စတဲ့အကျိုးဆက်တွေက အများကြီးဖြစ်လာနိုင်ပါတယ်။ အတ္တစိတ်နဲ့ တာဝန်ယူခြင်းဟာလည်း ဆက်စပ်နေပါတယ်။ အတ္တစိတ်တော့ကြီးမားလာတဲ့အတွက် ယောကျ်ားဆိုတဲ့စိတ်နဲ့ အားနွဲ့သူကို အနိုင်ယူလိုက်တာမျိုးကလည်း ယောကျ်ားကောင်းတွေရဲ့အလုပ်မဟုတ်ပါဘူး။ မတတ်သာလို့ တာဝန်ယူပေးလိုက်ရုံနဲ့လည်း ယောကျ်ားကောင်းဖြစ်မသွားပြန်ပါဘူး။ ယောကျ်ားကောင်းတစ်ယောက်က လိုလိုချင်ချင်ကို တာဝန်ယူပြီး မိသားစုအပေါ်၊ ကိုယ့်ဇနီးမယားအပေါ်၊ ကိုယ့်သားသမီးအပေါ် တာဝန်ကျေပွန်ချင်စိတ်ရှိရပါတယ်။ အမှန်တကယ် တာဝန်သိပြီး တာဝန်ယူချင်စိတ်ရှိတဲ့ ယောကျ်ားကောင်းတွေများလာတဲ့အခါ အနာဂတ်အတွက် သားကောင်းရတနာသားငယ်သမီးငယ်လေးတွေကို အမျိုးသမီးတွေနဲ့အတူပျိုးထောင်နိုင်လာမှာပါ။ အဲဒါဆို လောကကြီက ပိုပြီး တိုးတက်လာပြီး ပိုပြီး ပျော်ရွှင်စရာကောင်းသွားမယ်ထင်ပါတယ်။ အဲဒီ့အတွက် ယောကျ်ားတစ်ယောက်က တာဝန်သိစိတ်ရှိပြီး တာဝန်ယူတတ်မှသာ ယောကျ်ားကောင်းတစ်ယောက်ဖြစ်နိုင်တာပါ။
၃) အရည်အချင်းရှိခြင်း
မိန်းကလေးတွေကျတော့ ဗိုင်းကောင်းကျောက်ဖိ၊ ဘာအရည်အချင်းတွေတန်းစီပြီးတတ်သလဲလို့ ကြည့်တတ်ကြသလို၊ နောင်တစ်ချိန်မှာ အိမ်ထောင်တစ်ခုခုရဲ့ ဦးဆောင်ဖြစ်မယ့်ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ထက်တောင် အရည်အချင်းနဲ့ပြည့်ဝဖို့လိုပါသေးတယ်နော်။ တစ်မိသားစုလုံးကိုလမ်းပြရမယ်၊ ဦးဆောင်ညွှန်ကြားသင်ပြပေးရမှာမို့ ကိုယ်ရည်ကိုယ်သွေးအရည်အချင်းအနေနဲ့ကော စိတ်ပိုင်းဆိုင်ရာအရည်အချင်းနဲ့ကော ပြည့်ဝဖို့လိုပါတယ်။ အတတ်ပညာတွေကို ခေတ်နဲ့အမှီ ဘာသင်တန်းတွေ၊ ဘာအတတ်ပညာတွေ ထပ်ပြီးသင်ယူရမလဲ။ တိုးတက်ဖို့၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ဖို့ အမြဲတွေးတောကြံဆနေတတ်ရပါတယ်။ ကိုယ်တိုင်က အသုံးမကျသူဖြစ်နေတဲ့အခါ ကိုယ်တိုင်မိသားစုကိုဦးဆောင်ရမယ့်အချိန်မှာ ဘယ်လိုဦးဆောင်နိုင်ပါ့မလဲ။ အိမ်ထောင်ဦးစီးဖြစ်မယ့်သူက အခရာပါပဲနော်။ အိမ်ရှင်မက အိမ်ကိုရှင်အောင်မရမယ့်သူဆိုရင်တော့ အိမ်ထောင်ဦးစီးက အိမ်ကိုမပြိုလဲအောင် ထူမတ်ပြီး တောင့်ခံပေးရမယ့်သူပါပဲ။ ကိုယ်တိုင်က မိသားစုထဲမှာ ရှေ့ဆုံးကပြေးနေတဲ့သူဖြစ်မှ တစ်မိသားစုလုံးက ကိုယ့်ကိုစံပြထားပြီး အမှီလိုက်ဖို့ကြိုးစားမှာပါ။ အဲလိုမျိုး မိသားစုမှာ စံပြဖြစ်နိုင်ဖို့က လူပျိုလူလွတ်ဘဝထဲက အရည်အချင်းကောင်းတွေကို အမြဲလေ့လာသင်ယူနေဖို့လိုပါတယ်။
၄) ပြုပြင်လွယ်ခြင်း
ယောကျ်ားကောင်းတစ်ယောက်က ပြုပြင်လွယ်တတ်ဖို့လည်း လိုပါသေးတယ်။ တစ်ချို့ယောကျာ်ားတွေမြင်ဖူးပါတယ်။ “ငါသည်အိမ်ထောင်ဦးစီး ငါပြောတာမှ အမှန်၊ ငါလုပ်တာမှ အမှန်၊ ငါခိုင်းတဲ့အတိုင်းလုပ်” ဆိုပြီး အမှားကိုမှားနေမှန်းမသိဘဲ၊ သိတဲ့သူကပြောပြလဲ လက်မခံတာမျိုးတွေ့ဖူးပါတယ်။ အဲလိုခေါင်းမာနေတာမျိုးက ယောကျ်ားကောင်းတစ်ယောက်ရဲ့အမူအကျင့်မဟုတ်ပါဘူး။ အိမ်ထောင်ဦးစီးဖြစ်လာတဲ့အခါ “ငါရှာကျွေးတာနင်စားတယ်…..၊ ငါ့ဟာငါ အရက်သောက်ပြီး ရစ်သမျှ၊ ရိုက်သမျှခံ၊ ဘာမှလာမပြောနဲ့” ဆိုတာမျိုးမဖြစ်သင့်ပါဘူး။ အဲလိုအတွေးအခေါ်များတဲ့ အိမ်ထောင်ဦးစီးတွေများလာတဲ့အခါ ယောကျာ်းလုပ်စာကိုမျှော်ကိုးပြီးစားရတဲ့မိန်းမသားတွေဘ၀ ဘယ်လောက်များမိုးမှောင်ကျလိုက်ပါ့မလဲ။ ထိုကဲ့သို့အတွေးအခေါ်နိမ့်ကျတဲ့ယောကျာ်းတွေများလာလေ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ပိုများလာနိုင်ပါတယ်။ အဲဒါကြောင့် ယောကျာ်းကောင်းတစ်ယောက်က မှားနေတဲ့အခါ အမှားကို ကိုယ်တိုင်သိမြင်ပြီး ပြုပြင်လွယ်ဖို့ ၊ ပြုပြင်ချင်စိတ်ရှိဖို့လည်း လိုပါတယ်။ လူပျိူလူလွတ်ဘဝကတည်းက ပြုပြင်လွယ်သူဖြစ်ခဲ့ရင် အိမ်ထောင်ဦးစီးဘဝရောက်တဲ့အခါ သာယာတဲ့အိမ်ထောင်ရေးကို ဖန်တီးနိုင်မှာပါ။
၅) အတ္တစိတ်ကို ချိုးနှိမ်ပြီး သူတစ်ပါးကို ငဲ့ညှာတတ်ခြင်း
ယောကျာ်းကောင်းတစ်ယောက်က ကိုယ်အတ္တတွေပြည့်ပြီး သူတစ်ပါးဒုက္ခရောက်ရမယ့်ကိစ္စမျိုးကို ဘယ်တော့မှစိတ်အလိုလိုက်ပြီး မလုပ်တတ်ပါဘူး။ ကလေးအမေနဲ့ကလေးတစ်ယောက်ဘတ်စ်ကားပေါ်တက်လာတဲ့အခါ ဦးစားပေးရမှန်းမသိတော့တာမျိုး၊ ကားပေါ်တက်ဖို့အရေး အမျိုးသမီးကို ဦးစားပေးပြီးတက်ခိုင်းသင့်တာလောက်တောင် မသိတော့တာမျိုး စတဲ့အသေးအဖွဲ ကိစ္စလေးတွေကနေစပြီး
“ငါတို့ကယောကျာ်းသားပဲ….ဗိုက်မကြီးတတ်ဘူး” ဆိုတဲ့ အတ္တကြီးတဲ့ အတွေးအခေါ်မျိုးနဲ့ ယောကျ်ားတွေများလာတဲ့အခါ လောကကြီးကဘာဆက်ဖြစ်သွားမလဲဆိုတာ မတွေးရဲစရာပါ။ အဲဒါကြောင့် ကိုယ့်ရဲ့အတ္တစိတ်ကို ချိုးနှိမ်ပြီး သူတစ်ပါးကို ငဲ့ညှာတတ်တာလည်း ယောကျာ်းကောင်းတွေရဲ့အကျင့်ပါ။
သူ့ဘက်ကိုယ့်ဘက်မျှမျှတတစဉ်းစားတွေးခေါ်တတ်ပြီး အားနွဲ့သူကိုဦးစားပေးတတ်တဲ့သူတွေများလာတဲ့အခါ
လောကကြီးကပိုပြီးနေချင်စရာကောင်းလာမှာဖြစ်ပါတယ်။
အားလုံးပဲ စဉ်းစားဆင်ခြင်ပြီး ကောင်းသောအမူအကျင့်တွေ၊ အကျင့်စရိုက်တွေကို ပြုပြင်ကျင့်သုံးနိုင်သူတွေဖြစ်ကြပါစေနော်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။